အမွေခံထိုက်သူ

တခါတုန်းက ရှင်ဘုရင် တပါးဟာ သူ့ရဲ့ သားတော် ၁ဝ ပါး ထဲကနေ အမွေဆက်ခံသူ တယောက်ကို ရွေးဖို့ ဆုံးဖြတ် လိုက်တယ်။

ဘုရင်ကြီးဟာ ပညာရှိ အမတ်ကြီး တဦးနဲ့ နှစ်ကိုယ်ကြား တိုင်ပင်ပြီး လမ်းဘေး ဝဲယာမှာ ရေရှိတဲ့ လမ်းတခုပေါ် ကျောက်တုံးကြီး တတုံးကို ချထား လိုက်တယ်။

အဲဒီ လမ်းမပေါ် ဖြတ်လျှောက်သူတိုင်းဟာ ကျောက်တုံးပေါ် ကျော်တက်မလား၊ ကျောက်တုံးကို ဘေးဖယ်မလား၊ ကျောက်တုံးကို ကွေ့ပါတ်မလား၊ ကျောက်တုံးကြီးရဲ့ အတားအဆီးကို ခံကြရမှာ ဖြစ်တယ်။

ဘုရင်ကြီးက သူ့ရဲ့ သားတော်တွေကို ခေါ်ပြီး အမတ်ကြီးဆီကို လျှို့ဝှက်စာတစောင် ပို့ဖို့ အဲဒီလမ်းကို ဖြတ်စေခဲ့ ပါတယ်။ မင်းသားတွေက ဘုရင်ကြီးရဲ့ အမိန့်အတိုင်း အမတ်ကြီး လက်ထဲကို စာအရောက် ပို့ခဲ့ကြတယ်။

ဘုရင်ကြီးက "ချစ်သားတို့ အဲဒီလမ်းကို ဘယ်လို ကျော်ဖြတ်ခဲ့ ကြသလဲ" လို့ မေးတော့ သားတော်တွေက "ကျောက်တုံးကြီးပေါ် ဖြတ်ကျော် သွားခဲ့ ပါတယ်။ လှေလှော် ဖြတ်ကျော်ခဲ့ ပါတယ်" လို့ ဖြေကြတယ်။

သားတော် တချို့ကလည်း "ရေထဲ ဆင်းကူးပြီး ဖြတ်ကျော်ခဲ့ ပါတယ်" လို့ ဖြေခဲ့ ကြတယ်။ ဒါပေမယ့် သားတော် အငယ်ဆုံးလေးက "လမ်းအတိုင်း သွားခဲ့ပါတယ်" လို့ ဖြေတယ်။

ဘုရင်ကြီးက "လမ်းမှာ ကျောက်တုံးကြီး ကာဆီး မထားဘူးလား" လို့ မေးပါတယ်။ သားတော်လေးက "ကျောက်တုံးကို သားတော် အားစိုက် တွန်းလိုက်တာနဲ့ ကျောက်တုံးကြီးက ချောင်းထဲ ကျသွားပါတယ်"

"ဒီလောက်ကြီးတဲ့ ကျောက်တုံးကို လက်နဲ့ တွန်းဖို့ သားတော် ဘယ်လို စဉ်းစားခဲ့သလဲ" လို့ ဘုရင်က ထပ်မေးတယ်။

သားတော်လေးက "ကြိုးစားပြီး တွန်းကြည့်ရုံပါ။ ဒါပေမယ့် တွန်းလိုက်တာနဲ့ ကျောက်တုံးက ရွေ့သွားပါတယ်"

တကယ်တော့ ဘုရင်ကြီးက အမတ်ကြီးနဲ့ တိုင်ပင်ပြီး ပေါ့တဲ့ အရာဝတ္ထုနဲ့ ကျောက်တုံးကြီးကို ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ကြိုးစား အားထုတ်လိုစိတ် ရှိတဲ့ သားတော်ငယ်လေး ကပဲ ဘုရင်ရဲ့ အမွေကို ဆက်ခံခဲ့ ပါတယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။ ကိုယ့်ကံကြမ္မာကို တခြားသူ လက်ထဲ ပုံအပ်ထားတာမျိုး၊ တခြား တယောက်ဆီ ပုံအပ်ပြီး ကိုယ်က ဘာ ကြိုးစားအားထုတ် လိုစိတ်မှ မရှိဘဲ တခြားသူကိုသာ ယုံကြည်တာဟာ အရမ်း အန္တရာယ် များပါတယ်။

ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ပဲ ဖန်ဆင်း၊ ကိုယ်တိုင်ပဲ ဖမ်းဆုပ်နိုင်ဖို့ သင်ယူတတ် ရပါမယ်။ CRD

Post a Comment

0 Comments