ရှေးရေစက်ကြောင့်

တခါတုန်းက အရမ်းချစ်ကြတဲ့ ကောင်လေးနဲ့ ကောင်မလေး အချစ်စုံတွဲ ရှိခဲ့ကြတယ်။ တယောက်နဲ့ တယောက် ချစ်ကြိုက်လာကြတာ သက်တမ်း သုံးနှစ် ပြည့်တဲ့အခါ လက်ထပ်ကြတော့မယ် ဆိုပြီး မင်္ဂလာရက် တရက် ရွေးချယ် သတ်မှတ်လိုက်တယ်။

ကောင်လေးကတော့ ပျော်ရွှင်စရာ ကောင်းမယ့် သူတို့ရဲ့ မင်္ဂလာရက်လေးကို စိတ်ကူးယဉ်ပြီး ပျော်နေရှာ တာပေါ့။ ဒါပေမယ့် အဲ့ဒီ မင်္ဂလာဆောင်မယ့်နေ့ မရောက်ခင် မှာပဲ သူ့ချစ်သူ ကောင်မလေးက တခြားကောင်လေး တယောက်နဲ့ မမျှော်လင့်ဘဲ လက်ထပ်သွားတယ် ဆိုတဲ့ သတင်းကို ကောင်လေး ကြားလိုက်ရတယ်။

သူစုံစမ်းကြည့် လိုက်တော့ ကောင်မလေး ကိုယ်တိုင်က လိုလိုလားလားနဲ့ လက်ထပ်လိုက်တာလို့ သိလိုက်ရတယ်။ အဲ့သတင်းကို ကြားတာနဲ့ ကောင်လေးလည်း အရမ်းအံ့သြပြီး အရမ်း စိတ်ထိခိုက် ဝမ်းနည်းစွာနဲ့ မစားနိုင်မအိပ်နိုင် ငိုကြွေးနေ တော့တယ်။

မကြာခင်မှာပဲ ကောင်လေးလည်း စိတ်ထောင်းကိုယ်ကြေပြီး အိပ်ယာထဲ လဲတော့တယ်။ အချိန်တွေ ကုန်လွန်လာတာနဲ့ အမျှ ကောင်လေးရဲ့ ခြေအနေဟာ ပိုပိုဆိုးလာခဲ့တယ်။ ဆရာဝန် ပြလည်း မသက်သာ တော့ဘူး။

တနေ့မှာတော့ အသက်အရွယ် အိုမင်းနေတဲ့ ဘုန်းတော်ကြီး တပါးက ကောင်လေးရဲ့ အိမ်ရှေ့မှာ ရပ်ပြီး တံခါးခေါက် လိုက်တယ်။ အိမ်ဖော် ကောင်မလေးလည်း တံခါးခေါက်သံကြောင့် ထွက်လာပြီး တံခါးဖွင့်လိုက်တော့ ဘုန်းတော်အိုကြီး တပါးကို တွေ့တာနဲ့ စိတ်ရှုပ်စွာနဲ့ "ကန်တော့ဆွမ်းပါ ဘုရား" လို့ ပြောလိုက်တယ်။

ဘုန်းကြီးက ပြုံးပြီးတော့ "ကိုယ်တော်က ဆွမ်းခံကြွလာတာ မဟုတ်ပါဘူး။ ဒီအိမ်မှာ လူမမာရှိတယ် ကြားလို့ ဘုန်းဘုန်းက ဆေးနည်းနည်း ကုတတ်တော့ လာကူညီပေးတာပါ ဒကာမလေး" လို့ မိန့်ကြားလိုက်တယ်။

အိမ်ဖော်မိန်းကလေးကလည်း သူဆုံးဖြတ်လို့ မရကြောင်းနဲ့ သူမရဲ့ သခင်တွေကို ပြန်ပြောကြည့်ပါမယ် ဆိုတဲ့ အကြောင်း ပြောပြီး အိမ်ရှင်တွေကို ပြောကြည့်တော့ သဘောတူ ခွင့်ပြုတာကြောင့် ဘုန်းတော်ကြီးကို အိမ်ထဲကို ပင့်ဖိတ်ခဲ့တယ်။

ဘုန်းတော်ကြီး အိပ်ခန်းထဲကို ရောက်တော့ ကုတင်ပေါ်မှာ ဖြူဖတ်ဖြူရော်နဲ့ အရိုးပေါ် အရေတင် ပိန်လှီစွာနဲ့ နွမ်းနယ် နုန်းချိစွာ လဲလျောင်းနေတဲ့ လူမမာသည် ကောင်လေးကို တွေ့လိုက်ရတယ်။ အိမ်ဖော်မိန်းကလေးလည်း ဘုန်းတော်ကြီး အတွက်သောက်တော်ရေ တခွက် ပေးလိုက်ပြီး လူမမာ ကုတင်ဘေးမှာပဲ ထိုင်ခုံတလုံး စီစဉ်ပေးလိုက်တယ်။

ဘုန်းတော်ကြီးကလည်း အခြေအနေ ကြည့်ပြီးတော့ "တော်တော် အခြေအနေ ဆိုးနေတာပဲ" လို့ ရေရွတ်လိုက်တယ်။ လူမမာကောင်လေးကလည်း စိတ်နဲ့ကိုယ်နဲ့ မကပ်စွာနဲ့ပဲ ဘာမှမကြားသလို တိတ်ဆိတ်ငြိမ်သက်စွာ နေနေတယ်။

ဘုန်းတော်ကြီးလည်း သူလုပ်သင့်တာတွေ လုပ်ပြီးတော့ "ဒကာလေးက တော်တော် သနားစရာကောင်းတယ်။ မယုံရင် မှန်ထဲကို ကြည့်လိုက်စမ်းပါ" လို့ မိန့်တော်မူပြီး ကောင်လေး အိပ်ခန်းထဲက ကိုယ်လုံးပေါ် မှန်တချပ်ဆီကို ညွှန်ပြလိုက်တယ်။

ကောင်လေးလည်း လုံးဝ စိတ်ဝင်စားမှု မရှိပဲ ငေးငေးငိုင်ငိုင် နေနေရာကနေ တချက် မှန်ထဲကို ကြည့်လိုက်တယ် ဆိုရင်ပဲ မှန်ထဲမှာ သူ့ချစ်သူ ကောင်မလေးပုံကို တွေ့လိုက်ရတယ်။ သိပ်မကြာခင်မှာပဲ ကောင်မလေး ပုံရိပ်က ဝေဝါး ပျောက်ကွယ်သွားပြီး ပင်လယ်ကမ်းခြေတခုပုံ ပြောင်းလဲ သွားတယ်။

အဲဒီ ပင်လယ်ကမ်းခြေဟာ တိတ်ဆိတ် ငြိမ်သက်နေပြီး လူအသွားအလာ မရှိဘူး။ လူမမာ ကောင်လေးက မှန်ထဲက ပုံရိပ်ကို စိတ်ဝင်စားစွာ ကြည့်နေစဉ်မှာပဲ မိန်းကလေး အလောင်းတလောင်း ဟာလည်း လျောင်းနေတဲ့ အနေအထားနဲ့ ကမ်းခြေမှာ ရှိနေတာကို မြင်လိုက်ရတယ်။

ခဏကြာတော့ လူတယောက် ဖြတ်လျှောက်လာတယ်။ သူက အလောင်းကို ရွံရှာစွာ ကြည့်ပြီး လျင်မြန်စွာ ဖြတ်လျှောက်သွားတယ်။ အချိန်အတော်လေး ကြာတော့ နောက်လူတယောက် ဖြတ်လျှောက်လာပြီး အဲ့ကောင်မလေး အလောင်းကို တွေ့သွားပြန်တယ်။ ဒီလူကတော့ စိတ်မကောင်းဖြစ်ပြီး သူ့ရဲ့ အပေါ်အင်္ကျီကို ချွတ်လို့ ခြုံပေးပြီး ခရီးဆက် ထွက်သွားတယ်။

အဲဒီလိုနဲ့ နောက်ထပ် အချိန် တော်တော်လေး ကြာလာတော့ နောက်ထပ် လူတယောက် ရောက်လာပြန်တယ်။ ဒီလူက အပေါ်ရုံ ခြုံထားပြီး လဲလျောင်းနေတဲ့ ပုံစံကို စိတ်ဝင်စားပြီး ခြုံထည်ကို လှန်ကြည့်တော့ မိန်းကလေးအလောင်းကို တွေ့သွားပြီး အရမ်းသနားစိတ် ဝင်လာကာ မြေမြုပ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် သူ့ဆီမှာ မြေကျင်းတူးဖို့ ဘာပစ္စည်းမှ ပါမလာဘူး။

နောက်ဆုံးမှာ သူ့ရဲ့ လက်နှစ်ဖက်ကို အသုံးပြုဖို့ သူဆုံးဖြတ်လိုက်တယ်။ လူငယ်ဟာ သူ့လက်နှစ်ဖက်နဲ့ မြေတွေကို ယက်ပြီး တဖြေးဖြေးချင်း တူးလာလိုက်တာ ညနေစောင်းအချိန်မှာ မိန်းကလေးအလောင်းကို မြုပ်ဖို့ လုံလောက်တဲ့ ကျင်းတကျင်းကို တူးလို့ ပြီးသွားတယ်။ အဲ့လူလည်း မိန်းကလေးအလောင်းကို ကောင်းမွန်စွာ မြုပ်နှံပေးခဲ့ပြီး ခရီးဆက် ထွက်ခွာသွားတယ်။

အဲ့ဒီနောက်မှာ မှန်ထဲမှာ မိန်းကလေး အလောင်းရဲ့ မျက်နှာပုံ ပြန်ပေါ်လာပြီး အဲ့မျက်နှာကနေ သူ့ချစ် သူကောင်မလေးရဲ့ မျက်နှာကို ပြောင်းသွားခဲ့တယ်။ လူမမာ ကောင်လေးလည်းအလွန်အမင်း အံ့သြနေစဉ်မှာပဲ မြေမြုပ်ပေးတဲ့ လူရွယ်ရဲ့ မျက်နှာပြန်ပေါ် လာပြီး လူတယောက်ရဲ့ မျက်နှာအဖြစ် ပြောင်းသွား ပြန်တယ်။

အဲ့ဒီနောက်မှာတော့ မှန်ထဲက ပုံရိပ်တွေ အကုန် ပျောက်ကွယ် သွားခဲ့တယ်။ ကောင်လေးလည်း အံ့သြစွာနဲ့ မင်သက်နေတုန်းမှာပဲ ဘုန်းတော်ကြီးက အခုလိုပဲ မိန့်ကြားတော်မူလိုက်တယ်။

"ခုဆိုရင် ဒကာလေးလည်း သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီ မိန်းကလေး အလောင်းက ဒကာလေးရဲ့ ချစ်သူမိန်းကလေး ဖြစ်တယ်။ ဘဝတခုမှာ သူမရဲ့ အလောင်းကို မြေမြုပ်ပေးတဲ့ ကုသိုလ်ကံ ရေစက်ကြောင့် အဲ့ဒီလူငယ်ဟာ ဒီဘဝမှာကောင်မလေးနဲ့ လက်ထပ်ပေါင်းသင်းခွင့် ရခဲ့တယ်။

ဒကာလေး ကတော့ သူမရဲ့ အလောင်းကို အပေါ်ရုံနဲ့ လွှမ်းခြုံပေးခဲ့တဲ့ ရေစက်ကံကြောင့် ဒီဘဝမှာ သူမနဲ့ သုံးနှစ်တာ ချစ်ခင်ခွင့် ရခဲ့တယ်။ အခု သုံးနှစ်ပြည့်လို့ ရေစက်ကုန်ချိန်မှာ ခွဲခွာရတယ်" ဘုန်းတော်ကြီးရဲ့ စကားအဆုံးမှာ ကောင်လေးလည်း အမြင်မှန် ရပြီး နားလည်သဘောပေါက် သွားခဲ့တယ်။ နောက်ပိုင်းမှာကောင်လေးလည်း ပြန်လည် ကျန်းမာလာပြီး လောကီကို စွန့်လို့ သင်္ကန်းဝတ်သွား ပါတော့တယ်။

လူသားတွေ အချင်းချင်း ဒီဘဝမှာ အဖေ၊ အမေ၊ ဆွေမျိုး ညီအကို မောင်နှမ၊ သူငယ်ချင်း မိတ်ဆွေ၊ ချစ်သူ၊ ရန်သူ အဖြစ်နဲ့ တွေ့ဆုံတော်စပ် ပတ်သက်ခွင့် ရကြတာဟာ အမှုမဲ့အမှတ်မဲ့ မဟုတ်ပါဘူး။ ဘဝတခုခုက ပြုခဲ့တဲ့ ရေစက်ကံကြောင့်သာ ဤမျှများပြားလှသော လူ့ဘောင် အဖွဲ့အစည်း အတွင်းမှာ တွေ့ဆုံရင်းနှီး ချစ်ခင်ခွင့် ရခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့လိုပဲ ရေစက်ကုန်ချိန်ရောက်ရင် ဘယ်လိုအကြောင်းပြချက် မျိုးနဲ့မှ ဆွဲထားလို့ မရပဲသေကွဲ၊ ရှင်ကွဲ မျိုးစုံနဲ့ ခွဲခွာကြရမှာပါ။ အဲ့ဒါကြောင့် အခု မခွဲခွာရခင် အချိန်လေးမှာ မိမိနဲ့ ပတ်သက်ခွင့် ရခဲ့တဲ့ သူတွေအပေါ်မှာ တတ်နိုင်သလောက် စိတ်ချမ်းသာမှုတွေ မေတ္တာတွေ ပေးနိုင်သလောက် ပေးနိုင်အောင် ကြိုးစားသင့် ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းလူတိုင်း ဘယ်သူကမှ ဘယ်သူ့ကို ဘယ်အချိန်မှာ ရေစက်ကုန်လို့ ခွဲခွာကြရမယ် ဆိုတာကို မသိနိုင်ကြလို့ပဲ ဖြစ်ပါတယ်။ Crd and phoomyatchal

Post a Comment

0 Comments