ကျေးဇူးသိသော သူခိုး

တခါက မြို့ငယ်လေး တခုမှာ ခိုးတတ်တဲ့ ကောင်လေး တယောက် ရှိသတဲ့။ သူ့ကို မကြာခဏ ဖမ်းမိပေမယ့် ဘယ်တော့မှ ကြာကြာ မချုပ်ခံရဘဲ အများဆုံး တရက်သာ အဖမ်းခံရလေ့ ရှိသတဲ့။

တခု ကောင်းတာကတော့ သူဟာ ဘယ်တော့မှ သူများ စီးပွားပျက်အောင် ရွှေတွေ ငွေတွေကို မခိုးဘဲ သူလိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ကိုသာ ခိုးလေ့ ရှိပါသတဲ့။

ဥပမာ သူမှာ ဖိနပ် မရှိတော့ဘူး ဆိုရင် ဖိနပ်ကိုပဲ ခိုးပြီး စားစရာ မရှိတဲ့ အခါမှာ ဆိုလည်း စားစရာကိုပဲ ခိုးယူလေ့ ရှိသတဲ့။ သူ့ရဲ့ ထူးခြားချက် တခုကတော့ ခိုးခိုး မခိုးခိုး မြို့အနှံ့ လျှောက်သွားနေ တတ်ပြီး တွေ့တဲ့နေရာမှာ အိပ်ကာ တွေ့တဲ့ စာကောက်ဖတ်နေတတ် ပါသတဲ့။

ဒါ့အပြင် မြို့ခံလူ အချို့ရဲ့ လူသိ မခံချင်တဲ့ အချို့ကိစ္စတွေ ကိုလည်း သိနေလေ့ ရှိပါသတဲ့။ ဒါ့ကြောင့် သူခိုးနေတာကို ထိပ်တိုက်တွေ့လိုက်တဲ့ အဲ့ဒီ မြို့ငယ်လေးက လူကြီး လူငယ်အချို့ဟာ စကားတခွန်းကို မေးလိုက်တာနဲ့ သူ့ကို လန့်သွားကြပြီး အချို့တွေကတော့ သူလာတတ်တဲ့ အချိန်ကို မှန်းကာ မုန့်တွေ၊ အဝတ်အစား တပတ်နွမ်းတွေ ကိုတောင် ထားပေးတတ် ကြပါသတဲ့။

တနေ့မှာတော့ သူ့လိုမျိုးပဲ လေလွင့်လူငယ် တယောက် သူ့ဆီ ရောက်လာပြီး သူလည်း ခိုးချင်ကြောင်း၊ ဒါပေမယ့် ရဲတွေ၊ ပစ္စည်းပိုင်ရှင် တွေနဲ့ ခဏခဏ မိပြီး နောက်တော့ မခိုးရဲတော့ကြောင်း စသည်ဖြင့် ပြောကာ ရဲတွေ၊ ပိုင်ရှင်တွေ မဖမ်းမိအောင်၊ ဖမ်းမိရင်လည်း အမြန်လွတ်အောင် လုပ်တဲ့ ပညာသင်ချင်ကြောင်း စသည်ဖြင့် ပြောပြပါသတဲ့။

အဲ့ဒီတော့ သူခိုးလူငယ်က သူ့မှာ ဘာပညာမှ မတတ်ကြောင်း၊ ဒါပေမယ့် သူ့ကို အမြန် ပြန်လွတ်အောင် ကယ်တဲ့ အရာက "စကားတခွန်း" သာ ဖြစ်ကြောင်း ပြောတော့ လေလွင့်လူငယ်လေး အံ့လည်း အံ့သြသွားပြီး ပြောလိုက်ရုံနဲ့ လွှတ်ပေးတယ် ဆိုတဲ့ အဲ့ဒီစကားကို ပြန်သင်ပေးဖို့ တောင်းဆိုသတဲ့။

သူခိုးလူငယ်က ရပါတယ် ဆိုပြီး အဲ့ဒီစကားကို သင်ပေးလိုက်သတဲ့။ နောက်ပြီး စည်းကမ်း ရှိဖို့နဲ့ နေရာတိုင်း လူတိုင်းကို မပြောဖို့အပြင် ကျေးဇူးသိတတ်ဖို့ ကိုပါ ထည့်သွင်းသတိပေး ပြောကြားလိုက် ပါသတဲ့။

