ပုလဲဖြစ်ချင်တဲ့ သဲပွင့်

ဟိုးရှေးရှေးတုန်းက ကမာကောင်မွေးသူ တယောက်ဟာ အလှဆုံး အကြီးဆုံး ပုလဲတလုံး ပျိုးဖို့ စိတ်ကူး လိုက်တယ်။ ဒါကြောင့် သူဟာ ပင်လယ်ကမ်းစပ်ကို သွားပြီး သဲရွေးခဲ့တယ်။

သဲတပွင့် ရွေးတိုင်း သဲတွေကို ပုလဲ ဖြစ်ချင် မဖြစ်ချင် သူ မေးခဲ့တယ်။ အမေးခံရတဲ့ သဲတိုင်းက ပုလဲ မဖြစ်ချင်ကြောင်း ခေါင်းခါ ငြင်းဆန် ကြတယ်။

ကမာကောင် မွေးသူဟာ မနက်ကနေ ညနေ အထိရွေးခဲ့ပေမယ့် ပုလဲ ဖြစ်ချင်တဲ့သဲ တပွင့်တောင် မတွေ့ခဲ့ဘူး။ သူမျှော်လင့်ချက် မဲ့နေချိန်မှာ သဲတပွင့်က ပုလဲ ဖြစ်ချင်တယ်လို့ ဆိုလာတယ်။

ပုလဲ ဖြစ်ချင်တဲ့ သဲပွင့်ကို ဘေးက ကျန်တဲ့ သဲတွေက လှောင်ရယ် ကြတယ်။ သဲပွင့်ကို "တုံး အ တယ်၊ ဆွေမျိုး အပေါင်းအသင်းကို ခွဲပြီး ကမာကောင် ဝမ်းထဲ ဝင်တယ်၊

နေမမြင် လမမြင်၊ စိုထိုင်းထိုင်းနဲ့ လေဝဝ မရှုရသလို မှောင်မည်းမည်း၊ အေးစက်စက်၊ တယောက်တည်း အထီးကျန် ရတယ်၊ သွားနေဖို့ မထိုက်ဘူး" လို့ ဝိုင်းရယ်ကြတယ်။

အပေါင်းအသင်းတွေ ဘယ်လိုပဲ လှောင်ရယ် လှောင်ရယ် သဲပွင့်ဟာ နောင်တ မရစတမ်း ကမာကောင်မွေးသူနောက် လိုက်သွားခဲ့တယ်။

ဒီလိုနဲ့ ရက်မှ လ၊ လမှ နှစ် အလီလီ ပြောင်းခဲ့တယ်။ သဲပွင့်လေးဟာ အခက်အခဲ၊ ဆင်းရဲဒုက္ခ တွေကို ခံပြီး လှပ လင်းလက်တဲ့ အဖိုးတန် ပုလဲတလုံး ဖြစ်လာခဲ့တယ်။

သူ့ကို လှောင်ရယ်ခဲ့တဲ့ သဲပွင့်တွေ ကတော့ ပင်လယ်ကမ်းစပ်မှာ သဲမှုန်တွေ အဖြစ်နဲ့ တည်ရှိနေတုန်း ပါပဲ။ တကယ်တော့ လူတိုင်း အဖိုးတန် "ပုလဲ" တလုံး ဖြစ်နိုင်ပါတယ်။

လူတိုင်း လူတိုင်းမှာ ကိုယ်ပိုင် အရည်အချင်း ကိုယ်စီ ရှိကြပါတယ်။ လှပတဲ့ အဖိုးတန် ပုလဲတလုံး ဖြစ်ချင်ရင် ပြသနာအခက်အခဲ တွေ့တိုင်း မတွန့်ဆုတ် ရဘူး၊ တခြားလူနဲ့ မတူလို့ ဆိုပြီး ကိုယ့်ကိုယ်ကို မသိမ်ငယ်ရ ပါဘူး။

လူ့ဘဝ ဆိုတဲ့ ကမာကောင်ထဲ နေပြီး ဖြစ်လာသမျှ ဆင်းရဲဒုက္ခ အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင် ဖြေရှင်းနိုင်ခဲ့မယ် ဆိုရင် အဖိုးတန် လှပတဲ့ ပုလဲတလုံး ဖြစ်နိုင်ပါတယ်။

သင်ဟာ ဘယ်လို လူစားမျိုးလဲ။ သဲဘဝမှာ ပျော်နေပါ သလား၊ ပုလဲ ဖြစ်ချင်နေတဲ့ ကြိုးစားနေ သူလား။ သင်ကိုယ်တိုင် ရွေးချယ် နိုင်ပါတယ်။ phoomyatchal

Post a Comment

0 Comments