ရေဆာနေသော ကျီးကန်း

တခါတုန်းက အရမ်း ပူပြင်းတဲ့ နေ့တနေ့မှာ ကျီးတကောင်ဟာ ရေငတ်လွန်းတာကြောင့် ကောင်းကင်မှာ ပျံသန်းရင်း ရေအရှာထွက် ပါသတဲ့။ လွင်ပြင် တလျှောက် မနားတမ်း ရှာပေမယ့်လည်း ရေတစက်တောင် မတွေ့ရလေဘူး။

ကြာလာတော့ ကျီးလည်း ရေငတ်လွန်းတာက တကြောင်း၊ ပင်ပန်းလွန်းတာက တကြောင်းနဲ့ အားနည်း လာပါတယ်။ မျှော်လင့်ချက်တွေ ကုန်လုကုန်ကာနီး အချိန်ကျမှ ကျီးဟာ သစ်ပင်အောက်မှာ ရေခရားလေး တခုကို လှမ်းတွေ့လိုက် ပါသတဲ့။

ရေအရမ်းဆာနေပြီ ဖြစ်တဲ့ ကျီးဟာ အလွန်အမင်း ဝမ်းသာသွား တာပေါ့။ အဲဒါနဲ့ ရေခရားရှိတဲ့ သစ်ပင်အောက်ကို အလျင်အမြန်ပဲ သွားပါသတဲ့။ အဲဒီ အချိန်မှာပဲ ရေဆာနေတဲ့ ကျီးအတွက် ကံကောင်းတာကော၊ ကံဆိုးတာကော တပြိုင်တည်း ကြုံရ ပါတယ်။

ကံကောင်းတာ ကတော့ ရေခရားထဲမှာ ရေလက်ကျန်တွေ ရှိနေသလောက် ကံဆိုးတာ ကတော့ ရေခရားဟာ လည်ပင်းအဝ ကျဉ်းတဲ့ အတွက် ကျီးဘယ်လိုပဲ ကြိုးစားကြိုးစား ခရားထဲမှာ ရှိတဲ့ရေကို သောက်လို့မရဘူး ဖြစ်နေသတဲ့။

လည်ပင်းအဝ ကျဉ်းတဲ့ ခရားထဲကို ကျီးဟာ ခေါင်းထိုးပြီး ရေသောက်ရဖို့ အတွက် အားထုတ် ပေမယ့်လည်း ကြိုးစားမှု မှန်သမျှ အရာမရောက်ဘူး ဖြစ်နေတယ်။

အဲဒီလိုနဲ့ စိတ်ဓါတ်ကျပြီး ငေးငိုင်နေတဲ့ ကျီးဟာ မျက်စိရှေ့မှာ မြင်လိုက်ရတဲ့ ကျောက်စရစ်ခဲကို တွေ့ပြီး အကြံအစည် တခု ရသွားပါတယ်။ ကျောက်စရစ်ခဲလေးကို ပါးစပ်နဲ့ ကိုက်ပြီး ရေခရားထဲကို ပစ်ချလိုက်တော့ ခရားထဲမှာ ရှိနေတဲ့ ရေတွေဟာ အနည်းငယ် မြင့်တက် လာပါတယ်။

ကျောက်စရစ် တခဲက နှစ်ခဲ၊ နှစ်ခဲက သုံးခဲနဲ့ ကျောက်စရစ် အခဲပေါင်း များစွာ ရေခရားထဲ ချလိုက် ပြီးချိန်မှာတော့ ရေတွေက အပြင်ထိ ထွက်လာပါတယ်။ နောက်ဆုံးမှာတော့ သူအလွန်အမင်း ဆာလောင် မွတ်သိပ်နေတဲ့ ကျီးဟာ ရေကို သောက်ခွင့် ရလိုက်ပါတယ်။

ဒီပုံပြင်လေးဟာ အလွန် ရိုးရှင်းပါတယ်။ ရိုးရှင်း သလောက်လည်း တွေးတတ်မယ် ဆိုရင် ကျွန်တော်တို့ လက်တွေ့ဘဝ အတွက် အသုံးဝင်ကောင်း ဝင်နိုင်ပါတယ်။

ရေငတ်နေတဲ့ ကျီးဟာ လွင်ပြင်ထီးကောင် တလျှောက် ရေရှာထွက်သလို ကျွန်တော်တို့တွေလဲ ဘဝတလျှောက်မှာ အခွင့်လမ်းတွေ၊ အခွင့်ရေးကောင်း တွေကို ရှာဖွေနေကြရ ပါတယ်။

ကျီးဟာ ရေကို အလွယ်တကူ ရှာတွေ့ခဲ့တာ မဟုတ်သလို ကျွန်တော်တို့ တတွေလည်း အခွင့်အလမ်းတွေကို အလွယ်တကူ ရှာတွေ့မှာ မဟုတ်ပါဘူး။ တခု သတိထားမိရမှာက အခွင့်အလမ်း ဆိုတာ သူ့အလိုလို ထိုင်စောင့်နေရတာ ထက်စာရင် ကိုယ်တိုင်အပင်ပန်းခံပြီး လိုက်လံ ရှာဖွေမှ တွေ့တတ်တယ် ဆိုတဲ့ အချက်ပါပဲ။

ကျီးဟာ အလွန်အမင်း ပင်ပန်းခံပြီး ရေခရားကို တွေ့တဲ့အခါ ခရားထဲမှာ ရေရှိနေလျက်နှင့် အလွယ်တကူ သောက်သုံးခွင့် မရပါဘူး။ ကျွန်တော်တို့ ဘဝမှာလည်း ပင်ပင်ပန်းပန်းနှင့် အခက်အခဲတွေ ကြားက အခွင့်အလမ်းတွေ ရှာဖွေ ဆုပ်ကိုင်မိပြီ ဆိုရင်လည်း ငှက်ပျောသီး အခွံနွှာစားသလို လွယ်ကူနေမှာတော့ မဟုတ်ပါဘူး။

ခရားထဲမှာ ရေရှိနေသလို၊ အခွင့်အလမ်းတွေ ကြားမှာလည်း အောင်မြင်မှုတွေ ရှိနေပါတယ်။ ရေကို အလွယ် မသောက်နိုင် သလို အောင်မြင်မှု ကိုလည်း အလွယ်မရနိုင် ပါဘူး။

ကျွန်တော်တို့ အောင်မြင်မှုကို လိုချင်ရင် ပင်ပန်း ခံနိုင်ရပါမယ်၊ အားထုတ်နိုင်ရပါ့မယ်၊ ဒါ့အပြင် စိတ်ဓါတ် ကျပြီး လက်လျော့သွားမယ် ဆိုရင်လည်း အောင်မြင်မှုကနေ သွေဖယ် သွားနိုင်ပါတယ်။

ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတိုင်း၊ ကိုယ်မျှော်လင့်နေတဲ့ အောင်မြင်မှု ဆိုတာကို မျှော်မှန်းမိတဲ့ အခါတိုင်း ဒီရေငတ်နေသောကျီး ပုံပြင်လေးကို ပြန်လည် အမှတ်ရပြီး မဆုတ်မနစ်ဘဲ ကြိုးစားကြစေ လိုကြောင်း ဆန္ဒပြုရင်း။ phoomyatchal

Post a Comment

0 Comments