ဆန္ဒကို ချိုးနှိမ်ထားပါ

တခါတုန်းက သားအဖနှစ်ယောက် အလွန် စည်ကားသော ဈေးကြီး တဈေး အတွင်းသို့ ရောက်ရှိလာသော အခါ အသက် ၁၀ နှစ်ခန့်ရှိ သားငယ်မှ အဖေဖြစ်သူအား "ဗိုက်ဆာတယ် အဖေ။ ရှေ့မှာ ယုန်ကင်တွေ ရောင်းနေတယ်။ သားကို ဝယ်ကျွေးပါ" တဲ့။

"သား တကောင် ဘယ်လောက်လဲ သွားမေးလိုက်" လို့ အဖေက ပြောလိုက်ပါတယ်။ အဲ့ဒါနဲ့ သားဖြစ်သူလည်း ယုန်ကင်သည်ကိုသွားမေးတော့ "ယုန်တကောင် ငါးကျပ်" လို့ ဈေးသည်က ပြန်ပြောပါတယ်။

သားဖြစ်သူလည်း "အဖေ တကောင် ငါးကျပ်တဲ့ ဗျ။ သားကို ဝယ်ကျွေးနော်" ဆိုတော့ အေဖက သူ၏ လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ တဆယ်တန်လေး တရွက်ကို ကြည့်ရင်း အံကိုကြိတ်ပြီး သားဖြစ်သူကို ပြောလိုက်ပါတယ်။

"ယုန်တကောင်ကို ငါးကျပ် တဲ့လား။ မစားပါနဲ့အုံး သားရယ် လာ သွားရအောင်။ သား ဗိုက်ဆာနေရင် အဖေ တခြားဟာ ဝယ်ကျွေးပါ့မယ်" လို့ ပြောပြီး သားဖြစ်သူရဲ့ လက်ကို ဆွဲပြီး အဲ့ဒီ နေရာကနေ ထွက်လာခဲ့တယ်။ ပြီးတော့မှ ဘိန်းမုန့် ၂ ခု တကျပ်ဖိုး သားဖြစ်သူ ဗိုက်ပြည့်စေဖို့ ဝယ်ကျွေးခဲ့ ပါတယ်။

ဒီလိုနဲ့ နောင်၁၅ နှစ် လောက် ကြာတဲ့ အခါ အဲဒီ ဈေးကြီးထဲ ကိုပဲ သားအဖနှစ်ယောက် ပြန်ရောက်လာတဲ့ အခါ သားဖြစ်သူက ပူဆာပြန် ပါတယ်။ "အဖေ ဟိုမှာ ယုန်ကင်သည် ရှိသေးတယ်ဗျ။ သားကို ယုန်ကင် တကောင်လောက် ဝယ်ကျွေးပါ" ဆိုတယ်။

အဖေက "သားတကောင် ဘယ်လောက်လဲ သွားမေး" ဆိုတော့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က တကောင် ငါးကျပ်သာ ရှိတဲ့ယုန်ကင်ဟာ အခု တကောင် ငါးဆယ် ဖြစ်နေပါပြီ။ "ဟာ အဖေ ဈေးကြီးလိုက်တာ တကောင် ငါးဆယ်တဲ့ဗျ"

ဒီမှာသား ငါးဆယ် မကလို့ ငါးထောင် ဖြစ်နေပါစေ အခုအချိန်မှာ ငါ့သား စားချင်ရင် တကောင် မဟုတ်ဘူး နှစ်ကောင်စား" လို့ အဖေက ပြောတဲ့အခါ သားဖြစ်သူက အံ့သြတဲ့ မျက်နှာနဲ့ "ဟင် ဟိုတခါ သားစားချင်တယ် ဆိုတော့ အဖေ သားကို ဝယ်မကျွေးပဲ အခုတော့ နှစ်ကောင်တောင် ဝယ်ကျွေးနေပါ့လား အဖေရ"

"ဒီမှာသား ဟိုတခါ အဖေ ဝယ်မကျွေးခဲ့တာ အဲဒီတုန်းက သားအဖနှစ်ယောက် ဆင်းဆင်းရဲရဲနဲ့ ဘဝကို ဖြတ်သန်းနေတဲ့ အချိန်မှာ အဖေ့လက်ထဲ တဆယ်တန်လေး တရွက်ပဲ ရှိတယ် ငါ့သား။

