ရှက်တတ်တဲ့ ယုန်ကလေး

တခါတုန်းက သိပ်ပြီး ရှက်တတ်တဲ့ သဲဇာ ဆိုတဲ့ ယုန်ကလေးတကောင် ရှိတယ်တဲ့။ သူ့မှာ ရှေ့သွားလေး ၂ ချောင်း က တခြား ယုန်လေးတွေထက် ပိုကြီးတာမို့ တခြားယုန်လေး တွေများ သူ့သွားကြီးကြီးလေးတွေကို မြင်များသွားမလား ဆိုပြီး တွေးကြောက်လေ့ ရှိတယ်။ ဒါကြောင့်သူဟာ တခြား ယုန်လေးတွေ ရှေ့မှာ အစာစားလေ့ မရှိသလို ပြုံးရယ်လေ့လည်း မရှိဖူးတဲ့။

တခြားယုန်လေးတွေ ကတော့ သဲဇာ ကို ခင်မင်ချင် ကြပေမဲ့ သဲဇာခမျာ မှာတော့ သူ့သွားလေး တွေကြောင့် အားငယ်နေတာပဲ တဲ့ကွယ်။ မိုးဥတု ရောက်တဲ့အခါ သူ့အိမ်လေးထဲမှာ မုန်လာဥလေးတွေ စားရင်း မြက်စောင်လေးကို ခြုံရင်း သဲဇာဟာနွေးနွေးထွေးထွေးလေး နေတယ်။ မိုးဥတုရဲ့ တညမှာတော့ သဲဇာတို့ နေတဲ့ တောအုပ်မှာ လေပြင်းတွေ တိုက်ပါတော့တယ်။

လေပြင်းတွေ စဲပြီး မနက်လင်းတဲ့အချိန် အရောက်မှာတော့ သဲဇာအိမ်တံခါး အဖွင့်မှာ အိမ်တံခါးအဝမှာ ငှက်ကလေးတကောင် ရောက်နေတယ်တဲ့။

ငှက်ကလေးဟာ အတောင်လေးတွေ နာပြီး လေပြင်းကြောင့် တုန်ကြောက်နေ ရှာတယ်။ ခါတိုင်း အရှက်ကြီးလို့ ဘယ်သူ့မှ အိမ်ထဲ အဝင်မခံတဲ့ သဲဇာဟာ ငှက်ကလေးကို သနားသွားပြီး အိမ်ထဲကို ခေါ်သွားပါတော့တယ်။

သဲဇာဟာ ငှက်ကလေးကို ရေနွေးနွေးလေးနဲ့ ရေပတ်တိုက်ပေး၊ ဆေးရွက်လေးတွေ အုံပေးရင်း ပြုစုပေးတယ်။ ဒါပေမဲ့ သူစုဆောင်းထားတဲ့ မုန်လာဥလေးတွေ ထုတ်ကျွေးတဲ့ အခါ ငှက်ကလေးက မစားဖူးတဲ့။

အဲဒါနဲ့ အိမ်ထဲက အိမ်ပြင်မထွက်တဲ့ သဲဇာဟာ ငှက်ကလေးကို အစာကျွေးဖို့ အိမ်ပြင်ကို အစာရှာ ထွက်တော့မယ်လို့ ဆုံးဖြတ်လိုက် ပါတော့တယ်။

သဲဇာဟာ ပိန်းရွက်ထီးလေးကို ဆောင်းရင်း၊ မြက်လွယ်အိပ်လေးကို လွယ်ရင်း ဇီးကွက်ကြီး ဆီမှာ စပါးစေ့လေးတွေ သွားတောင်းတယ်။ ဇီးကွက်ကြီးက အိပ်ချင်မူးတူးနဲ့

"စပါးနှံတွေတော့ မရှိဘူး မြက်သီးတွေပဲ ရှိတော့တယ်၊ ယူသွားပါချေ" ဆိုပြီးပေးလိုက်တယ်။ သဲဇာလည်း မြက်သီးလေးတွေ ယူပြီး ဆက်သွားတဲ့အခါ ဆိတ် သားအမိကို တွေ့တယ်တဲ့။

သဲဇာက "စပါးစေ့လေး တွေများ ရှိသလားခမျာ။ ကျနော့် ငှက်ကလေးကို ကျွေးချင်လို့ပါ" လို့ ပြောတဲ့အခါ ဆိတ်သားအမိက မရှိကြောင်း သူတို့သားအမိတောင် မနေ့ညက လေပြင်းကြောင့် စုဆောင်း ထားတာလေးတွေ ပါသွားသဖြင့် စားစရာ မရှိကြောင်းပြောတာမို့ သဲဇာက ဇီးကွက်ကြီးဆီက ရလာတဲ့ မြက်သီးလေးတွေ ချကျွေးလိုက်တယ်။ ဆိတ်မကြီးက သဲဇာကို "သစ်ကုလားအုတ်ဆီ သွားပါလား သူ့မှာ စုဆောင်းထားတာလေးတွေ ရှိတတ်တယ်" လို့ ပြောတယ်။

