ကျားအိုကြီးနှင့် ခရီးသည်

တခါတုန်းက ကျားအိုကြီး တကောင်ဟာ ရေအိုင်နားမှာ ရေချိုးပြီး သူများတွေ မြင်လျှင် မြက်ကိုသာ အမြဲစားသည့် ကျားသူတော်ကောင်းကြီး ပါလားဟု အထင်ခံရအောင် သမန်းမြက်တွေကို ကိုင်ထားပြီး ကမ်းနဖူးမှာ ထိုင်နေစဉ် ခရီးသွားတယောက်ကို တွေ့သောအခါ

"အို ခရီးသည် ငါ့ဆီက ရွှေလက်ကောက်ကို လာယူလှည့်ပါ" ဟု ဆိုလေ၏။

ခရီးသည်လည်း လိုချင်မှုလောဘဇော တက်ပြီး စိတ်ထဲမှာ စဉ်းစားလေ၏။ ဒီရွှေလက်ကောက်ဟာ ငါ့ရဲ့ ရှေးဘုန်း ရှေးကံကြောင့် ရသင့်ရထိုက်လို့ ဖြစ်လာတာပဲ။ ဒါပေမဲ့ စဉ်းစားစရာတော့ တချက်ရှိတယ်။

မနှစ်သက်အပ်သော အရာမှ နှစ်သက်မြတ်နိုးအပ်တဲ့ ပစ္စည်းကို ရခြင်းဟာ ကောင်းကျိုး မဖြစ်နိုင်ဘူး။ အဆိပ်နဲ့ ရောထားတဲ့ အမြိုက်သုဓာဟာ အသက်ကို သေစေနိုင်တယ်။

ဒါပေမဲ့ ပစ္စည်းဥစ္စာ ရှာဖွေရာမှာ စွန့်စားမှု၊ ဒါမှမဟုတ် အန္တရာယ် ကတော့ ရှိမှာပဲ။ လူဟာ မစွန့်စားပဲ အခြေနေကောင်းကို မတွေ့မြင်နိုင်ဘူး၊ စွန့်စားပြီး တကယ်လို့ အသက်ရှင်နေ သေးရင် အခြေနေကောင်းကို တွေ့မြင်ရ နိုင်တယ်။ ဒါကြောင့် ငါအရင် စုံစမ်းဦးမယ် ဆိုပြီး

"အို ကျားကြီး သင့်ရဲ့ ရွှေလက်ကောက်က ဘယ်မှာလဲ" လို့ မေးတဲ့အခါ ကျားကြီးက ရွှေလက်ကောက်ကို ပြလေ၏။

ထိုအခါ ခရီးသွားက "အသားစားတဲ့ ကျားကို ငါ ဘယ်လို ယုံရမှာလဲ" လို့ မေးတဲ့အခါ ကျားကြီးက

"ခရီးသွား ငါပြောတာနားထောင်ပါဦး။ ငယ်တုန်းကတော့ ငါတော်တော် ဆိုးခဲ့ပါတယ်။ နွားနဲ့ လူပေါင်းများစွာကို သတ်ခဲ့တဲ့အတွက် ငါ့သားမယားတွေလည်း သေကုန်ကြလို့ ငါ့မှာ ဆွေမျိုး မဲ့နေပါပြီ။

တနေ့မှာ တရားရှင် တယောက်နဲ့ တွေ့ပြီး ငါ့ကို ဆိုဆုံးမလို့ အခု ငါဟာ အလှူဒါန ပြုခြင်း စတဲ့ ကောင်းမှုပြုတဲ့ သူတော်ကောင်းကြီး ဖြစ်နေပါပြီ။

ပြီးတော့လည်း ငါ့မှာ ခြေသည်း လက်သည်း အစွယ်သွားတွေ ကြွေလို့ အဖိုးကြီး ဖြစ်နေသောကြောင့် မယုံကြည်နိုင်စရာ အ ကြောင်း မရှိပါဘူး။ ယဇ်ပူဇော်ခြင်း ဝေဒကို သရဇ္ဈာယ်ခြင်း၊ အလှူပေးခြင်း၊ ခြို့ခြံစွာကျင့်ခြင်း၊ မှန်သောစကားကို ဆိုခြင်း၊ တည်ကြည်ခြင်း၊ သည်းခံခြင်း၊ လောဘမကြီးခြင်း ဆိုတဲ့ အကျင့်ရှစ်ပါး ရှိပါတယ်။

