နားမကြားသောသူ

တခါက ဖားအုပ် တအုပ်ဟာ တောအုပ်တအုပ်ကို ဖြတ်ပြီး ခရီးသွား ကြတယ်။ သွားရင်းနဲ့ ဖားအုပ်ထဲက ဖားလေး နှစ်ကောင်ဟာ တွင်းနက် တခုထဲကို ကျသွားသတဲ့။ အဲဒီတော့ ကျန်တဲ့ ဖားတွေ အကုန်လုံး ကလည်း တွင်းရဲ့ အဝမှာ ဝိုင်းကြည့် ကြတာပေါ့။

တွင်း ဘယ်လောက် နက်သလဲ ဆိုတာ သူတို့ မြင်သွားကြပြီး ဒီလိုတွင်းနက်ထဲ ကျသွားတဲ့ အတွက် ကံဆိုးတဲ့ ဒီနှစ်ကောင်တော့ အပြင်ကို ထွက်လို့ ရတော့မှာ မဟုတ်ဘူး ဆိုပြီး အချင်းချင်း ပြောနေကြတယ်။

ဖားနှစ်ကောင် ကတော့ ဒီလို ပြောတာတွေကို မကြားပဲ တွင်းထဲက ပြန်ထွက်နိုင်အောင် ကြိုးစားပြီး ခုန်နေကြတယ်တဲ့။ အပေါ်က ဖားတွေ ကတော့

"မင်းတို့တွေ ဘယ်လိုပဲ လုပ်လုပ် တွင်းထဲက ထွက်လို့ ရမှာ မဟုတ်ဘူး။ တွင်းထဲမှာပဲ ပိတ်မိပြီး သေမှာပဲ။ အပင်ပန်း ခံမနေနဲ့တော့ ရပ်လိုက်ပါတော့" ဆိုပြီး အော်ဟစ် ပြောနေ ကြတာပေါ့။

နောက်ဆုံးမှာ ဖားနှစ်ကောင်ထဲက တကောင်ဟာ အပေါ်က ဖားတွေ ပြောနေတာတွေကို သတိပြုမိပြီး လက်လျှော့လိုက် သတဲ့။ တကြိမ် ခုန်လိုက်ပြီး အကျမှာ စိတ်လျှော့လိုက် တာကြောင့် မြေကြီးနဲ့ ရိုက်မိပြီး သေဆုံးသွားသတဲ့။

နောက်ထပ် ဖားတကောင် ကတော့ သူတတ်နိုင်သမျှ ကြိုးစားပြီး ဆက်လက် ခုန်မြဲ ခုန်နေတယ်။ တကြိမ် ခုန်လိုက်တိုင်း ခုန်လိုက်တိုင်း အပေါ်က ဖားအုပ်က သူ့ကို သေမယ့် အတူတူ မထူးတော့လို့ ရပ်လိုက်ဖို့ ဆက်ပြီး အော်ဟစ်နေ ကြတယ်။

ဒါပေမယ့် ဖားလေးဟာ လုံးဝ ဂရုမစိုက်ပဲ ကြိုးစားပြီး ခုန်ရင်း ခုန်ရင်းနဲ့ နောက်ဆုံးမှာ တွင်းပေါ်ကို တက်နိုင်သွား ခဲ့တယ်။ အပေါ်လည်း ရောက်ရော တခြားဖားတွေက

"ဘာဖြစ်လို့ မင်း အဆက်မပြတ် မရ ရအောင် ခုန်ခဲ့တာလဲ။ ငါတို့ မင်းကို လက်လျှော့လိုက်ဖို့ ပြောနေတာ မကြားလို့လား" ဆိုပြီး ဖားလေးကို မေးတယ်။

ထိုအခါ ဖားလေးက သူတို့မေးတာကို ဘာမှ ပြန်မဖြေဘူးတဲ့။ နောက်မှ သူတို့တွေ သိလိုက်ရတာက ဖားလေးဟာ နားမကြားဘူး ဆိုတာ ပါပဲ။ သူ့ အတွေးထဲ မှာတော့ ဖားအုပ်ကြီး အော်ဟစ်နေကြဟာ သူ့ကို အပေါ်ကို ကြိုးစားတက်ဖို့ အားပေးနေ ကြတာလို့ ထင်ခဲ့ပါတယ်တဲ့။

ဒီပုံပြင်မှာ သင်ခန်းစာ ယူစရာ နှစ်ချက် ရှိပါတယ်။ (၁) တစုံတယောက်ကို အောင်မြင် တိုးတက်အောင် စိတ်ဓာတ် ခွန်အားပေးတာပဲ ဖြစ်ဖြစ်၊ သေလိုတဲ့ အထိ စိတ်ဓာတ် ကျဆင်းအောင် ပြုလုပ်လိုလျှင်ပဲ ဖြစ်ဖြစ် အဲဒီလို ပြုလုပ်နိုင်တဲ့ စွမ်းအားတွေဟာ လူတွေရဲ့ လျှာဖျားပေါ်မှာ ရှိပါတယ်။

တစုံတယောက် စိတ်ဓာတ် ကျဆင်းနေချိန်မှာ နှစ်သိမ့်တဲ့ စကားတခွန်းဟာ ထိုသူကို စိတ်ဓာတ် မြင့်တက် လာအောင် ပြုလုပ်ပေးနိုင်သလို အခက်အခဲ ရက်စွဲတွေက ကျော်ဖြတ်နိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။

(၂) ဖျက်ဆီးလိုတဲ့ စကားတခွန်းဟာ စိတ်ဓာတ် ကျဆင်းနေတဲ့ တစုံတယောက်ကို အသေသတ် နိုင်ပါတယ်။ အဲဒီတော့ စကားတခွန်း ပြောတော့မယ်၊ တစုံတခုကို မှတ်ချက် ပေးတော့မယ် ဆိုရင် လက်လွတ်စပယ် မပြောပဲ သေချာဂရုစိုက် စဉ်းစားတွေးခေါ်ပြီး ပြောဆိုကြပါစို့။ phoomyatchal

Post a Comment

0 Comments