သစ္စာဖောက်သောသူ

တခါတုန်းက လင်းယုန်မနဲ့ မြေခွေးမ တို့ဟာ မိတ်ဆွေ ဖြစ်ကြပြီးနောက် နီးကပ်စွာ နေထိုင်ကြမယ် ဆိုတဲ့ စိတ်ကူးနဲ့ သစ်ပင် တပင်မှာ နေကြပါတယ်။

သစ်ပင်ပေါ်မှာ လင်းယုန်မက အသိုက် လုပ်တယ်။ မြေခွေးမက အပင်အောက်က ချုံထဲမှာ သူ့ကလေးတွေနဲ့ နေဖို့ နေရာ လုပ်ထားတယ်။

တနေ့တော့ မြေခွေးမ အစာရှာ ထွက်နေတုန်း ဗိုက်ဆာနေတဲ့ လင်းယုန်မဟာ ချုံထဲ ထိုးဆင်းခဲ့ပြိး မြေခွေးပေါက် လေးတွေကို ချီသွား ပါရောတဲ့။ လင်းယုန်မနှင့် သူ့ကလေးတွေဟာ မြေခွေးပေါက်လေးတွေကို စားသောက်လိုက် ပါတော့တယ်။

မြေခွေးမ ပြန်ရောက်လာတဲ့ အခါ သူ့ကလေးတွေရဲ့ အဖြစ်မှန်ကို သိလိုက်ရပြီး ကလေးတွေ ဆုံးရှုံးတာက တမျိုး လင်းယုန်မကို ကလဲ့စား မချေနိုင်တာက တမျိုးနဲ့ အတော် ခံစား နေရတယ်။

ကုန်းမှာပဲ သွားလာနိုင်သူက လင်းယုန်ကို ဘယ်နည်းနဲ့ ဖမ်းနိုင်ပါ့ မလဲ။ သူတတ်နိုင်တာက ခပ်လှမ်းလှမ်း ကနေ ဆဲဆို ရေရွတ်ရုံပါပဲ။ ဒါပေမယ့် မကြာလိုက် ပါဘူး။ မိတ်ဆွေ ကျင့်ဝတ် ချိုးဖောက်တဲ့ သူကို အပြစ်ဒဏ် ပေးနိုင်ခဲ့ပါတယ်။

တရက်မှာတော့ လူတချို့ဟာ ဆိတ်တကောင်ကို ယဇ်ပူဇော် ထားကြတယ်။ ဒါကို လင်းယုန်မက တဟုန်ထိုး ဆင်းလာပြီး နတ်စင် ပေါ်က မီးမြှိုက် လောင်နေတဲ့ ဝမ်းတွင်း ကလီစာတွေကို သူ့အသိုက်ဆီ ချီသွားတယ်။

အဲဒီ အချိန်မှာ လေပြင်း ကျလာတဲ့ အတွက် လေယပ်သလို ဖြစ်ပြီး အသိုက် ပြုလုပ်ထားတဲ့ သစ်ခြောက်ကလေးတွေကို မီးစွဲလောင် ပါလေရောတဲ့။

အတောင်မစုံ၊ မပျံနိုင်သေးတဲ့ ငှက်ပေါက်ကလေး တွေဟာ မီးလောင် ခံလိုက်ရ ပြီးတော့ အောက်ကို ကျသွားတယ်။

အဲဒီအချိန်မှာ မြေခွေးမဟာ ငှက်ပေါက် ကလေးတွေဆီ ပြေးလာပြီး လင်းယုန်မရဲ့ မျက်စိအောက် မှာပဲ အားလုံးကို စားပစ်လိုက် ပါတော့တယ်။

ဒီပုံပြင်ကလေး ကတော့ မိတ်ဆွေကျင့်ဝတ်ကို ချိုးဖောက်ရင် ကိုယ်က အားနည်းချက် ရှိလို့ ဒဏ်မခတ်နိုင် ပေမယ့် ကံတရားရဲ့ အပြစ်ပေးမှု ကိုတော့ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူးလို့ ပြောပြနေ ပါတယ်။ phoo

Post a Comment

0 Comments