ရောင်ပြန်ဟပ်သော စေတနာ

လှေကို ဆေးသုတ်ပေးဖို့ လှေပိုင်ရှင်က သူ့ကို အလုပ် အပ်တယ်။ စုတ်တံနဲ့ ဆေးဘူး ဝယ်ပြီး လှေပိုင်ရှင် လိုချင်တဲ့ အတိုင်း အနီရောင် တောက်တောက်လေး သုတ်ပေးလိုက်တယ်။

ဆေးသုတ်နေရင်းနဲ့ လှေဝမ်းဗိုက်မှာ အပေါက်လေး တပေါက် ပေါက်နေတာကို သတိထားမိတာနဲ့ အပေါက်လေးကိုပါ ဖာပေးလိုက်တယ်။ လှေတစီးလုံး ဆေးသုတ် ပြီးသွားတော့ လက်ခငွေ ယူပြီး သူ ပြန်လာခဲ့တာပေါ့။

နောက်နေ့ ကျတော့ လှေပိုင်ရှင်က သူ့ဆီ လာပြီး ချက်လက်မှတ် တစောင် ပေးတယ်။ ချက်လက်မှတ် ထဲမှာ ရေးထားတဲ့ ငွေပမာဏက တော်တော် များတယ်။ ဒီတော့ ဆေးသုတ်သမားလည်း အံ့အားသင့် နေတာပေါ့။

"ကျွန်တော့်ကို မနေ့က ဆေးသုတ်ခ ပေးပြီးသွားပါပြီ ခင်ဗျာ" လို့ ပြောတော့ လှေပိုင်ရှင်က "ဒါက ဆေးသုတ်ခ ပေးတာ မဟုတ်ပါဘူး။ လှေအပေါက်ကို ဖာပေးလို့ ပေးတာပါ" လို့ လှေပိုင်ရှင်က ပြန်ပြောသတဲ့။

"အော် ရပါတယ် ဆရာ။ ကျွန်တော် လုပ်ပေးတာ အသေးအဖွဲလေးပါ။ ဒီလောက် အများကြီး ပေးစရာ မလိုပါဘူး" ဆိုတော့မှ လှေပိုင်ရှင်က ဖြစ်ကြောင်းကုန်စင် ရှင်းပြတယ်။

"ဖြစ်ပျက်ခဲ့တာ တွေကို မိတ်ဆွေကြီးက မသိသေးဘူး ဆိုတော့ ကျွန်တော် ရှင်းပြပါ့မယ်။ လှေကို ဆေးသုတ်ခိုင်း တုန်းက လှေဝမ်းဗိုက်မှာ အပေါက် ရှိနေတာကို မပြောလိုက်မိဘူး။

ဆေးခြောက်သွားတာနဲ့ ကျွန်တော့် ကလေးတွေက လှေကို ယူပြီး ငါးမျှားထွက် ကြတယ်လေ။ သူတို့ကလည်း လှေဝမ်းဗိုက်မှာ အပေါက် ရှိနေမှန်း မသိကြဘူး။ အဲဒီအချိန်မှာ ကျွန်တော်ကလည်း အိမ်မှာ မရှိဘူးလေ။

ကျွန်တော် အိမ်ပြန်ရောက်တော့ ကလေးတွေ လှေယူသွားမှန်း သိလိုက်ရတာနဲ့ ထိတ်ခနဲ ဖြစ်သွားတော့တာပေါ့။ လှေဝမ်းဗိုက် ပေါက်နေတာကို ကျွန်တော် သတိရ သွားတယ်လေ။

သူတို့တွေ ငါးမျှားထွက်ရာ ကနေ ဘေးမသီ ရန်မခဘဲ ပြန်လာတာ မြင်လိုက်ရတော့ ကျွန်တော် ဘယ်လောက်တောင် ပျော်သွားလဲဆိုတာ မိတ်ဆွေကြီး တွေးကြည့်လိုက်ပေါ့ဗျာ။ လှေကို ပြေးကြည့်လိုက်တော့မှ မိတ်ဆွေကြီးက အပေါက် ဖာပေးထားမှန်း သိတာ။

အခုတော့ မိတ်ဆွေကြီးလည်း ဖြစ်ကြောင်းကုန်စင် သိရပါပြီ။ ကျွန်တော့် ကလေးတွေ အသက်ကို မိတ်ဆွေကြီး ကယ်ပေးလိုက်တာပဲ။ ခင်ဗျားပြောတဲ့ စေတနာ အသေးအဖွဲလေး အတွက် ကျွန်တော်ပေးတဲ့ ငွေပမာဏက အများကြီး နည်းပါတယ်။

အဲဒီစေတနာကို ထိုက်ထိုက် တန်တန် ပြန်ပေးဆပ်ဖို့ ဆိုရင် ကျွန်တော့် ပိုင်ဆိုင်မှု နဲ့တောင် မလောက်ပါဘူး" လို့ လှေပိုင်ရှင်က ရှင်းပြလိုက် ပါတော့တယ်။

ဘယ်သူ့ကိုမဆို ဘယ်အချိန်မှာ ဘယ်လို ပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ ဘက်က ကူညီပေးလိုက်ပါ။ ကိုယ်တွေ့လိုက်မိတဲ့ အပြစ် အနာအဆာ၊ ချွတ်ယွင်းချက် တွေကို ပြုပြင်ဖာထေး ပေးလိုက်တာဟာ တခြားသူတွေအတွက် ဘဝတသက်တာ မေ့မရနိုင်တဲ့ ကူညီမှု ဖြစ်သွားနိုင်ပါတယ်။

ကိုယ်စွမ်းသလောက် အကောင်းဆုံး လုပ်ပေးခြင်းဟာ ကြီးမားတဲ့ အပြောင်းအလဲ တွေကို ဖြစ်စေလို့ပါပဲ။ တချိန်မှာ ကိုယ့်ရဲ့စေတနာ ကလည်း အံ့အားသင့်ဖွယ် ရောင်ပြန် ဟပ်လာပါလိမ့်မယ်။ Ref: Red Boat! An Inspiring Story About Helping Others Team. phoomyatchal

Post a Comment

0 Comments