အဲဒီ အကျင့်ရှစ်ပါး ထဲမှာ ရှေ့လေးပါးက ထင်ပေါ်ကျော်ကြား လှည့်စားခြင်းငှာလည်း ကျင့်ကြတယ်။ နောက်လေးပါး ကတော့ စိတ်ထား မြတ်သူတို့မှာသာ တည်တယ်။ ဒါကြောင့်မို့ ငါဟာ လောဘကင်းနေပြီ ဖြစ်လို့ ဒီရွှေလက်ကောက်အား တဦးဦးကို ပေးချင်နေတာပါ"

ခရီးသွားက "ဒါပေမဲ့ ကျားဆိုတာ လူသားစားတတ်တယ် ဆိုတဲ့ လူတွေရဲ့ စွပ်စွဲချက် ကိုတော့ တားမြစ်ပိတ်ပင်ရန် ခဲရင်းလှ ပါတယ်။ လောကကြီးဟာ ရှေးရိုးစဉ်လာကို လိုက်လေ့ရှိတယ်။ တရားနည်းလမ်း ညွှန်ပြတတ်တဲ့ အောင်သွယ်မိန်းမရဲ့ စကားကို နွားသတ်တဲ့ ပုဏ္ဏားရဲ့ စကားလောက် ဘယ်သူမှ အရေးမထားပေ"

ထိုအခါ ကျားကြီးက "ခရီးသွား ငါလည်း တရားဓမ္မတွေကို သင်ယူထား ပါတယ်။ သင်နားထောင်ပေးပါဦး။ ရေရှားတဲ့ အရပ်မှာ မိုးရွာသလို ငတ်မွတ်နေသူအား အစာပေးတာ အကျိုး ရှိတယ်။ မရှိဆင်းရဲသားအား အကျိုးရှိတဲ့ ဒါနကို ပေးသင့်တယ်။

မိမိအသက် ရှင်ချင်သလို သတ္တဝါတွေရဲ့ အသက်တွေကိုလည်း ရှင်စေချင်ရတယ်။ ကိုယ်ချင်းစားတရားဖြင့် သူတော်ကောင်း တွေက သတ္တဝါ အားလုံးကို သနားကြတယ်။ တောင်းတာကို ငြင်းပယ်ခြင်း၊ ပေးခြင်း၊ ချမ်းသာ ဆင်းရဲ၊ အချစ် အမုန်းတို့၌ ကိုယ်ချင်းစာ သဖြင့် လူတယောက်ရဲ့ စံကို သိရတယ်။

သူတပါး သားမယားကို အမေလို၊ သူတပါး စည်းစိမ်ကို မြေကြီးခဲလို၊ သတ္တဝါအားလုံးကို မိမိလို သဘောထားနိုင်ရင် အဲဒီလူဟာ အမြင်မှန်ရတဲ့ ပညာရှိပဲ။ အသင်ခရီးသွားသည်လည်း အတော် ဆင်းရဲပုံရတယ်။ ဒါကြောင့် ဒီရွှေလက်ကောက်အား သင့်ကို ပေးဖို့ အလွန်ကို ဆန္ဒရှိ နေပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ဆင်းရဲသားတို့ကို ကျွေးမွေး စောင့်ရှောက်ပါ။ ချမ်းသာတဲ့ သူကို ဥစ္စာမပေးပါနဲ့။ ဆေးဟာ မကျန်းမာသူ အတွက်သာ အကျိုးရှိတယ်၊ ကျန်းမာတဲ့သူ အတွက် ဘာအကျိုးမှ မရှိလို့ပဲ။ ဤကဲ့သို့ သင်ယူမှတ်သားခဲ့ရပါတယ်။

နောက်ထပ်ကျမ်းဂန်ထဲမှာ သင်ခဲ့ရတာ ကတော့ အလှူ လှူမယ်ဆိုရင် ကိုယ့်ကို ကျေးဇူးမပြုဖူးသူကို လှူသော အလှူဒါနနှင့်ဒေသ ကာလ မြတ်သောအလှူခံ တို့၌ လှူသော အလှူဒါနဟာ မြတ်တယ်လို့ သင်ယူခဲ့ရဖူး ပါတယ်။ ဒါကြောင့်မို့ သင်သည် ဒီရေအိုင်မှာ ရေချိုးပြီး ရွှေလက်ကောက်ကို ယူပါ"