အဲဒါနဲ့သဲဇာလည်း သစ်ကုလားအုတ်ဆီ သွားတဲ့အခါ သစ်ကုလားအုတ်ကို မတွေ့ပါဘူးတဲ့။ ဘာလို့လဲ ဆိုတော့ သစ်ကုလားအုတ်ဟာ သစ်ကိုင်းတွေအောက်မှာ ပိနေရှာလို့ ပါတဲ့။ သဲဇာဟာ သစ်ကုလားအုတ် ကိုယ်ပေါ်က သစ်ကိုင်းတွေကို စိတ်ရှည်လက်ရှည် ဖယ်ရှားပေးရင်း သစ်ကုလားအုတ်ကို တွဲထူပေး ခဲ့တယ်။

သစ်ကုလားအုတ် ဆီမှာလည်း စပါးစေ့လေးတွေ မရှိတာကြောင့် သဲဇာလည်း စိတ်ညစ်ညစ်နဲ့ တောထဲ အစာ လျှောက်ရှာရင်း လမ်းတလျှောက် ရေမျောနေတဲ့ ခါချဉ်တွေ၊ သစ်ချသီးကြွေတွေ စုနေတဲ့ ရှဉ့်ကလေးနဲ့ အခြား ဒုက္ခများနေတဲ့ သူတွေကို ကူညီပေးခဲ့တယ်။

အဲလိုနဲ့ ရှာရင်းရှာရင်းနဲ့ သဲဇာဟာ သူ့သူငယ်ချင်း ယုန်လေးတွေဆီ ရောက်သွားပါတော့တယ်။ သူ့သူငယ်ချင်း ယုန်လေးတွေဆီ ရောက်တဲ့အခါ သူ့သူငယ်ချင်း ယုန်လေးတွေဟာ အလုပ်တွေ များနေရှာပါတယ်။

ဘာလို့အလုပ်တွေ များနေပါလိမ့် လို့ သဲဇာက စပ်စုတဲ့အခါ ယုန်အုပ်ထဲက ယုန်လေးတချို့ရဲ့ အိမ်လေးတွေ ပျက်စီးသွားကြောင်း ပြောပြတယ်။ ဒါနဲ့ သဲဇာလည်း ယုန်လေးတွေကို ကူညီပြီး အပျက်အစီးတွေ ဖယ် အိမ်လေးတွေ ကူဆောက်ပေး နေလိုက်တာ ညနေ စောင်းတဲ့အခါ ဆောက်လို့ ပြီးသွားပါရောတဲ့။ ဒါပေမဲ့ သဲဇာခမျာ မပျော်ရှာပါဘူး။ သူ့မှာ ငှက်ကလေး အတွက် စပါးစေ့လေးတွေ မရသေးလို့ ပါတဲ့။

အဲဒီအချိန်မှာ ယုန်အိမ်တွေ ဆီကို သစ်ရွက်တွေနဲ့ ထုတ်ထားတဲ့ အထုတ်တထုတ် ခါချဉ်တွေ သယ်ဆောင်လာတာ တွေ့သတဲ့။ ခါချဉ်တွေဟာ သဲဇာနားမှာ သစ်ရွက်ထုတ်ကို ပစ်ချလိုက်တယ်။

သစ်ရွက်ထုတ်ကို သဲဇာ ဖွင့်ကြည့်တဲ့အခါ အထဲမှာ ဆန်စေ့လေးတွေကို တွေ့ရပါတော့တယ်။ သစ်ရွက်ထုတ် ထဲမှာလည်း "အရမ်းကို ကူညီတတ်တဲ့ ယုန်ကလေး သဲဇာအတွက် လက်ဆောင်မွန်ပါ" ဆိုတဲ့ စာလေး တစောင်လည်း ပါတယ်။

သဲဇာဟာ ဝမ်းသာလွန်းလို့ ပြုံးရယ်လိုက် ပါတော့တယ်။ သဲဇာရဲ့ သူငယ်ချင်းတွေ ဟာလည်း သဲဇာ နားမှာ ဝိုင်းပြီး သဲဇာကို ချီးကျူး ဂုဏ်ပြုကြ ပါတော့တယ်။ သဲဇာဟာ အဲဒီအချိန်မှာ သူ့ရှေ့သွားလေးတွေ အတွက် ရှက်စိတ်တွေလည်း မရှိတော့ပါဘူးတဲ့။

ရှေ့သွားလေးတွေ ကိုလည်း သတိမရတော့ ပါဘူးတဲ့။ သူဟာ ငှက်ကလေးဖို့ အစာရပြီ ဆိုပြီး ပျော်ရွှင်စွာ ပြုံးရယ်ရင်း ငှက်ကလေး ရှိရာ သူ့အိမ်ကို ပြန်သွားပါတော့တယ်။

မိုးဦးကုန် မှာတော့ ငှက်ကလေးဟာ သဲဇာရဲ့ ပြုစုမှုကြောင့် အတောင်တွေလည်း စိုပြေလာပြီး ခရီးနှင်ရ တော့မှာမို့ သဲဇာကို နှုတ်ဆက်ရင်း ကျေးဇူးတင်ကြောင်း ပြောကာ ပျံသန်းသွား ပါတော့တယ်။

ကူညီတတ်တဲ့ သဲဇာဟာလည်း သူ့သူငယ်ချင်း ယုန်လေးတွေနဲ့ အတူ ပြုံးရယ်ရင်း အစာတွေ အတူတူရှာရင်း မုန်လာဥတွေ ကိုက်ရင်း ပျော်ရွှင်စွာ နေထိုင်သွား ပါတော့တယ်။ မဇူးထိုက်

Post a Comment

0 Comments