အဲဒီအချိန် တုန်းက ယုန်တကောင် ငါးကျပ် အဖေ ဝယ်ကျွေးရင် ရနိုင်ပေမဲ့ အဖေ့လက်ထဲမှာ ကျန်ခဲ့မဲ့ ငါးကျပ်တန် တရွက်က အဖေတို့ သားအဖနှစ်ယောက် မနက်ဖြန် အတွက် တကယ်လိုအပ်မဲ့ ဆန်၊ ဆီ၊ ဆား စတာတွေကို ဝယ်ဖို့ မလုံလောက်ဘူးသား။

အဲ့ဒါကြောင့် သားကို ဝယ်ကျွေးချင်တဲ့ ဆန္ဒကို ချိုးနှိမ်ပြီး ဘိန်းမုန့် ၂ ခု တကျပ်ဖိုးသာ အဖေ ဝယ်ကျွေးခဲ့တာပါ။ အခု အဖေတို့က အရင်တုန်းကလို မဟုတ်တော့ဘူးလေ။ အခု အဖေတို့ ချမ်းသာနေပြီ။ ငါ့သား စားချင်တာ လုပ်ချင်တာ မှန်သမျှကို အခုအချိန်မှာ အဖေ အကုန် လုပ်ပေးနိုင်တယ် ငါ့သား" တဲ့။

ပုံပြင်လေး ကတော့ ဒါပါပဲ။ ကျွန်တော်တို့ တတွေလည်း ဘဝကို ကိုယ့်အားကိုယ်ကိုး ဖြတ်သန်းနေကြတဲ့ အချိန်မှာ လိုချင်တာ လုပ်ချင်တာ ဝတ်ချင်တာ စားချင်တာ မှန်သမျှကို ပုံပြင်ထဲက အဖေဖြစ်သူလို ဆန္ဒကို ချိုးနှိမ် ထားရပါမယ်။ ကိုယ့်ဘဝ ရပ်တည်ဖို့ ခက်ခဲနေတဲ့ အချိန်မှာ ပိုက်ဆံရှိ ချမ်းသာနေတဲ့ သူတွေနဲ့ လိုက်ပြီး တန်းမညှိသင့် ပါဘူး။

ဥပမာတခု ပြောရရင် အခုလက်ရှိ ပိုက်ဆံချမ်းသာတဲ့သူ တယောက်ဟာ ထမင်းတပွဲ ၁၀၀၀၀ ပေးပြီး စားနိုင်ပါတယ်။ အင်္ကျီတထည် ၅၀၀၀၀ ပေးပြီး ဝတ်နိုင်ပါတယ်။

အဲ့ဒီလိုပဲ ကျွန်တော်တို့ ခင်ဗျားတို့ တတွေဟာ အမြဲတမ်း မဟုတ်ပေမဲ့ အခါအားလျှော်စွာ သူဌေးတွေလို ထမင်းတပွဲ ၁၀၀၀၀ ပေးပြီး စားနိုင်သလို အင်္ကျီတထည် ၅၀၀၀၀ ပေးပြီး လိုက်ဝတ်နိုင် ပါတယ်။

ဒါပေမဲ့ တန်ဘိုးချင်း တူပေမဲ့ ပေးဆပ်ရပုံချင်း မတူပါဘူး။ ပိုက်ဆံချမ်းသာတဲ့ သူဌေးတယောက်ရဲ့ လုပ်အားနဲ့ ရတဲ့ ငွေတသိန်းဟာ မိနစ်ပိုင်းလေးနဲ့ ဖြစ်နိုင်ပေမဲ့ ကျွန်တော်တို့ တတွေရဲ့ လုပ်အားနဲ့ ရတဲ့ ငွေတသိန်း ကတော့ မိနစ်ပိုင်းလေးနဲ့ မဖြစ်နိုင် လို့ပါပဲ။ နောက်ဆုံးစကား အနေနဲ့ "ယုန်တကောင် ငါးကျပ် မစားနဲ့၊ ငါးဆယ်ဖြစ်မှ စားပါ" လို့ ပြောလိုက်ပါရစေ။

Post a Comment

0 Comments