စေတနာ အမှား သေရွာသွား

မဂဓတိုင်း၏ ရွာငယ်လေး တခုတွင် ဖြစ်သည်။ ထိုရွာရှိ ရွာသူ ရွာသားများသည် အလွန် ရိုးသားကြသည်။ ရိုးလွန်းသည့် အပြင် ဆင်ခြင်ဉာဏ်လည်း ကင်းသောကြောင့် မိုက်မဲသူများ ဟု ခေါ်ဆိုရမည့် အနေအထားကို ရောက်နေကြသူများ ဖြစ်သည်။

ရွာသားတို့သည် သစ်ခုတ်ခြင်းဖြင့် အသက်မွေး ကြသူများ ဖြစ်ကြသည်။ သူတို့ တောထဲသို့ သစ်ခုတ်ထွက်လျှင် ရင်ဆိုင်ကြရသည့် ပြဿနာမှာ မှက်များ ကိုက်ခြင်းကို ခံကြရခြင်း ဖြစ်သည်။

မှက်ကိုက်လွန်း သောကြောင့် တောထဲရောက်လျှင် အလုပ်ပျက်၊ အအိပ်ပျက်ကြသည် ဖြစ်ရာ မှက်ရန်ကို မည်သို့ ကာကွယ်ကြမည်နည်းဟု စုဝေးတိုင်ပင် ကြကုန်သည်။

အားလုံးထဲတွင် ခေါင်းဆောင်ဖြစ်သူက ဆုံးဖြတ်သည်။ "ငါတို့သည် မှက်တို့ကို ငါတို့တွင် ရှိသော ဓား လှံ လက်နက် များဖြင့် ထိုးခုတ် သတ်ဖြတ်ကြအံ့" ဟု ကြံစည်ပြီး တောထဲကို ဝင်ကြသည်။ တောထဲ ရောက်လျှင် သစ်များကို ခုတ်သော်လည်း မှက်များကို လိုက်လံ ထိုးခုတ် နေရသောကြောင့် အလုပ် မတွင်။

ပိုဆိုးသည်က မှက်ကိုက်သည်ကို ဓားနှင့် ရမ်းလိုက်လျှင် ဘေးတွင် အလုပ်လုပ်နေသော တဦးဦးကို ထိခိုက်မိခြင်း ဖြစ်သည်။ မှက်ကို လိုက်ကာ ထိုးခုတ် သတ်ဖြတ်ရင်းက မှက်ကိုမထိ လူတွေကို ထိကုန်သဖြင့် အလုပ်လည်း ဆက်မလုပ်နိုင် ဖြစ်ကြသည်။ ဒဏ်ရာ ရရှိထားသော လူနာများကို ရွာသို့ ပြန်ကာ သယ်ဆောင်လာ ကြသည်။

တရွာလုံး ဒဏ်ရာရသူများ ပြည့်နေပြီး နေရာအနှံ့ အိပ်စက် ညည်းညူကာ နေကြလေ တော့သည်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ထိုလူမိုက်တို့ နေထိုင်သည့် ရွာအတွင်းသို့ ဆွမ်းခံကြွခြင်း ပြုလာလေသည်။ ရွာထဲတွင် ပညာရှိသူ အနည်းငယ်က ဘုရားရှင်အား အလှူပေးပြီး တရားနာ ကြသည်။

ဘုရားရှင်က "အချင်းတို့ သင်တို့ ရွာထဲတွင် လူနာတွေ များလွန်းလှသည်။ အဘယ်ကြောင့် ဤမျှ လူနာတွေ များနေရ သနည်း" ဟု မေးတော်မူသည်။ တရားလာနာသူ အပေါင်းကလည်း

"အရှင်ဘုရား ဤရွာတွင် အဆင်ခြင် နည်းသည့် လူမိုက်တွေ ပေါများလှပါသည်။ တောထဲဝင်ပြီး သူတို့ကို ကိုက်သည့် မှက်များနှင့် စစ်တိုက် ကြပါသည်။ မှက်များကို စစ်ခင်းရာတွင် မှက်ကို မထိ အချင်းချင်းထိပြီး ဒဏ်ရာရသူတွေ ပေါများလာခြင်း ဖြစ်ပါသည်" ဟု လျှောက်ထားကြ လေသည်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မှက်ကို ရန်ပြုသော လူမိုက်တို့သည် ယခုမှသာ ရှိကြသည် မဟုတ်။ ရှေးယခင် ကလည်း ရှိခဲ့ဖူးကြောင်းကို အတိတ်ဆောင်ကာ ဟောပြော ဆုံးမတော် မူခဲ့သည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း မင်းပြုစဉ်က ဖြစ်သည်။ ကာသိတိုင်း၊ ပစ္စန္တရာဇ်ရွာတွင် လက်သမားအလုပ်နှင့် အသက်မွေးသူတို့ နေထိုင်ကြ လေသည်။