ဒီလိုနဲ့ အဲ့ဒီမြို့ငယ်လေး မှာပဲ လေလွင့်လူငယ်ဟာ ခိုးစားဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် ကံဆိုးစွာပဲ သူဟာ မအောင်မြင်ဘူး တဲ့။ မကြာခဏ ဆိုသလို အဖမ်းခံရပြီး အဖမ်းခံရ ရင်လည်း တလ ကိုးသီတင်း ကြာပါသတဲ့။

ဒါနဲ့ သူအချုပ်က လွတ်လာတဲ့ တရက်မှာ သူခိုးလူငယ်ဆီ ပြန်ရောက်လာပြီး လူလိမ်ဖြစ်ကြောင်း၊ အဲ့ဒီစကားတခွန်း ပြောရုံနဲ့ အဆင်မပြေကြောင်း စသည်ဖြင့် ပြစ်တင် ပြောဆို ပါသတဲ့။

အဲဒါနဲ့ သူခိုးလူငယ်က လေလွင့်လူငယ်ကို "အားတဲ့အချိန် ဘာလုပ်သလဲ" လို့ မေးပါသတဲ့။ "ဘာမှမလုပ်ဘဲ အိပ်နေတယ်" လို့ ဖြေသတဲ့။

အဖြေကို ကြားတော့ သူခိုးလူငယ်က အံ့သြသွားပြီး "ဘယ်အချိန်မှာ ဘယ်နေရာတွေက ဘယ်လိုအိမ် တွေကို ခိုးပါသလဲ" လို့ ထပ်မေးတော့ လေလွင့်လူငယ်က "ခိုးချင်တဲ့ အချိန်မှာ ခိုးချင်တဲ့ နေရာက ခိုးချင်တဲ့ အိမ်ကို သွားခိုးပါတယ်" လို့ ဖြေသတဲ့။

သူခိုးလူငယ်က မျက်လုံး ပြူးသွားပြန်ပြီး နောက်ဆုံးတခု မေးမယ် ဆိုပြီး "ခိုးတဲ့ အိမ်တွေ နေရာတွေ အတွက် ဘာလုပ်ပေးခဲ့သေးလဲ" လို့ မေးတော့ လေလွင့်လူငယ်က "အလုပ် မလုပ်ချင်လို့ ခိုးပါတယ် ဆိုမှ ဘာလုပ်ပေးရဦး မှာလဲ" လို့ ပြန်မေးသတဲ့။

သူခိုးလူငယ်က ပြုံးလိုက်ပြီး "မင်း မအောင်မြင်တာ ဘာဆန်းလို့လဲ၊ ငါ့စကားမှ နားမထောင်ဘဲ" လို့ စကားစကာ လေလွင့်လူငယ်ရဲ့ အားနည်းချက် တွေကို ပြောပြပါသတဲ့။

"နံပတ်တစ် အချက် မင်းမှာ စည်းကမ်း မရှိဘူး။ မင်းဟာ အချိန်မရွေး နေရာမရွေး ခိုးချင်တဲ့အချိန် ခိုးတယ်၊ ခိုးချင်တဲ့ နေရာက ခိုးချင်တဲ့ အိမ်မှာခိုးတယ်။ ဒါဟာ သူတို့ကို ကြောက်လန့်စေတယ်။ မင်းဟာ အန္တရာယ်ရှိတယ် လို့ သူတို့က သတ်မှတ်ကြမှာပဲလေ။

နံပတ်နှစ် အချက် မင်းမှာ ကြိုးစားအားထုတ်မှု မရှိဘူး။ စူးစမ်းလိုစိတ် မရှိဘူး။ အားရင် အိပ်နေတယ်။ မင်းဟာ ဘာမှ မစူးစမ်းတော့ ဘာမှ မသိတော့ဘူးပေါ့။ ဒီတော့ ငါ မင်းကို သင်ပေးထားတဲ့ "ခင်ဗျားအကြောင်းတွေ ဖော်လိုက်ရမလား" ဆိုတဲ့ စကားကို သူတို့ မကြောက်ကြ တော့ဘူး။ မင်းဘာမှမသိဘူး ဆိုတာကို သူတို့က သိနေကြတာကိုး။ ဒီတော့ အဲ့ဒီစကားဟာ မင်းအတွက် မထိရောက် မအောင်မြင်တော့ဘူး။

