တန်ဖိုးမသိကြသူများ

တခါတုန်းက အဘိုးအိုတယောက်ဟာ တောင်ခြေမှာ နေတယ်။ ခရီးသွားတွေက တောင်ပေါ်ကို လာတက် ကြတယ်။ တောင်ပေါ်မှာ ရှိတဲ့ ဘုရားကို သူတို့ သွားဖူးကြတယ်။

တောင်ခြေမှာ နေတဲ့ အဘိုးအိုဟာ တောင်ကြောပေါ် တက်တဲ့ လမ်းခရီး အလယ်လောက်မှာ ရေချမ်းစင် တစင် သွားဆောက်ထားတယ်။ တောင်ကြောပေါ် တက်တဲ့ လမ်းမှာ ရေမရှိဘူး။

အဘိုးအို လာလှူထားတဲ့ ရေချမ်းစင်မှာ လူတွေက ရေအေးအေးလေး တခွက်လောက် သောက်ပြီး အပန်းဖြေကာ တောင်ပေါ်ကို ဆက်တက် ကြရတယ်။

လူတွေက ရေကို လိုသလောက် ခပ်သောက်တာ မဟုတ်ပါဘူး။ တခွက်ခပ်ပြီး ထက်ဝက် သွန်လိုက်တာ များပါတယ်။

အဘိုးအိုက တောင်အလယ်မှာ ရှိတဲ့ ရေချမ်းစင်ကို မနက်တခေါက်၊ နေ့လယ်တခေါက် ဆိုင်းထမ်းလေးနဲ့ ရေအေးအေးလေးတွေ ထမ်းပြီး လာဖြည့်ပေးနေတာ နှစ်အတော် ကြာနေပါပြီ။

တောင်ပေါ်ကို တက်တဲ့ သူတွေက အဘိုးအို ရေထမ်းလာတာကို ကြည့်ပြီး

"မြန်မြန် ရေသွားဖြည့်ပါ။ ရေကုန်နေရင် ဘယ်လို လုပ်မလဲ"

"ဘယ့်နှယ် အဘိုး ခင်ဗျားရေက သန့်ရဲ့လား"

"သောက်ရေထည့်ရင် ရေစစ်နဲ့ စစ်ထည့်နော်"

"သောက်ရေ မဖြည့်ခင် အိုးတွေကို ပြောင်အောင် ဆေးရဲ့လား"

"ရေအိုးစင်က နည်းနည်း မြင့်နေတယ်။ ကျုပ်တို့လို အရပ်ပုတဲ့သူတွေနဲ့ အဆင်မပြေဘူး"

"တကယ်ဆိုရင် တောင်ခြေကနေ ရေပိုက်နဲ့ အမြဲ ရေရအောင် ပိုက်လိုင်း သွယ်ထားရင် ပြီးတဲ့ဟာ"

အဘိုးအိုက တခွန်းမှ မပြောပါဘူး။ ထမ်းပိုးနဲ့ မြေအိုးနှစ်လုံးကို ဆိုင်းထမ်းနဲ့ ထမ်းလာပြီး ရေအပြည့် နှစ်လုံးကို တင်ပြီးတိုင်း၊ အလွတ် နှစ်လုံးကို ပြန်ပြီး တောင်ခြေကို ပြန်ထမ်းသွား တတ်တယ်။

အဘိုးအိုက သူလုပ်နေကျ အလုပ်ကို တာဝန်တခုလို ကုသိုလ် ပြုနေတာပဲ။ တနေ့ကို မနက်စောစော တခေါက်၊ နေ့လယ် တခေါက် ရေပို့ပေး ပါတယ်။

နှစ်တွေ ကြာလာတော့ အားအင်တွေ ကုန်ခမ်းလာတဲ့ အဘိုးအိုဟာ ရေတွေကို အိုးအပြည့် မသယ်နိုင်တော့ ပါဘူး။ ဒါပေမဲ့ တမနက်ကို တခေါက်တက်တဲ့ နေရာမှာ နှစ်ခေါက် တက်တယ်။ ထက်ဝက်စီ နှစ်ကြိမ် သယ်လာတဲ့ သဘောပေါ့။ အသက်တွေကြီးလာပြီလေ။

"အဘိုးကြီး မြန်မြန်လုပ်ပါ။ ရေဆာလှပြီ"

"ရေအိုးစင် ကလည်း ဆေးလေးဘာလေး သုတ်ပါဦး။ ကျက်သရေကို မရှိဘူး"

"ရေပြတ်နေပြီဗျို့ မြန်မြန်လေး လာပါ"

"ရေအိုးစင်မှာ သဲလေးခင်း စပါးပင် ပေါက်လေးတွေ စိုက်။ စိမ်းစိမ်းစိုစိုနဲ့ ဆိုရင် ပိုကောင်းတာပေါ့"

အဘိုးအိုက နောက်ပိုင်း တနေ့ကို တခေါက်၊ တခေါက်ကို အိုးနှစ်လုံးမှာ ထက်ဝက်၊ မနက်တအိုး နေ့လယ်တအိုး သူ ဒါပဲ ပို့နိုင်တော့တယ်။ တနေ့တော့ အဘိုးအို အိပ်ရာက မထနိုင် တော့ဘူး။ တောင်လယ်က ရေအိုးစင်မှာ လူတွေ စုနေကြပြီ

"ရေ ရေ ရေဘယ်မှာလဲ"

"ရေကို ဘာကြောင့် ပုံမှန် မထည့်ထားရတာလဲ"

"အလကား အသုံးကို မကျဘူး"

လူတွေက စိတ်ဆိုးပြီး ရေအိုးစင်ကို ခြေနဲ့ ကန်ကြတယ်။ အမိုးကို ဆွဲဖျက် ကြတယ်။ ရေမရှိတော့တဲ့ သောက်ရေအိုးကို ရိုက်ခွဲလိုက်ကြတယ်။

"အလကား။ ရေဖြည့်ပေးနေတဲ့ အဘိုးကြီး အသုံးကို မကျဘူး"

တင်ညွန့်

Post a Comment

0 Comments