ဦးနှောက် မရှိသောသူ

တခါက တောနက်ကြီး တခုထဲမှာ ခြင်္သေ့အိုကြီး တကောင်ရှိတယ်။ တောရဲ့ ဘုရင်ပဲ ဆိုပါတော့။ သူဟာ ငယ်ရွယ်စဉ် ကတော့ အားကောင်းမောင်းသန်မို့ တတောလုံး တတောင်လုံး ထင်ရာစိုင်းနိုင်တဲ့ အင်အားမျိုး ရှိခဲ့ပါတယ်။

ဒါပေမယ့် အသက်အရွယ် ကလည်း ကြီးရင့် လာတာနဲ့အမျှ ဇရာကြောင့် အရင်ကလို သွက်သွက်လက်လက် မလှုပ်ရှားနိုင် တော့ဘူး။

ဒီအထဲ အကြောင်းအကျိုး အမျိုးမျိုးအရ နာမကျန်း ဖြစ်လာတဲ့အခါ ပိုဆိုးတော့ တာပေါ့။ သူအားကောင်း မောင်းသန်နဲ့ လှုပ်ရှားနိုင်တုန်းက သူ့ဘေးမှာ ညာဝါး စားသောက်နေတဲ့ အကောင်တွေလည်း အနားမှာ မရှိတော့ဘူး။ အိုနာကျိုးကန်း မြေခွေး တကောင်ပဲ ကျန်တော့တယ်။

နာမကျန်း ဖြစ်နေတဲ့ ခြင်္သေ့အိုကြီးမှာ ဆန္ဒတခု ရှိပါတယ်။ အဲဒါကတော့ ဒရယ်တကောင်ရဲ့ အသည်းနှလုံးနဲ့ ဦးနှောက်ကို စားသောက်လိုက် ရရင် သူ့ရောဂါ သက်သာပြီး ကျန်းမာလာ လိမ့်မယ်လို့ ယုံကြည်နေ တာပဲ။ ဒါကြောင့် မလှမ်းမကမ်းမှာ ရှိတဲ့ သူ့ တပည့် မြေခွေး ကိုခေါ်ပြီး ဒီလို ပြောတယ်။

"တပည့်ကြီး ငါ နေကောင်း ကျန်းမာလာဖို့ အတွက် ဒရယ်ရဲ့ နှလုံးနဲ့ ဦးနှောက်ကို စားရမှ ဖြစ်လိမ့်မယ်။ အဲဒါဟာ ငါ့ရဲ့ ဓာတ်စာပဲ။ မင်းက ငါ့ရဲ့ ငယ်မွေး ခြံပေါက်ပီပီ တောစပ်မှာ ရှိတဲ့ ဒရယ်ကို လိမ်ညာပြီး ငါ့အနားကို အပါ ခေါ်ခဲ့ပါ။ အကြံအောင်ရင် ထုံးစံ အတိုင်း အကြွင်းအကျန်တွေဟာ မင်းအတွက်ပေါ့" လို့ ပြောပြီး ဒရယ်ရှိရာ အရပ်ကို ညွှန်ပြလိုက်တယ်။

မြေခွေးဆိုတဲ့ အကောင်က ခြင်္သေ့ကို လွန်ဆန်ရဲတာမှ မဟုတ်တာ၊ ခိုင်းတဲ့ အတိုင်း လုပ်ရတာပေါ့။ ခြင်္သေ့ရဲ့ အကြွင်းအကျန်လေး တွေကို ကပ်စားနေတဲ့ အကောင်ပီပီ ခြင်္သေ့ကြီးရဲ့ ဆန္ဒအတိုင်း ဒရယ်ဆီကို သွားပြီး ဒီလို လှည့်ဖြား ပြောဆို ပါတယ်။

"မိတ်ဆွေကြီး ကိုဒရယ်၊ အခုက ခြင်္သေ့မင်းကြီး မကျန်းမာတာကို ခင်ဗျား သိပါတယ်နော်။ ကျုပ်အထင်တော့ အဲဒီ အဘိုးကြီး သိပ်ကြာတော့မယ် မထင်ဘူး။

ဟိုနေ့က ကျုပ်နဲ့တွေ့တော့ အခြေအနေက သိပ်မကောင်းတာ အမှန်ပဲ။ အားလည်းရှိပုံ မရဘူး။ သူလည်း သူ့ကိုယ့်သူ သိတယ် ထင်တယ်။ သူ ကွယ်လွန်တော့ မှာမို့ သူ့ကိုယ်စား ဘုရင်အသစ် တပါး ခန့်ထားခဲ့ ချင်တယ်။

သူ့ဆန္ဒက ခင်ဗျားကို ရည်ရွယ်ဟန် တူတယ်။ ဒါကြောင့် ခင်ဗျားကို ကျုပ် လာခေါ်တာပဲ။ လူမမာ သွားမေးလိုက်ပါဦး" လို့ မမှန်ကန်တာတွေကို ပြောပြီး ဒရယ်ကို သိမ်းသွင်းစည်းရုံး ပါတယ်။

ဘုရင်ဖြစ်ချင်တဲ့ ဒရယ်ကလည်း မြေခွေးရဲ့ စကားကို ယုံပြီး လိုက်လာပါတယ်။ ခြင်္သေ့ကလည်း အကြံနဲ့ စောင့်နေ တာပေါ့။ ဒရယ်လည်း ရောက်လာရော အစာငတ်နေတဲ့ ခြင်္သေ့အိုကြီးက ဣန္ဒြေမရနဲ့ လှမ်းကုတ် လိုက်ပါတယ်။ ဖျားပြီး အားနည်းနေတာမို့ ထိရောက်မှု မရှိပါဘူး။ ဒရယ်ဟာ လန့်ပြီး အဝေးကို ထွက်ပြေး ပါတော့တယ်။

စားရခါနီးမှ လွတ်သွားတဲ့ ဒရယ်ဖို ဝဝကြီးကို လက်လွှတ်လိုက်ရတာကို ခြင်္သေ့အိုကြီးက မကျေနပ်ဘူး။ ဒါကြောင့် သူ့ တပည့်ကြီးကို ပြန်ခေါ်ပြီး အဲဒီအကောင်ကို မရရအောင် လိမ်ညာ လှည့်ဖျားပြီး ပြန်ခေါ်လာဖို့ စေခိုင်းပြန် ပါတယ်။ ငယ်ကြောက်တပည့်ကြီး မြေခွေးကလည်း သူ့အရှင်သခင် ဆရာသမားရဲ့ အမိန့်အတိုင်း ဒရယ်ကြီးဆီကို ဒုတိယအကြိမ် ချဉ်းကပ်ပြန် ပါတယ်။

အသက်ဘေးက လွတ်အောင် မနည်း ပြေးခဲ့ရတဲ့ ဒရယ်ဟာ မြေခွေးကို မြင်တော့ ဒေါသထွက်ပြီး သူ့ချိုနဲ့ ခတ်ဖို့ ပြင်တာပေါ့။ ဒါပေမဲ့ ကလိမ်ကကျစ် မြေခွေးက ဒရယ်ကို အချိုသတ်ပြီး ဒီလို ပြောပြန်ပါတယ်။

"စိတ်မဆိုးပါနဲ့ဗျာ။ အမြင်စောင်းပြီး အထင်လွဲ ကြတာပါ။ သူက ထီးနန်း လွှဲပေးမယ့် ကိစ္စကို တိုးတိုးကျိတ်ကျိတ် ခင်ဗျားနဲ့ စကားပြောဖို့ အနားကပ် လိုက်တာကို ခင်ဗျားက အထင်လွဲ သွားတာကိုး။