နောက်တချက် မင်းက ကိုယ့်အလုပ်ကို တန်ဖိုးမထားဘူး။ "အလုပ် မရှိလို့ ခိုးစားတယ်" လို့ ပြောတယ်။ တကယ်တော့ အဲ့ဒါ အချောင် စိတ်ဓာတ်ပဲ။ အမှန်က အဲ့ဒီခိုးတာကိုက အလုပ်ပဲလေ။ မင်းဟာ ကိုယ့်အလုပ်ကို တန်ဖိုးထား လေးစားတတ်မှသာ အောင်မြင်မှာ။

နောက်ဆုံး အရေးကြီးဆုံး တချက်ကတော့ မင်းဟာ ကျေးဇူးမသိတတ်ဘူး။ မင်းကို အစားအသောက်တွေ အဝတ်အစားတွေ အလွယ်တကူ ရအောင် လုပ်ပေးနေတဲ့ ပိုင်ရှင်တွေကို နည်းနည်းလေး မှတောင် ကျေးဇူးမပြုဘူး" လို့ ရှည်ရှည်ဝေးဝေး ပြန်ရှင်းပြ ပါသတဲ့။

လေလွင့်လူငယ်က အံ့သြနေပြီး "ဘယ်လို ကျေးဇူးပြုသလဲ" လို့ ပြန်မေးသတဲ့။ အဲ့ဒီမှာ သူခိုးလူငယ်က ဒီလို ပြောပြပါသတဲ့။ "ငါက ခိုးပြီးပြန်လာလို့ အိမ်ရှေ့မှာ အမှိုက်ထုပ် တွေ့ရင် အဲ့ဒီအမှိုက်ထုပ် ကိုပါ ယူလာပြီး စွန့်ပစ်ပေးတယ်။ တွေ့တဲ့ အိမ်ရှေ့မှာ အိပ်တယ် ဆိုပေမယ့် ငါအိပ်တဲ့ အိမ်ရှေ့ကို ငါမအိပ်ခင် သန့်ရှင်းအောင် လှဲကျင်းပေးတယ်။ အနည်းဆုံးတော့ ဘာမှ မလုပ်ပေးခဲ့ရင်တောင်၊ ငါ့ကျေးဇူးရှင်တွေ ဆိုပြီး ထိုင်ဦးချခဲ့တယ်" တဲ့။

သူခိုးလူငယ်ရဲ့ စကားတွေကို လေလွင့်လူငယ်ဟာ ပါးစပ်အဟောင်းသားနဲ့ နားထောင်နေခဲ့ပြီး နောက်ဆုံးမှာတော့ ခေါင်းတဆတ်ဆတ် ညိတ်ကာ "ဒီအလုပ်ဟာ ဒီလောက်ခက်ခဲ့တဲ့ အလုပ်လို့ ငါမထင်ခဲ့တာ အမှန်ပဲ၊ နောက်ပြီး ခိုးစားတဲ့ အလုပ်ကို ဒီလို စည်းကမ်းတွေ နည်းလမ်းတွေ ကျင့်ဝတ်တွေထားပြီး ခိုးတာ ငါ့ဘဝမှာ မင်းတယောက်ပဲ မြင်ဖူးသေးတယ်" လို့ ပြောပြီး အဝေးကို ထွက်ခွာသွားပါသတဲ့။

သူခိုးလူငယ်ကတော့ လေလွင့်လူငယ်ရဲ့ နောက်ကျောကို အပြုံးနဲ့ စိုက်ကြည့်ရင်း "မင်း ထင်သလောက် လွယ်နေရင် ဒီမြို့လေးမှာ ဘယ်လိုလုပ်ပြီး ငါတယောက်တည်း ခိုးလို့ ရတော့မှာလဲ" လို့ တီးတိုးရေရွတ်ရင်း ကျန်ခဲ့ပါတော့သတဲ့။ ကဲ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ သူခိုးလေးဆီက ပညာသင်ယူနိုင်ကြပါစေ။ Crd

Post a Comment

0 Comments