ချမ်းသာသော ဆင်းရဲသားလေး

တခါတုန်းက ရွာတရွာမှာ လူချမ်းသာ တယောက်နဲ့ လူဆင်းရဲ တယောက်ဟာ ဘေးချင်းကပ်ရပ် နေထိုင်ကြ ပါတယ်။ လူချမ်းသာမှာ ငွေကြေးဥစ္စာ ပြည့်စုံပါလျက်နဲ့ ဘယ်တော့မှ အိပ်ကောင်းခြင်း စားကောင်းခြင်း မရှိရှာပါဘူး။

ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ ပိုင်ဆိုင်သမျှ ဥစ္စာပစ္စည်းတွေ အတွက် ဘယ်သူတွေ အလွဲ သုံးစား လုပ်မလဲ၊ ဘယ်သူတွေ လိမ်ညာသွားမလဲ ရယ်လို့ တွေးတော ပူပန်နေရတာ ပါပဲ။

ဒါပေမယ့် ဆင်းရဲသားကို ကြည့်လိုက်ရင်တော့ မရှိ ရှိတာ စားသောက်နေရင်း နဲ့ကို ပျော်ရွှင်နေတာကို လူချမ်းသာက အမြဲလိုလို မြင်တွေ့နေ ရပါတယ်။

အဲဒီအခါ လူချမ်းသာဟာ သူပိုင်ဆိုင်တဲ့ ပစ္စည်းတချို့ကို သေတ္တာတလုံးနဲ့ ထည့်ပြီး လူဆင်းရဲ အိမ်ကို သွားပေးပါတယ်။ "မင်းအတွက် လက်ဆောင်အဖြစ် ယူပါ။ လိုသလို သုံးပါ" ဆိုပြီး ပေးခဲ့ပါသတဲ့။

အဲဒီ ရတနာသေတ္တာ ရောက်လာတဲ့ ညက စပြီး လူဆင်းရဲဟာ ကောင်းကောင်း အိပ်မပျော် တော့ပါဘူး။ စားလည်း မဝင်နိုင် ပါဘူး။

သေတ္တာကို ဘယ်သူများ သိသွားမလဲ။ ဘယ်သူတွေ ခိုးယူမလဲ ဆိုတဲ့ စိတ်တွေကြောင့် ပါပဲ။ အဲဒီ စိတ်နဲ့ပဲ လူဆင်းရဲဟာ တပတ်လောက် အကြာမှာ တမှိုင်မှိုင် တတွေတွေ ဖြစ်လာပါတော့တယ်။

ကြာလာတော့ လူဆင်းရဲဟာ အဲဒီဒဏ်ကို မခံနိုင်တော့ပါဘူး။ ထိုသေတ္တာကို လူချမ်းသာရဲ့ အိမ်ကို သွားကာ ပြန်ပေးလိုက်ပါတယ်။

"မိတ်ဆွေရဲ့ သေတ္တာကို ပြန်ယူလိုက်ပါတော့။ တကယ်တော့ ငွေကြေးနဲ့ ရတနာတွေ ကြွယ်ဝ ချမ်းသာခြင်းဟာ တကယ့် ချမ်းသာခြင်း အစစ် မဟုတ်မှန်း ကျွန်တော် သဘောပေါက် သွားပါပြီ။

ဘာမှ မရှိပေမယ့် ကျွန်တော့ရဲ့ ချမ်းသာခြင်း အစစ်အမှန် ကိုသာ ကျွန်တော် ပြန်လိုချင်ပါတယ်။ အဲဒါကြောင်း ဒီသေတ္တာကို ပြန်ယူလိုက်ပါ" ဆိုပြီး လူချမ်းသာရဲ့ သေတ္တာကို ပြန်ပေးလိုက် ပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ဆင်းရဲပေမယ့် ပူပန်မှု မရှိတဲ့ ဘဝဟာ အမှန်တကယ် အေးချမ်းခြင်းသာ ဖြစ်ကြောင်း ပြောပြထားတာပဲ ဖြစ်ပါတယ်။

တကယ်တော့ လိုချင် တပ်မက်တဲ့စိတ် မရှိတဲ့အခါ လောဘလည်း မဖြစ်ပေါ် နိုင်တာမို့ အမှန်တကယ် အေးချမ်းရတယ် ဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments