ကိုယ့်အားကိုယ်ကိုးပါ

တခါတုန်းကပေါ့။ အိမ်တွေထဲ ထွင်းဖောက် ဝင်ရောက်ခိုးယူပြီး မိသားစုဝမ်းစာကို ရှာဖွေ ကျွေးမွေးနေတဲ့ သူခိုးကြီးမှာ သားတယောက် ရှိပါတယ်။ သားဖြစ်သူက သူ့အဖေ ကိုကြည့်ပြီး

"အင်း အဖေ ဒီထက် အသက်ကြီးလာရင် မိသားစု စားဝတ်နေရေးအတွက် အလုပ် လုပ်နိုင်မှာ မဟုတ်တော့ဘူး။

ဒီလိုဆိုရင် မိသားစု တာဝန်ကို ငါကပဲ ဆက်တာဝန် ယူရမှာ။ ဒီတော့ ငါ့အဖေ ပညာကို သင်ယူမှ ဖြစ်တော့မယ်" လို့ စိတ်ကူးရတာနဲ့ သူ့အဖေကို ပညာ လက်ဆင့်ကမ်းဖို့ တောင်းဆိုတော့ သူ့အဖေ ကလည်း သဘောတူ လိုက်တယ်။ သင်မယ်ပေါ့။

တညတော့ အဖေဖြစ်သူက သူ့သားကို အိမ်ကြီး တအိမ်ဆီ ခေါ်သွားပြီး ခြံစည်းရိုး ဖောက်ဝင်လိုက် ပါတယ်။ နောက်တော့ အိမ်ကြီးရဲ့ အထဲအထိ ရောက်သွားကြရော ဆိုပါတော့။

အိမ်ထဲရောက်လို့ အကြီးဆုံး သေတ္တာတွေ့တော့ အဖေဖြစ်သူက အဖုံးကို ဖွင့်ပြီး သားဖြစ်သူကို သေတ္တာကြီးထဲ ဆင်းပြိး အဝတ်အစားတွေ ယူထုတ်ပေးဖို့ ခိုင်းပါတယ်။

သားတော်မောင် သေတ္တာထဲလည်း ရောက်ရော သေတ္တာအဖုံး အလုံပိတ် သော့ခတ်ပြီး အဖေကြီးက လစ်တော့တာပါပဲ။ အိမ်အပြင် ရောက်တော့ အိမ်ရှင်တွေ နိုးလောက်အောင် တံခါးရွက်ကို ခတ်နာနာ ထုပြီး လာရာလမ်းအတိုင်း ခြေသံလုံလုံနဲ့ အိမ်ပြန်ပြီး အားရပါးရ အိပ်နေပါသတဲ့။

အိမ်ရှင်တွေလည်း အသံကြားလို့ ကပျာကယာ အိပ်ယာကထ ဖယောင်းတိုင် ထွန်းပြီး လိုက်ရှာကြတော့ သူခိုး လွတ်သွားပြီ ဆိုတာကို သိလိုက်ရတယ်။ လိုက်စစ်ကြည့်တော့ ဘာမှ ပါမသွားတာနဲ့ စိတ်ချလက်ချ ပြန်အိပ်လိုက် ကြတယ်။

အဲဒီအချိန်မှာသေတ္တာကြီးထဲ ပိတ်လှောင်ခံနေရတဲ့ သားဖြစ်သူ ကတော့ ရက်စက်လှတဲ့ အဖေအပေါ် မကျေမနပ် စိတ်တွေ ဖြစ်နေရာက အကျပ်အတည်းက လွတ်မြောက်ဖို့ စဉ်းစားရင်း လွတ်မြောက်ရေး နည်းကောင်းတခုကို ဖျက်ခနဲ သတိရလိုက် ပါတယ်။

စိတ်ကူးအတိုင်းသူ့လက်သည်းတွေနဲ့ သေတ္တာကို ကြွက်ကိုက် သံမျိုးဖြစ်အောင် ကုတ်ခြစ်နေ လိုက်တယ်။ အိမ်ရှင်ဇနီးသည်က ကြွက်ကိုက်သံ ကြားတယ်ဆိုတော့ အိမ်ရှင်ယောကျ်ားက ဖယောင်းတိုင်မီးနဲ့ သေတ္တာကြီးကို လှည့်ပတ် ရှာပါတော့တယ်။

