ကြောင်လေးတွေ၊ ခွေးတွေရဲ့နှာခေါင်းက စိုနေရင် ကျန်းမာရေးကောင်းလား

ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ ကျန်းမာရေးကို သူတို့ရဲ့နှာခေါင်းကို ကြည့်ပြီး ခန့်မှန်းလို့ရပါတယ်။ ဥပမာအားဖြင့် နှာခေါင်းကအေးပြီး စိုနေရင် ခွေးလေးတွေ၊ ကြောင်လေးတွေ ကျန်းမာပါတယ်။

ဒါပေမယ့် အရာအားလုံးတိုင်းက အမြဲတသမတ်တည်း မဟုတ်တာကြောင့် တစ်ထစ်ချဆုံးဖြတ်လို့လည်း မရနိုင်ပြန်ပါဘူး။ ခွေးလေးတွေ ကြောင်လေးတွေရဲ့ နှာခေါင်းက စိုနေသင့်လား၊ ခြောက်သွေ့နေသင့်လားဆိုတဲ့ အကြောင်းကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

နှာခေါင်းရဲ့ပုံမှန်အခြေအနေ

ခွေးလေးတွေ ကြောင်လေးတွေရဲ့ နှာခေါင်းက စိုနေတာပဲဖြစ်ဖြစ်၊ ခြောက်သွေ့နေတာပဲဖြစ်ဖြစ် သူတို့ရဲ့ကျန်းမာရေးက ကောင်းမွန်ပါတယ်။ ကြောင်နှာခေါင်းရဲ့အစိုဓာတ်က တစ်နေ့ထဲမှာ အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ မနက်ခင်းပိုင်းမှာ စိုနေပြီး နေ့လယ်ပိုင်းမှာတော့ ခြောက်သွေ့နိုင်တတ်ပါတယ်။

စိုနေတဲ့နှာခေါင်း

ကြောင်လေးတွေက စိုနေတဲ့လက်နဲ့ သူတို့မျက်နှာကို ပွတ်တိုက်ပြီး သန့်ရှင်းရေးလုပ်တတ်ကြပါတယ်။ ခွေးလေးတွေမှာလည်း နှာခေါင်းကို လျှာနဲ့ ပြန်လျက်ပြီး သန့်ရှင်းရေးလုပ်ကြပါတယ်။ စိုနေတဲ့နှာခေါင်းက ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ ကိုယ်တွင်းအပူချိန်ကို ညီမျှအောင် ထိန်းသိမ်းပေးပါတယ်။

စိုနေတာကြောင့် အပူလွန်တာလည်း မဖြစ်တော့ပါဘူး။ နောက်ထပ်တစ်ခုကတော့ အနံ့ခံဖို့အတွက်ပါ။ ကြောင်တွေရဲ့လျှာမှာလည်း အရသာခံစားတဲ့အဖုလေးတွေ အနည်းငယ်ပါဝင်ပါတယ်။ ကြောင်လေးတွေက အစားမစားခင်မှာ အစားကို သေသေချာချာ အနံ့ခံကြည့်ကြပါတယ်။

နှာခေါင်းက စိုနေတဲ့အခါ အနံ့ကို ပိုပြီး ခံနိုင်လာပါတယ်။ အဲဒါကြောင့် ခွေးလေးတွေ၊ ကြောင်လေးတွေမှာ နှာခေါင်းက စိုနေတတ်ပြီး ဒါက သဘာဝတစ်ခုပါပဲ။

ခြောက်သွေ့နေတဲ့နှာခေါင်း

ခွေးလေးတွေ ကြောင်လေးတွေအတွက် နှာခေါင်းက စိုနေဖို့ အရေးကြီးသလို နှာခေါင်းခြောက်သွေ့နေတာကလည်း ပြဿနာတစ်ခုမဟုတ်ပါဘူး။ ခွေးတွေက အိပ်ရာက နိုးလာရင်နှာခေါင်းကို လျှာနဲ့မလျက်ရသေးတဲ့အတွက် ခြောက်သွေ့နေတတ်ပါတယ်။

ကြောင်တွေမှာလည်း အိပ်ရာနိုးခါစမှာ နှာခေါင်းက ခြောက်သွေ့နေတတ်ပါတယ်။ ခွေးလေးတွေ၊ ကြောင်လေးတွေက နွေးထွေးတဲ့နေရာတွေမှာ သွားနေရတာကိုလည်း တစ်ခါတရံမှာ သဘောကျပါတယ်။ နေရောင်ရဲ့အပူကြောင့် သူတို့ရဲ့နှာခေါင်းကလည်း ခြောက်သွေ့သွားတတ်ပါတယ်။

အဲဒါကြောင့် နှာခေါင်းက ခြောက်သွေ့နေရင်လည်း အရမ်းစိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ နှာခေါင်းခြောက်သွေ့နေရင် စိတ်ပူရမယ့်အချိန်တော့ ရှိပါတယ်။

နှာခေါင်းက အချိန်အကြာကြီး ခြောက်သွေ့နေပြီး အစားစားချင်စိတ်မရှိဘဲဖြစ်နေတာ၊ ရေငတ်နေတာ၊ ကိုယ်အလေးချိန်ကျလာတာ၊ အန်လာတာဆိုရင်တော့ ဆရာဝန်နဲ့ ပြသပေးသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments