လူသားနှင့် ပျားရည်

တခါက လူတယောက်ဟာ ထင်းခွေဖို့ အတွက် တောထဲကို ထွက်ခဲ့သတဲ့။ ထမင်းထုတ်၊ ရေဘူး၊ ဓါး စသဖြင့် ပစ္စည်း ပစ္စယစုံလင်စွာ နဲ့ပေါ့။ ဒီလိုနဲ့ တောထဲကို ရောက်တော့ ထင်းခုတ်ခြင်း အမှုကို ပြုပါတယ်။

ဒါပေမယ့် ချက်ချင်း ထင်းစိုက်လို့ရတဲ့ ထင်းခြောက် ဆိုတာကလဲ မိုးတွင်း ဆိုတော့ အတော့်ကို ရှားပါးနေတဲ့ အချိန်ပေါ့။ ဒီလိုနဲ့ သူလည်း ထင်းခြောက်ကို ရှာရင်းနဲ့ တောတွင်းရဲ့ အတော် နက်နက်ထဲကို ရောက်မှန်းမသိ ရောက်သွား ပါတယ်။

တနေရာကို ရောက်တော့ ဗြုန်းဆို ကျားကြီးတကောင်နဲ့ ပက်ပင်း တိုးပါလေရော။ ပထမတော့ ကျားကြီးရော၊ လူပါ ကြောင်တောင်တောင် ဖြစ်ပြီး တယောက်ကို တယောက် ကြည့်ရင်း မှင်သက်မိနေ ကြပါတယ်။ အရင်ဦးဆုံး သတိဝင် လာတာကတော့ လူပါပဲ။

"အား" လို့ အော်ပြီး တချိုးတည်း နောက်လှည့် ပြေးပါတော့တယ်။ သူ့မှာ ပါလာတဲ့ ပစ္စည်းပစ္စယ တွေလည်း ဘယ်နေရာမှာ ကျကျန်ခဲ့မှန်း မသိအောင် စွတ်ပြေးတော့ တာပေါ့။

ကျားကလည်း အစာ မစားရတာ ရက်သတ္တပါတ် ဘယ်လောက် ကြာပြီမှန်း မသိဘူး အဲဒီလူ ပြေးတဲ့ နောက်ကို တစိုက်မတ်မတ် လိုက်လာပါတယ်။

လူကရှေ့ကပြေး ကျားက နောက်ကလိုက်နဲ့ ခဏလည်း နေရော ရှေ့က ပြေးနေတဲ့ လူဟာ တွင်းကြီး တတွင်းထဲကို ရုတ်တရက် ပြုတ်ကျသွား ပါလေရော။

အဲဒီလူဟာ ကြောက်ကြောက်လန့်လန့်နဲ့ ဆွဲမိဆွဲရာကို ဆွဲလိုက်တာ တွင်းနံရံမှာ ကပ်ပေါက်နေတဲ့ သစ်ပင်ရဲ့ အကိုင်းတခုကို ဆွဲမိပြီး တွဲလောင်းကြီး ဖြစ်နေပါတယ်။ တွင်းရဲ့ အောက်ခြေကို ငုံ့ကြည့်လိုက်တော့ အားပါးပါး လူ့ ပေါင်လုံးလောက် လုံးပတ်ရှိတဲ့ မြွေကြီး တကောင် အကျအန ခွေနေတာကို တွေ့လိုက်ရပါတယ်။

ပြုတ်ကျလိုက် ရင်တော့ အတော့်ကို မလွယ်တဲ့ အခြေအနေပါ။ အပေါ်ကို မော့ကြည့်လိုက်တော့လည်း သူ့နောက်က တစိုက်မတ်မတ် လိုက်လာတဲ့ ကျားကြီးဟာ တွင်းဘောင်မှာ ဇွဲနပဲနဲ့ ထိုင်စောင့် နေပါတယ်။

ဒီလိုနဲ့ ဟိုကြည့်နဲ့ လျှောက်ကြည့်လိုက်တာ သူဆွဲခိုထားတဲ့ သစ်ကိုင်းမှာ ပျားအုံတခုကို တွေ့လိုက်ပါတယ်။ ပျားရည်တွေဟာလည်း ရွှန်းစိုဝင်းအိပြီး စားချင်စဖွယ် မွှေးကြိုင်နေပါတယ်။

မနက် ကတည်းက ဘာမှမစားရ သေးပဲ ကြောက်ကြောက်နဲ့ စွတ်ပြေးလာ လိုက်တာ ပျားအုံကို တွေ့တော့ ဘေးအန္တရယ် တွေ့နေပေမယ့် မေ့သွားပြီး အဲ့ဒီပျားအုံက ပျားသလက်တွေကို လွတ်နေတဲ့ လက်တဖက်နဲ့ တဖဲ့ခြင်း ယူစားနေ ပါတော့သတဲ့။

ပုံပြင်ကတော့ ဒီနေရာမှာ ဆုံးသွားပါတယ်။ မဆုံးသေတာကတော့ အတွေးတွေပါ။ လူသားဆိုတဲ့ သတ္တဝါဟာ အပေါ်မှာလည်း အန္တရယ် အောက်မှာလည်း သေမင်း ဒီလို အကျပ်အတည်း တွေ့နေချိန် မျိုးမှာတောင် ပျားရည်နဲ့ တူတဲ့ အမြိုက်အရသာကို တွေ့ရင် မနေနိုင်ပါဘူး။ ရအောင် ခံစားနိုင် ပါသေးတယ်။

ပြောချင်တာကတော့ လူသားဟာ လူပီသစွာပဲ အခက်အခဲတွေ ဘယ်လောက် တွေ့နေပါစေ။ အချစ်ဆိုတဲ့ အမြိုက် ပျားရည်ကို ရှာဖွေ ပါတယ်။ မရှာဖွေ ရင်တောင်မှ မျှော်လင့်မိတတ် ကြပါတယ်။ phoomyatchal

Post a Comment

0 Comments