တခါက လူတယောက်ဟာ ဘုန်ကြီးကျောင်းအဝင် တံခါးဝကို ရောက်လာခဲ့တယ်။ ရဟန်းတပါးက တံခါးကို လာဖွင့်ပေးတယ်။ အဲဒီလူက ရဟန်းကို သူ့လက်ထဲမှာ ကိုင်လာတဲ့ စပျစ်သီး တခိုင်ကို ကပ်ပြီး အခုလို ပြောလိုက်တယ်။
"ဒီစပျစ်သီးက တပည့်တော်ရဲ့ ခြံမှာ စိုက်ထားတဲ့ အသီးတွေထဲက အလှဆုံး အကောင်းဆုံးပါ။ အရှင်ဘုရားကို လက်ဆောင်ပေးတာပါ ဘုရား" "အေးကွာ၊ ဒကာတော်ရဲ့ စပျစ်သီးတွေဟာ အရသာရှိပုံ ရတယ်။ ဘုန်းကြီး ဆရာတော်ကို ကပ်လိုက်မယ်"
"မဟုတ်ပါဘူး ဘုရား။ ဒီအသီးတွေဟာ အရှင်ဘုရား အတွက်ပါ။ တပည့်တော် ကျောင်းကို လာတိုင်း အရှင်ဘုရားပဲ တံခါး လာဖွင့်ပေးတယ်။
မနှစ်က ရေကြီးပြီး တပည့်တော် စိုက်ထားတဲ့ သီးနှံတွေ ပျက်စီးသွားလို့ တပည့်တော်မှာ စားစရာ မရှိတုန်း အရှင်ဘုရားရဲ့ ဆွမ်းထဲက တပည့်တော်ကို ခွဲဝေကျွေးတယ်။
အဲဒီအတွက် ကျေးဇူးတင်လွန်းလို့ အရှင်ဘုရားကို ပေးတာပါ ဘုရား" "ဒါဆိုရင်လည်း ကောင်းပါပြီ။ ဘုန်းကြီး ယူထားလိုက်မယ်"
ရဟန်းလည်း စပျစ်ခိုင်ကို သူ့အခန်းထဲက နံရံမှာ ချိတ်ဆွဲထားပြီး မစားရက်ဘဲ တစိမ့်စိမ့် ကြည့်နေတယ်။ ပြီးတော့ သူ့ကို စာသင်ပေးတဲ့ ဆရာတော်ကို စားစေချင်တယ်။ ဒါကြောင့် စပျစ်ခိုင်ကို ဆရာတော်ထံ ကပ်လိုက်တယ်။
ဆရာတော်လည်း ရဟန်းကပ်တဲ့ စပျစ်ခိုင်ကို ကြည့်ရင်း စားချင်စိတ် ပေါ်လာတယ်။ ဒါပေမဲ့ နေမကောင်း ဖြစ်နေတဲ့ ကပ္ပိယကြီးကို သတိရပြီး သူ အစားအသောက် ပျက်နေရှာတယ်။ သူ စပျစ်သီး စားရရင် ဝမ်းသာသွားမယ်လို့ စဉ်းစားပြီး ကပ္ပိယကြီးကို စပျစ်ခိုင် စွန့်ကြဲလိုက်တယ်။
ကပ္ပိယကြီး ကလည်း အလွန်လှပပြီး အရသာရှိမယ့် စပျစ်သီးတွေကို စားခါနီးမှ တခုကို သတိရ လိုက်တယ်။ ကျောင်းက ထမင်းချက်ဟာ သူ့အပေါ် အလွန် ကောင်းတယ်။
သူနေမကောင်းတုန်း စားစရလေး တွေကို ကြံဖန် ချက်ကျွေး ရှာတယ်။ ဒါကြောင့် ဒီစပျစ်သီးကို သူစားပါစေ ဆိုပြီး စပျစ်ခိုင်ကို ထမင်းချက်ကို ပေးလိုက်ပြန်တယ်။
ထမင်းချက်လည်း စပျစ်သီးကို စားခါနီးမှ ကျောင်းမှာ အငယ်ဆုံး ဖြစ်တဲ့ ကိုရင်လေးကို သတိရလိုက်တယ်။ သူဟာ ကိုရင်လေးကို အလွန် ချစ်တယ်။
ဒါကြောင့် စပျစ်ခိုင်ကို ကိုရင်လေးကို ကပ်လိုက် ပြန်တယ်။ ကိုရင်လေးဟာ သူအပြင်က ပြန်လာတိုင်း ကျောင်းတံခါးကို လာဖွင့်ပေးတဲ့ ရဟန်းကို သတိရလိုက် ပြန်တယ်။
ရဟန်းဟာ သူ့ကို ကျောင်းမှာ ဘယ်လို နေရမယ်၊ ဘယ်လို ထိုင်ရမယ် ဆိုပြီး အမြဲ လမ်းညွှန် ဆုံးမတယ်။ ရဟန်းကို သူ အလွန်လေးစားတယ်။ ဒါကြောင့် အဲဒီ စပျစ်သီးကို မစားဘဲ ရဟန်းကို ကပ်လိုက်တယ်။
ရဟန်းလည်း သူက ဆရာတော်ကို ကပ်လိုက်တဲ့ စပျစ်သီးဟာ နောက်ဆုံး သူ့ဆီ ပြန်ရောက် လာတာဟာ သူစားထိုက်လို့ပဲ ဆိုပြီး စပျစ်သီးတွေကို အားရပါးရ စားလိုက်ပါတော့တယ်။
ဒီအဖြစ်အပျက်လေးဟာ ဘာကို ပြလိုက်သလဲ။ ကျနော်တို့ဟာ အကျိုး တစုံတရာ မမျှော်ကိုးပဲ အလှူအတန်း ပြုလိုက်ရင် လှူရတဲ့ အကျိုးဟာ မိမိဆီ မလွဲမသွေ ရောက်လာမယ် ဆိုတာပါ။ Crd
0 Comments