ဆားတဇွန်းစာ ချစ်ပါတယ်

တခါတုန်းက သူဌေးကြီး တဦးမှာ သမီး သုံးယောက် ရှိပါတယ်။ တနေ့မှာ ဖခင် သူဌေးကြီးက သမီးသုံးဦးကို သူ့အား ဘယ်လောက် ချစ်သလဲ လို့ မေးပါတယ်။ အဓိက ကတော့ သူပိုင်ဆိုင်တဲ့ အမွေတွေကို ခွဲပေးဖို့ပါဘဲ။

ပထမသမီးက သူ့ကို လမင်းကြီးလောက် ချစ်ပါတယ် လို့ ဆိုပါတယ်။ ဒုတိယသမီးက သူ့ကို နေမင်းကြီးလောက် ချစ်ပါတယ်တဲ့။ အငယ်ဆုံး သမီးလေး ကတော့ ဖခင်ကြီးကို ဆားတဇွန်းစာလောက် ချစ်ပါတယ် လို့ ဆိုပါတယ်။

ဒီအခါမှာ ဖခင်ကြီးက သူ့ကို တကယ်ချစ်တဲ့ သမီးကြီးနဲ့ သမီးလတ်ကို အမွေ အများဆုံး ခွဲဝေပေး ခဲ့ပြီး ဆားတဇွန်းစာသာ ချစ်တဲ့ သမီးငယ် ကိုတော့ အနည်းဆုံး ဝေစုကိုသာ အမွေပေး ခဲ့ပါတယ်။

သူပိုင်ဆိုင်တဲ့ အမွေတွေ အားလုံးကို ခွဲဝေပြီးတဲ့ အခါမှာတော့ သူဌေးကြီးဟာ သူ့သမီးတွေ ဆီကို အလှည့်ကျ သွားရောက် လည်ပတ်လို့ နေပါတော့တယ်။ သမီးတွေလည်း အိမ်ထောင်ရက်သားများ ကျလို့ သားသမီးတွေလည်း ထွန်းကားကြ ပါတယ်။

ဒီလိုနဲ့ အချိန်တွေ ကြာလာတဲ့ အခါမှာတော့ သမီးကြီးနဲ့ သမီးလတ်ဟာ ဖခင် လာရောက်တာကို မကြည်ဖြူ ကြတော့ ပါဘူး။ အလုပ်ပိုကြီး တခု ပိုလာတယ်လို့ မြင်လာပါတယ်။

ဖခင်ကြီး ကလည်း သူ့ကို ပိုချစ်တဲ့ သမီးနှစ်ယောက်ဆီ ကိုဘဲ အများဆုံး သွားရောက် နေတာကိုး။ နောက်ဆုံး မှာတော့ သူ့ရဲ့သမီး နှစ်ယောက်ဟာ သူ့ကို နှင်လွှတ်တဲ့ အထိ ဖြစ်လာတော့တာ ပါဘဲ။

သူဌေးကြီးလည်း စိတ်ပျက်လက်ပျက်နဲ့ သူ့သမီးငယ်ဆီ ရောက်လာပါတယ်။ သမီးငယ်က သူ့ကို ခရီးဦး ကြိုဆိုပြီး စားဖွယ် သောက်ဖွယ်များ ကျွေးမွေး ပါတယ်။

သူလည်း ဗိုက်ဆာဆာနဲ့ စားတဲ့ အခါမှာ ဟင်းတွေ အားလုံးဟာ ပေါ့ရွှတ်လို့ နေပါတယ်။ ဒီတော့မှ သမီးငယ်လေးက ဖခင်အား အခုလို ပြောပါတယ်။

သမီးငယ်က "ဆားမပါတဲ့ ဟင်းဟာ ဘယ်လိုပင် ကောင်းကောင်း အရသာ မရှိပါဘူး။ ပြီးတော့ ဆားလေး တဇွန်း ဆိုပေမယ့် အထဲမှာ ဆားပွင့်လေးပေါင်း မရေမတွက် နိုင်အောင် များပြား ပါတယ်။

သမီးက အဖေ့ကို အဲ့ဒီ ဆားပွင့်လေး တွေလောက် မရေမတွက် နိုင်အောင် ချစ်တာပါ" လို့ ပြောလိုက်ပါတယ်။ ပြီးတော့မှ ဆားထည့်ပြီး ချက်ပြုတ် ထားတဲ့ ဟင်းလျှာများကို လဲလှည်ပြီး ဖခင်ကြီးအား သက်ဆုံးတိုင် ပြုစုစောင့်ရှောက် သွားပါတော့တယ်။

ဆားလေး တဇွန်းဟာ ဟင်းလျှာများရဲ့ အရသာကို ပြည့်စုံစေသလို ဖြူစင်တဲ့ မေတ္တာတရား ဟာလည်း လောကရဲ့ အရသာကို ပြီးပြည့်စုံ စေပါတယ်။ phoomyatchal

Post a Comment

0 Comments