ဆိတ်ရောင်းသမားလေး နိုးတူး

ရွာတွင် ကိုနိုးတူးသည် ဆိတ်မွေးသူ တယောက် ဖြစ်သည်။ သူက ခြံဝင်းကျယ်ကြီး တခုတွင် ဆိတ်တွေနှင့် အတူနေသည်။ ဆိတ်ကို စီးပွားဖြစ်မွေးသူ တယောက်လည်း ဖြစ်သည်။ သူတို့ မိသားစုသည် ရွာထဲတွင် အိမ်ရှိ သော်လည်း ဆိတ်တွေ နွားတွေ မွေးထားသဖြင့် ရွာပြင်ရှိ ခြံထဲတွင်သာ နေထိုင်ကြသည်။

ကိုနိုးတူး ခြံဘေးကို ပြောင်းလာသူ နောက်တယောက်မှာ ကိုတာကြီး ဖြစ်သည်။ ကိုတာကြီးသည် မုဆိုး တယောက် ဖြစ်သည်။ သူ့ထံတွင် ဒူးလေး၊ လှံ၊ ဓား အစုံ ရှိသည်။

သူက တောလိုက်ခြင်းကို ဝါသနာ ထုံပြီး ရလာသည့် တောကောင်သားတွေကို ရွာထဲတွင် လှည့်လည် ရောင်းချပြီး အသက်မွေးသူ ဖြစ်သည်။

ကိုတာကြီးသည် တောလည်ရာတွင် ခွေးကို အသုံးပြု တတ်သည်။ သူ့ခွေးက တောလည် ကောင်းသလို ဆိုးလည်း ဆိုးသည်။ သို့သော် သူတို့သခင် ကိုတာကြီးကို အသေကြောက်သည်။ မကြောက်၍လည်း မဖြစ်။ သူ့စကား နားမထောင်လျှင် သေလုမြောပါး ရိုက်တတ်သည်။

တနေ့ ကိုတာကြီး ခွေးသည် ကိုနိုးတူး ခြံထဲကို ခိုးဝင်ကာ ဆိတ်တကောင်ကို ကိုက်သတ်လိုက်သည်။ ထိုအချိန်တွင် ကိုနိုးတူးလည်း မရှိ၊ ကိုတာကြီးလည်း မရှိ။ သူတို့ ဇနီးမယားတွေက စကားတွေ များကာ နောက်ဆုံးတွင် ရွာလူကြီးအိမ်ကို ရောက်သွားကြ လေတော့သည်။

ထိုအချိန်မှ သူတို့ ဇနီးမယားတွေ နောက်ကို ကိုနိုးတူးရော ကိုတာကြီးပါ အပြေးအလွှား လိုက်လာကြသည်။ ရွာလူကြီးက အဆုံးအဖြတ် ပေးသည့် အနေဖြင့်

"ကဲ နိုးတူး မင်းဆိတ်ကတော့ သေပြီ မင်းဘာဖြစ်ချင်သလဲ ပြော။ အလျော် တောင်းပေတော့။ တာကြီး မင်းခွေး ကလည်း အတော်ဆိုးတာပဲ။ သူတောင်းတဲ့ အတိုင်း တန်ရာတန်ကြေး လျော်ပေးလိုက်"

သို့သော် ကိုနိုးတူး ပြောလိုက်သည့် စကားကို အားလုံး အံ့အားသင့် သွားကြသည်။ "ခွေးပဲ အသိမရှိလို့ ကိုက်တာ ကျွန်တော် ဘာတတ်နိုင် မှာလဲ။ အိမ်နီးချင်းတွေ အလျော် တောင်းလို့ရော ကောင်းပါ့မလား။ တမင်တကာ ကိုက်ခိုင်းတာမှ မဟုတ်တာ။ ကျွန်တော် အလျော် မတောင်းပါဘူး။ ကျေအေး ပေးပါ့မယ်"