လို့ ကျားကြီးက ပြောတဲ့အခါ ခရီးသွားဟာ ကျားရဲ့စကားကို ယုံပြီး လောဘရဲ့ ဆွဲဆောင်မှုကြောင့် ရေချိုးရန် ရေအိုင်ထဲသို့ ဆင်းတဲ့အခါ ညွန်ထဲနစ်ပြီး ရုန်းထွက်မရပဲ ဖြစ်နေလေ၏။

ထိုအခါ ကျားကြီးက "အို ညွန်ထဲ နစ်သွားတာပဲ။ စိတ်မပူပါနဲ့ သင့်ကို ငါကယ်မယ်" ဆိုပြီး တဖြေးဖြေး အနားကပ်သွားကာ ခရီးသွားကို ဖမ်းယူကိုက်ချီလိုက်တဲ့ အချိန်မှာ ခရီးသွားက နောင်တရပြီး စဉ်းစားလေ၏။

"တရားကျမ်းဂန်ကို ရွတ်ဖတ်ခြင်းဟာ သူယုတ်မာအတွက် သူတော်ကောင်းဖြစ်ရန် အကြောင်းရင်း မဟုတ်ဘူး။ နွားနို့ဟာ ပင်ကိုယ်အားဖြင့် ချိုသလိုမျက်နှာပန်း လှအောင် ဗန်းပြတဲ့ အရာတွေထက် ပင်ကိုယ်သဘောကသာ သာလွန်လွှမ်းမိုး၏။

မိမိရဲ့ ဣန္ဒြေနဲ့ စိတ်ကို မထိန်းနိုင်တဲ့ သူတွေရဲ့ အပြုအမူဟာ ဆင်ရေချိုးသလို ဘာအကျိုးမှ မရှိဘူး။ ကိုယ်ကျင့်တရား ကင်းတဲ့ ဉာဏ်ပညာဟာ ရုပ်ဆိုးတဲ့သူ တန်ဆာဆင်သလို ဝန်လေးရုံသက်သက် ပါပဲ။ အခုတော့ ငါသည် ယုတ်မာသော ကျားအပေါ် ယုံမိခြင်းမှာ မကောင်းသော လုပ်ရပ်ကို လုပ်မိသွားပြီ။

ဒါကြောင့် ရှေးပညာရှိတွေက ဒီလို ဆိုထားတာပဲ။ ဦးချိုရှိတဲ့ သတ္တဝါရယ်၊မြစ်ရယ်၊ ခြေသည်း လက်သည်းရှိတဲ့ သတ္တဝါရယ်၊ လက်နက်ရှိတဲ့ သူတွေရယ်၊ မကောင်းတဲ့ မိန်းမရယ်၊ မင်းမျိုးတွေ ရယ်ကိုယုံကြည် ခင်မင် အကျွမ်းမဝင်သင့်ဘူး တဲ့။

အရာအားလုံးရဲ့ သဘာဝ ကိုသာ စူးစမ်း လေ့လာသင့်တယ်။ အခြားသော ဂုဏ်တွေကို မစူးစမ်း မလေ့လာ သင့်ဘူး။ ဘာကြောင့်လဲ ဆိုတော့ သဘာဝဟာ ဂုဏ်တွေရဲ့ အထက်မှာ တည်လို့ပဲ" ဆိုပြီး ခရီးသွားလည်း ကျားလက်မှ လွတ်လမ်း မမြင်တော့တဲ့အဆုံး ကံကိုသာ ပုံချလေတော့၏။

"ကောင်းကင်မှာရှိတဲ့ ရောင်ခြည်တထောင် အလင်းဆောင်တဲ့ နေမင်းရယ် ကြယ်တာရာကြားမှာ ခစားတဲ့ လမင်းတို့တောင်မှ ရာဟုဖမ်းတာ ခံရသေးတာပဲ။ ကံကြမ္မာက စီရင်လိုက်တဲ့ ဒီနဖူးပြင်က အမှတ်အသားကိုဘယ်သူက ဖျောက်နိုင်မှာတဲ့လဲ"

ဤသို့ စိတ်ဓာတ်ကျပြီး တွေးတော စဉ်းစားနေစဉ်မှာပဲ ကျားရဲ့ ကိုက်သတ်ခြင်းကို ခံလိုက်ရလေ၏။ ရွှေလက်ကောက်ကို လိုချင်တဲ့ လောဘကြောင့် ညွန်နစ်သွားသော ခရီးသည် တယောက်ဟာ ကျားအိုကြီးရဲ့ ကိုက်သတ်ခြင်းကြောင့် သေခဲ့ရဖူးလေပြီ။ Crd

Post a Comment

0 Comments