မပြောခင်မှာ စဉ်းစား

တခါက လယ်သမား တယောက်ဟာ ဒေါသ အလျောက် သူ့အိမ်နီးနားချင်း တယောက်ကို စိတ်လိုက်မာန်ပါ ပြောဆိုမိ ခဲ့ပါသတဲ့။ လယ်သမားကြီးဟာ စိတ်ဆိုးတုန်းက ပြောခဲ့မိတဲ့ စကားတွေကို သွေးအေးသွားတဲ့ အခါကျ နောင်တတွေ ရပြီး စိတ်မကောင်း ဖြစ်ပါတယ်။

ဒီတော့ သူကပဲ မနေနိုင်ဘဲ သူ့အိမ်နီးနားချင်းကို သွားတောင်းပန် ပါတော့တယ်။ အိမ်နီးနားချင်း ဖြစ်သူက လယ်သမားကြီးကို ငှက်တောင်မွှေးတွေ အပြည့် ထည့်ထားတဲ့ အိတ်ကို ပေးပြီး မြို့လယ်ခေါင်မှာ ငှက်တောင်မွှေး တွေကို သွားပစ်ခိုင်းပါတယ်။

လယ်သမားကြီးက သူ့အိမ်နီးနားချင်းရဲ့ ခွင့်လွှတ်မှုကို ရချင်တဲ့ အတွက် သူပြောတဲ့အတိုင်း လုပ်ဆောင်ပါသတဲ့။ ငှက်တောင်မွေးတွေကို ပစ်ပြီးတဲ့အခါ လယ်သမားကြီးဟာ အိမ်နီးချင်းထံ ပြန်လာပါတယ်။

ဒီအခါမှာတော့ အိမ်နီးချင်းဟာ ပစ်ထားခဲ့တဲ့ ငှက်တောင်မွှေးတွေကို အိတ်အတွင်း ပြန်ကောက်ထည့် ခဲ့ဖို့ မှာပါတယ်။

လယ်သမားလည်း မြို့လယ်ခေါင်ကို ပြန်သွားပြီး ငှက်မွေးတွေကို ကောက်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ငှက်မွေးတွေဟာ လေနဲ့ ပါသွားကြတဲ့အခါ မရှိတော့ သလောက်တောင် ဖြစ်နေပါတယ်။

ဒီလိုနဲ့ လယ်သမားကြီးလည်း အိတ်အလွတ်ကိုသာ ကိုင်လျက် ပြန်လာခဲ့ပြီး ငှက်မွှေးတွေ ကောက်ဖို့ မဖြစ်နိုင် တော့ကြောင်း သူ့အိမ်နီးချင်းထံ ပြန်အကြောင်း ပြန်ပါတယ်။

ဒီအခါမှာတော့ အိမ်နီးချင်းက "မိတ်ဆွေ စိတ်လိုက်မာန်ပါ ပြောခဲ့မိတဲ့ စကားဟာ မိတ်ဆွေ ငှက်မွှေးတွေကို ပစ်ချခဲ့သလို ပါးစပ်က အလွယ် ထွက်သွားခဲ့တယ်။

ဒါပေမယ့် ငှက်မွေးတွေကို ပြန်ကောက်ဖို့ မဖြစ်နိုင်သလို၊ ပြောပြီးသား စကားကိုလည်း ပြန်ရုတ်သိမ်းဖို့ မဖြစ်နိုင်ပါဘူး။ နောက်ဆို မိတ်ဆွေ အနေနဲ့ စကားတခွန်း မပြောခင် သေချာ စဉ်းစားပြီးမှ ပြောပါ" လို့ ဆိုပါသတဲ့။

စိတ်ထဲက ပါသည်ဖြစ်စေ၊ မပါဘူး ဖြစ်စေ ပါးစပ်က ပြောလိုက်တဲ့ မကောင်းတဲ့ စကားတွေဟာ တဖက်သားအတွက် ထိခိုက်နစ်နာစေ မိတယ် ဆိုရင် ပြန်ကုစားလို့ မလွယ်တော့ပါဘူး။

တောင်းပန်နိုင်လို့ ခွင့်လွှတ်မယ် ဆိုရင်တောင် ပြောပြီးသား စကားက နာကျင်စေ ပါတယ်။ စက္ကန့်ပိုင်း အတွင်း ကိုယ်ပြောခဲ့တဲ့စကားက နှစ်နဲ့ ချီတာတောင် မမေ့နိုင်တဲ့ နာကျင်မှုတွေ ကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် စကားတခွန်း (အထူးသဖြင့် တဖက်သားအတွက် နာကျင်စေမယ့် စကားမျိုးဆိုရင်) မပြောမိခင် သေချာ စဉ်းစားပြီးမှ ပြောသင့်ပါတယ်။ phoomyatchal

Post a Comment

0 Comments