ဘုရားလောင်း ကုန်သည်သည် ထိုရွာသို့ သွားကာ ကုန်သွယ်ခြင်းကို ပြုရာမှ ထူးဆန်းသည့် လက်သမားတို့ အလေ့အထကို တွေ့ခဲ့ရသည်။ တနေ့တွင် လက်သမား တယောက်သည် သစ်လိုသောကြောင့် တောထဲသို့ သစ်လာခုတ်သည်။ သူနှင့်အတူ သားဖြစ်သူလည်း အတူ လိုက်လာသည့်အပြင် ရွာသားများလည်း ပါလာကြလေသည်။

ထိပ်ပြောင်သော လက်သမားသည် သစ်ခုတ်ပြီးနောက် သစ်ရွေခြင်း အမှုကို ပြုနေစဉ် သူ၏ ထိပ်ပြောင်ကြီး ပေါ်သို့ မှက်တကောင်က လာနားပြီး ကိုက်ခဲလေတော့သည်။ ဖခင် လက်သမားကြီးက သားဖြစ်သူကို "ချစ်သား ဖခင်၏ ဦးခေါင်းပေါ်တွင် မှက်တကောင် ကိုက်ခဲနေသည် အမြန် ခြောက်ထုတ်လိုက်ပါ" ဟု ပြောလိုက်လေသည်။

သားဖြစ်သူကလည်း "ဖခင် မစိုးရိမ်လင့်။ ဖခင်ကို ဒုက္ခပေးနေသည့် မှက်ကို ကျွန်ုပ် အသေ သတ်လိုက်ပါမည်" ဟု ဆိုလိုက်သည်။ သားသည် အနီးတွင် ရှိနေသော ပုဆိန်ကို ကောက်ကိုင်လိုက်ပြီး ဖခင်ခေါင်းတွင် နားနေသည့် မှက်ကို သေချာစွာ ချိန်ရွယ်ကာ တချက်တည်း ထုချလိုက်လေသည်။ ဖခင်သည် ခေါင်းကွဲကာ ထိုနေရာတွင်ပင် အသက် ဆုံးရှုံးရလေသည်။

ကုန်သည်သည် ထိုအကြောင်းကို သိရသည့်အခါတွင် အလွန် အံ့အားသင့်မိသည်။ လူတို့၏ စဉ်းစား ဆင်ခြင်ဉာဏ် နည်းပါးခြင်းကြောင့် အသက် ဆုံးရှုံးရသည်ကို သံဝေဂ ယူပြီး

"အချင်းတို့ ရန်သူပင် ဖြစ်သော်လည်း ပညာရှိသူက ပညာမဲ့ စဉ်းစားဆင်ခြင်ဉာဏ် နည်းသူထက် မြတ်လှပေသည်။ ရန်သူသည် ပညာရှိသောကြောင့် မင်းဒဏ်ကို ကြောက်သည်။ မင်းပြစ်ဒဏ်ကို ကြောက်ရမှန်း သိသောကြောင့် လူမသတ်။ လူမိုက်တို့ကား ကြောက်ရမှန်းမသိ စဉ်းစားဆင်ခြင်ဉာဏ် မဲ့သဖြင့် သတ်ရမှန်း မသတ်ရမှန်း မစဉ်းစား မဆင်ခြင်နိုင် သတ်သည်သာ ဖြစ်သည်"

"အချင်းတို့ ပညာရှိရန်သူသည် မိုက်မဲသော အဆွေခင်ပွန်းထက် မြတ်သေးသည်။ မိုက်သူတို့နှင့် အဆွေခင်ပွန်း ဖြစ်ရသည်မှာ မမြတ်။ အချိန်မရွေး ဒုက္ခပေးနိုင်သည်" လက်သမားသည်လည်း မဆင်မခြင် ခိုင်းသည်။ သားဖြစ်သူ ကလည်း စေတနာပြုလုပ်သည် ဆိုစေ မှက်ကို ပေးသည့် ဒဏ်ထက် လူကပိုပြီး ဒုက္ခရောက်နိုင်ကြောင်း ဆင်ခြင်တုံတရား မဲ့လှသည်။

အချို့သော ကိစ္စများတွင် ပညာဖြင့် ဆုံးဖြတ်တတ်ရန် လိုသည်။ ပညာမရှိသူများမှာ ကောင်းကျိုးဆိုးပြစ် စဉ်းစား ဝေဖန်နိုင်အားနည်းလှသည်။ ထို့ကြောင့် မှက်ကိုက်သည့် ခေါင်းကို ပုဆိန်နှင့် ထုသည်။ မှက်က ပြေးချင်လည်း ပြေးနိုင်သည်။ သေချင်လည်း သေနိုင်သည်။

မှက်ကို လက်နှင့် ရိုက်လိုက်လျှင် သေနိုင်ပါလျက် ပုဆိန်ဖြင့် ထုခြင်းမှာ စေတနာအမှား ဆိုစေ ဆင်ခြင်စရာ ကောင်းလှသည်။ ပညာမဲ့သူ၏ စေတနာအမှားသည် အသက်ဆုံးရှုံးသည်အထိ ဒုက္ခပေးတတ်ကြောင်း ဘုရားလောင်းက တရားပြကာ ထိုရွာမှ ထွက်သွားသည်။ (ရည်ညွှန်း - ငါးရာ့ငါးဆယ် နိပါတ်တော်၊ မကသဇာတ်) တင်ညွန့်

Post a Comment

0 Comments