အပြင်မှာ မတွေ့လို့ အထဲ ကြွက်ရောက်နေတာ ဖြစ်မယ် ဆိုပြီး သော့ဖွင့်လိုက် ချိန်မှာ သကောင့်သား သူခိုးလည်း ရုတ်တရက် ထပြီး ဖယောင်းတိုင်မီးမှုတ် အိမ်ရှင်ကို တွန်းလှဲပြီး လာလမ်းအတိုင်း ထွက်ပြေးပါလေရော။

အိမ်ရှင်တွေလည်း အံ့အားသင့် မှင်သက်သလို ဖြစ်နေရာက သတိပြန်ဝင်လာပြီး သူခိုးနောက်ကို လိုက်တော့တာ ပါပဲ။ ငနဲသားလည်း နောက်ကလိုက်လာပြီ ဆိုတာသိလို့ အလာတုန်းက တွေ့ခဲ့တဲ့ ရေတွင်းပျက်ကြီးနား ရောက်တော့ ကျောက်ခဲကြီးကြီး တလုံးကို ရေတွင်းထဲ ပစ်ချပြီး သုတ်ချေတင်တော့တယ်။

ရေတွင်းထဲက ဝုန်းခနဲ အသံ ကြားလိုက်တာနဲ့ နောက်ကလိုက်လာသူတွေဟာ သူခိုးတော့ ရေတွင်းထဲ လိမ့်ကျသွားပြီ ဆိုတဲ့ အထင်နဲ့ သူခိုး ထွက်မပြေးနိုင်အောင် ရေတွင်းနားမှာပဲ စောင့်နေကြတယ်။ သူခိုးကတော့ ခလုပ်မထိ ဆူးမငြိပဲ အိမ်ပြန်ရောက် သွားပါတယ်။

အိမ်ရောက်လို့ မပူမပင် အေးအေးဆေးဆေး အိပ်နေတဲ့ ဖအေကို မြင်တော့ အဖေမို့သာ အောင့်နေရတယ်၊ စိတ်ကတော့ သားအပေါ် ရက်စက်တဲ့ အဖေဆိုပြီး ဒေါသ ထွက်နေမိတာ အမှန်ပဲ။

သူ့အဖေကို နှိုးပြီး သားအဖချင်း ရက်စက်ရကောင်းလား ဆိုပြီး အပြစ်တင် ပြောဆိုမိတယ်။ အဖေဖြစ်သူ ကတော့ အပြုံးမပျက် နားထောင်ပြီး

"ကဲ ပြောစမ် မင်းအိမ်ကို ဘယ်လို ပြန်ရောက်လာသလဲ" ပေါ့။ ဒီတော့ သားဖြစ်သူက သူ့ရဲ့ လွတ်မြောက်မှု ဖြစ်စဉ်တွေကို ပြောပြလိုက်တယ်။

"အေး ငါ့သား မင်းသင်ချင်တဲ့ ပညာ မင်းတတ်ပြီးပြီ လုပ်စားလို့ ရပြီ" လို့ အသိအမှတ်ပြု ဆာတီဖီကိတ် သူခိုးလက်မှတ် ပေးလိုက်ပါသတဲ့။

ပုံပြင်ကို ဖတ်ပြီး သူခိုးပညာ သင်တာများ အဆန်းလုပ်လို့ ဆိုတဲ့ သဘောမျိုးတော့ မထင်လိုက်ပါနဲ့။ ပုံပြင်က ပေးချင်တဲ့ အကြောင်းပြချက်က အကျပ်အတည်း တွေ့လာတဲ့အခါ ဖြေရှင်းဖို့ နည်းလမ်းကောင်းမျိုး လက်ခနဲ ပေါ်လာပုံကို ပြောလိုတာ ဖြစ်ပါတယ်။

ကိစ္စတခုတည်း အပေါ် စိတ်စုစည်းမှု အားကောင်းလာတဲ့အခါ အသိဉာဏ် အားကောင်းလာသလို ကာယအားလည်း တိုးတက်လာတတ်ပါတယ်။ "တကယ့်အရေး တကယ့်ဘေး ဘယ်သွေးသား မကယ်ပြီ" ဆိုတဲ့အတိုင်း ကိုယ့်ဘဝရဲ့ ကယ်တင်ရှင်ဟာ ကိုယ်သာ ဖြစ်တယ် ဆိုတာကို သဘောပေါက်ကြ စေဖို့ပါပဲ။ Crd

Post a Comment

0 Comments