သေမင်းလက်ထဲက သေတ္တာ

နောက်ဆုံး ပို့ဆောင်ဖို့ လာကြိုသည့်သူ နှင့်အတူ မိန်းကလေး တယောက် သေဆုံးသွားသည်။ သူ ဒါကို သတိထားမိတဲ့ အချိန် သေမင်း ဟု ယူဆရသည့် ဝတ်ရုံနက် ခြုံထားသော လူကြီးက သူ့ဘေး ရောက်နှင့် နေပြီ။

လက်ထဲမှာလည်း တဖက်က သူကိုင်နေကျ တူရွင်း အရှည်ကြီးနှင့်။ နောက်တဖက်မှာ လက်ဆွဲသေတ္တာလေး တခုနှင့်။ သေမင်းက ထိုမိန်းကလေးကို ပြောသည်။

"လာ ကလေးမလေး သွားဖို့ အချိန်တန်ပြီ"

"ဟင် မြန်လိုက်တာ သမီးမှာ လုပ်စရာ အစီအစဉ်တွေ အများကြီး ကျန်သေးတယ်"

"တကယ် စိတ်မကောင်းပါဘူး။ အချိန် မရှိတော့လို့ပါ မိန်းကလေး"

"ဦးလက်ထဲက သေတ္တာထဲမှာ ဘာတွေထည့်ထားတာလဲ"

"မင်းနဲ့ ဆိုင်တဲ့ ဥစ္စာတွေ"

"သမီးနဲ့ ဆိုင်တဲ့ ဥစ္စာတွေ ဟုတ်လား။ ဦးဆိုလိုတာ သမီးရဲ့ အဝတ်အစားတွေ၊ ရွှေတွေ ငွေတွေ ကိုလား"

"အဲဒီဥစ္စာ တွေက မင်းနဲ့ အစကတည်းက မဆိုင်ခဲ့ဘူး။ အဲဒါတွေက ကမ္ဘာကြီးနဲ့ပဲ ဆိုင်တာ"

"ဒါဆို သမီးရဲ့ မှတ်ဉာဏ် တွေလား"

"မှတ်ဉာဏ်က အချိန် နဲ့ပဲ ဆိုင်တာ"

"ဒါဆို သမီးရဲ့ ပညာလား"

"ပညာက ပတ်ဝန်းကျင် နဲ့ပဲ ဆိုင်ခဲ့တာ"

"ဒါဆို သမီးရဲ့ မိတ်ဆွေတွေလား"

"မဟုတ်ဘူး။ မိတ်ဆွေတွေက မင်း ဖြတ်သန်းလာခဲ့တဲ့ ဘဝရဲ့ ဧည့်သည်တွေ"

"ဒါဆို သမီးရဲ့ ချစ်သူ လား"

"မဟုတ်ဘူး။ သူက မင်းရဲ့ အတွေးနဲ့ပဲ ဆိုင်ခဲ့တာ"

"ဒါဆို ကျိန်းသေပြီ၊ အထဲမှာ သမီးရဲ့ ခန္ဓာကိုယ်ပဲ ဖြစ်ရမယ်"

"ဟင့်အင်း ခန္ဓာကိုယ်က မြေမှုန်နဲ့ပဲ ဆိုင်တာ"

"ဒါဆို နောက်ဆုံးဖြစ်တဲ့ သမီးရဲ့ ဝိညဉ်လား"

"သနားစရာကောင်းတဲ့ မိန်းကလေးရယ်။ မင်းရဲ့ ဝိညဉ်က ငါနဲ့ပဲ ဆိုင်တာ"

မိန်းကလေး မျက်နှာမှာ အကြောက်တရားတွေနဲ့ ပြည့်လာနေခဲ့ပြီး ဇောချွေး ပြန်လာသည်။ သူ မစောင့်နိုင် တော့ဘဲ သေမင်းလက်ထဲက သေတ္တာလေးကို ဆွဲယူ ဖွင့်လိုက်သည်။ အထဲမှာ ဘာမှ မပါ၊ ဗလာနတ္တိ ဖြစ်နေသည်။ သူ အသည်းကွဲ သွားသည်။

မျက်ရည်အပြည့်နဲ့ သေမင်းကို မေးလိုက်သည်။ "သမီး ဘယ်တုန်းကမှ ဘာမှ မပိုင်ဆိုင်ခဲ့ဘူး ပေါ့လေ ဟုတ်သလား"

"ဟုတ်တယ်။ မင်း ဘယ်တုန်းကမှ ဘယ်အရာမှ မပိုင်ဆိုင်ခဲ့ဘူး"

"ဒါဆို ဘယ်အရာက သမီးနဲ့ ဆိုင်ခဲ့သလဲ"

သေမင်းက "မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း။ မင်း အသက်ရှိစဉ် အခါက မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မင်းပိုင်ဆိုင် ခဲ့တယ်။ လူဘဝဆိုတာ မျက်တောင် တချက် ခတ်တိုင်းမှာ ဖြစ်ပျက် သွားကြတာပဲလေ" တဲ့။

မှတ်ချက်။ ။ သေမင်းသည် သင်တို့ ထင်ခဲ့သလို ကြောက်မက်ဖွယ်ရာ ကောင်းသောသူ မဟုတ်ပါ။ သင့်ရဲ့ နောက်ဆုံးခရီးကို လိုက်လံ ပို့ဆောင်ဖို့ လာကြိုသည့် သူသာပင်။

သင့်ရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို ကောင်းကောင်း တန်ဖိုးထားပါ။ အသက်ကို တန်ဖိုးထားပါ။ အသက်မှာ ပျော်ရွှင်ပါ။ အသက်ကို ရှင်သန်ပါ။ သေမင်းသေတ္တာထဲမှာ ထည့်သွားနိုင်တဲ့ ဒါန၊ သီလ၊ ဘာဝနာ များကို ပြုပါ။ ဒိုင်ယာရီ

Post a Comment

0 Comments