သန်မာချင်တဲ့ လူပုလေး

တခါက တောနက်ထဲမှာ နေနေတဲ့ လူပုလေး တယောက်ဟာ ထွားကျိုင်းချင်လို့ ဆိုပြီး နည်းလမ်း လိုက်ရှာနေ သတဲ့။ သူ့ပတ်ဝန်းကျင်မှာ ပထမဆုံး တွေ့ရတဲ့ မြင်းကြီးကို မေးတယ်။

လူပုလေးက "ကိုမြင်းလို သန်မာ ထွားကျိုင်းအောင် ဘယ်လို လုပ်ရမလဲဗျ" လို့ မေးတော့ မြင်းကြီးက "ငါ့လို ပြောင်းဖူးစေ့တွေစား၊ များများ ပြေးပေါ့" လို့ ပြောသတဲ့။

လူပုလေးက အဲဒီလို လိုက်လုပ်တော့ ပြောင်းတွေ အများကြီး စားပြီး ဗိုက်တွေနာ၊ များများပြေးတော့ ခြေထောက်တွေ နာလာတာပဲ ရှိတယ်။ လူကတော့ ထွားမလာ ဘူးတဲ့။

လူပုလေးလည်း စိတ်ညစ်ပြီး တခြားတယောက် ဆီက အကြံဉာဏ် ယူမှပါ ဆိုပြီး ထွက်လာပြန် သတဲ့။ ကျွဲကြီး တကောင်ကို တွေ့တော့ "ကိုကျွဲကြီး၊ ခင်ဗျားလို သန်မာ ထွားကျိုင်းအောင် ဘယ်လို လုပ်ရလဲဗျ" လို့ မေးတယ်။

ကျွဲကြီးကလည်း "ငါ့လို မြက်တွေစား၊ ညွမ့်ညွမ့်နဲ့ အော်နေပေါ့ကွာ" လို့ ပြောသတဲ့။ လူပုလေးက အဲဒီလို လိုက်လုပ်တော့ သူ့မှာ မြက်စားလို့ ဗိုက်တွေနာ၊ အော်ရလွန်းလို့ လည်ချောင်းတွေ နာတာပဲ ရှိတယ်။ ဒီအတိုင်း ဒီအတိုင်းပဲ တဲ့။

လူပုလေးလည်း မဟုတ်သေး ပါဘူးကွာ၊ တခြားသူဆီက အကြံဉာဏ် ယူမှပါ ဆိုပြီး ထပ်ရှာပြန် သတဲ့။ ခုတခါ တွေ့ရတာ့ ပညာရှိ ဇီးကွက်ကြီးတဲ့။

လူပုလေးက "ဦးဇီးကွက်ရေ၊ ကျွန်တော်က အရပ်ပု နေတာ စိတ်ညစ်တယ်ဗျာ။ ကိုမြင်းကြီးလို၊ ကိုကျွဲကြီးလို အရပ်မြင့်ပြီး ထွားချင်တယ်ဗျာ၊ သူတို့လိုလည်း လိုက်မလုပ်နိုင်ဘူး၊ ဘယ်လို လုပ်ရမလဲ" လို့ မေးပြန်တယ်။

ထိုအခါ ဇီးကွက်ကြီးက မေးတယ်။ "မင်း အရပ်မြင့် ချင်တာ တခြားသူတွေက မင်းကို လာလာ စနေလို့လား၊ မြင်းကြီးလို အမြန်ပြေးချင် တာလား၊ ကျွဲကြီးလို ဝန်တွေ သယ်ချင်တာလား"

လူပုလေးက "မဟုတ်ပါဘူးဗျာ" ပြန်ပြောတော့ ဇီးကွက်ကြီးက "အဲဒါဆိုရင်ဖြင့် သူများလို အရပ် မြင့်နေစရာ မလိုပါဘူး၊ တကယ် အရေးကြီးတာက ဦးနှောက် ဉာဏ်ရည် မြင့်ဖို့ပဲကွ" လို့ ပြောပြီး ပျံသန်းသွားသတဲ့။

လူပုလေးလည်း ဟုတ်ပေသားပဲ လို့ စဉ်းစားမိပြီး အသိဉာဏ် ပိုမြင့်လာအောင်ပဲ စာတွေဖတ် ပညာရပ်တွေ လေ့လာတာတွေ လုပ်တော့တာပေါ့။ သူအရပ်ပုတဲ့ ကိစ္စကိုလည်း စိတ်ထဲ မထားတော့ ဘူးတဲ့။ ပုံပြင်လေး ကတော့ ဒါပါပဲကွယ်။ Crd

Post a Comment

0 Comments