ကိုနိုးတူးက ပြုံးပြုံးလေး ပြောကာ သူ့မိန်းမကို ပြန်ခေါ်သွားသည်။ ကိုတာကြီးမှာ ဘာမျှ မပြောနိုင်ပဲ ငိုင်ပြီး ကျန်ခဲ့သည်။ နောက်တနေ့တွင် ကိုနိုးတူးသည် သူ့ခြံထဲမှ ဆိတ်လေး တကောင်ကို ကိုတာကြီး သားဖြစ်သူအား လက်ဆောင် ပေးလိုက်သည်။ ကိုတာကြီး သားမှာ ပျော်လွန်းသဖြင့် ဆွေ့ဆွေ့ခုန်ကာ သူ့ဆိတ်လေးကို ထားစရာနေရာ မရှိလောက်အောင် ဖြစ်သည်။

သားဖြစ်သူ ဆိတ်မွေးပြီ ဆိုသဖြင့် ကိုတာကြီးသည် သူ့ခွေးကို စနစ်တကျ ထိန်းသိမ်း ရတော့သည်။ သူ့မှာ ခွေးကို ကြိုးဖြင့် ချည်ထားရ တော့သည်။ ထိုနေ့က စပြီး ကိုတာကြီး ခွေးက ကိုနိုးတူး ဆိတ်တွေကို ဝင်ကိုက်သည် ဆိုသော အသံကို မကြားရတော့။

ဆိတ်ကလေးက ဟိုဘက်ခြံကို ကြည့်ပြီး အော်သည်။ သူ့မိခင်ကို တမ်းတ သောကြောင့် ဖြစ်မည်။ နို့လည်း စို့ချင် ရှာလိမ့်မည်။ ကိုတာကြီးက နောက်ဆုံးတွင် ဆိတ်မကြီးကို ကိုနိုးတူးထံမှ ဝယ်ရတော့သည်။ ဆိတ်က နောက်ထပ် နှစ်ကောင် ထပ်ပါလာသည်။ တန်ဖိုးကြီးစွာ ပေးလိုက်ရသည်။

တနေ့တွင် ကိုတာကြီး ခွေးဆိုးသည် လွတ်သွားပြီး ဆိတ်လေး တကောင်ကို ကိုက်ပြန်သည်။ ယခု ကိုက်သည်က ကိုယ့်ခြံထဲက ဆိတ် ဖြစ်နေသည်။ ကိုတာကြီး စိတ်ဆိုးသဖြင့် ခွေးကို ရိုက်ရာ ခွေးခြေထောက် ကျိုးသွားသည်။ ခွေးကျိုးနှင့် ယုန်လည်း လိုက်မရ၊ သားကောင်လည်း လိုက်မရ စီးပွားပျက်သည်။

နေရာတိုင်းတွင် ပြဿနာ တခုကို ဒေါသဖြင့် ဖြေရှင်းမည့် အစား ကိုနိုးတူးလို ဖြေရှင်းနည်းကို လေ့လာ သုံးသပ်သင့်သည်။ ခွေးမွေးထားသည့် အိမ်ကို ဆိတ်ပေးပြီး သူဆိတ်တွေ ကိုပါ လုံခြုံရေး ယူလိုက်သည်။

ထို့နောက်တွင် ခွေးမွေးသည့် အိမ်ကို ဆိတ်မွေးအောင် ထပ်လုပ်သည်။ ဆိတ်ကို ကိုက်သည့် ခွေးကို သူ့သခင်က ပြန်ရိုက်ပြီး ကျိုးအောင် လုပ်လိုက်သည်။ နောက်ဆုံး တောလည်၍ မရအောင် သက်ရောက်မှု ရှိသွားသည်။

လူကြီးအိမ် ရောက်သည့်နေ့က ယောကျ်ားတွေ ကပါ စကားတွေ များပြီး လျော်ကြေးတွေ တောင်းနေလျှင် မကျေအေး စရာတွေ ဖြစ်တော့မည်။ ကိုတာကြီးကလည်း လျော်ကြေး ပေးရသည်ဆိုလျှင် မကျေမနပ်ဖြင့် သူ့ခွေးတွေကို မကိုက် ကိုက်အောင် မြှောက်ပေး နိုင်သည်။

ထိုသို့ဆိုလျှင် အကြိမ်ကြိမ် ရန်မီးတွေ ပွားကာ လူကြီးအိမ် ခဏခဏရောက်၊ နောက်ဆုံးတွင် တုတ်တပြက် ဓားတပြက်တွေပါ ဖြစ်လာနိုင်သည်။ ကိုနိုးတူး ဆိတ်ရောင်းနေသည်။ တင်ညွန့်

Post a Comment

0 Comments