ဒါလောက် အရေးကြီးတဲ့ ထီးနန်း လွှဲပြောင်းမှု ဆိုတာ သူက ခင်ဗျားကို တိုးတိုးကျိတ်ကျိတ် မှာစရာ ကိစ္စတွေ ရှိမှာ သေချာတယ်။ ဒါကြောင့် ခင်ဗျားနားကို သူမပြောမဆို ကပ်လိုက်တာ ဖြစ်မယ်။ ဒီတခါ သွားရင် မကြောက်နဲ့နော်။ သူက အားမရှိလို့ အနား မကပ်နိုင် ရင်တောင် ခင်ဗျား ကပ်သွားလိုက်ပါ" လို့ လိမ်ညာ လှည့်စားပြီး ပြောပြန်တယ်။

အာဏာရူးနေတဲ့ ဒရယ်ကလည်း "ရှင်ဘုရင် ဖြစ်ရချေသေးရဲ့" ဆိုတဲ့ အတွေးနဲ့ မြေခွေးလိမ်ပြီး ခေါ်လာတဲ့ ခရီးလမ်း အတိုင်း ခြင်္သေ့အိုကြီး အနားထိ ကပ်သွားတာပေါ့။ ဒီတော့ ချောင်းနေတဲ့ ခြင်္သေ့က သူ့ကို အလွယ်တကူပဲ ဖမ်းယူပြီး ကိုက်စားလိုက်တော့တာပေါ့။ နှလုံးသားကို ဦးစားပေးပြီး စားသလို ကျန်တဲ့ အသားတွေ ကိုလည်း ငတ်ငတ်နဲ့ အားပါးတရ စားတော့တာပေါ့။

ဒီအချိန်မှာ အကြံသမား မြေခွေးက ဒရယ်ရဲ့ ဦးနှောက်ကို ဝှက်ထားလိုက်တယ်။ ခြင်္သေ့ ကွယ်ရာရောက်မှ သူစားမယ် ဆိုတဲ့ အတွေးနဲ့ ပါ။ ဒါပေမယ့် ခြင်္သေ့အိုကြီးက သူစားချင်တဲ့ ဦးနှောက်ကို သတိရလာတဲ့ အတွက် ရှာဖွေပါ တော့တယ်။

ဒါပေမယ့် လုံးဝ ရှာလို့ မတွေ့ဘူးတဲ့။ ဒါနဲ့ မြေခွေးကို မသင်္ကာတဲ့ အသံနဲ့ "ဦးနှောက် ဘယ်မလဲ" လို့ မေးပါတယ်။ ဒီတော့ မြေခွေးက ဘာပြောတယ် မှတ်သလဲ။

"ဒီဒရယ်က ဦးနှောက်ရှိဟန် မတူပါဘူး ခြင်္သေ့မင်းရယ်။ ကျွန်တော်တို့ နှစ်ကြိမ်လောက် လိမ်ညာပြောဆိုတာ တွေကို ယုံပြီး ဒီ နေရာ အထိ လိုက်လာမှတော့ ဦးနှောက်မရှိတဲ့ သတ္တဝါပဲ ဖြစ်မှာပေါ့။ သေချာပါတယ်" လို့ ဆင်ခြေပေး လျှောက်ထားလိုက်သတဲ့။ ပုံပြင်ကို မြေခွေးရဲ့ အကြောင်းပြချက်နဲ့ပဲ နိဂုံးချုပ် ထားပါတယ်။ အင်မတန်လှတဲ့ ဇာတ်သိမ်းမျိုး ပါပဲ။

ဟုတ်တယ်လေ ဦးနှောက် မရှိတဲ့သူ ဆိုတာ တကြိမ်မက နှစ်ကြိမ် လိမ်ညာတာ မျိုးကိုလည်း အမှန်တရားလို့ ထင်မှတ်နေတတ်တယ် မဟုတ်လား။ ဦးနှောက်မရှိတဲ့ လူတွေမှာ စဉ်းစားဉာဏ် မရှိကြဘူး။ ဘယ်သူက လိမ်လိမ် လိမ်လို့ရတယ်။

အမှားကို အမှန်လို့ ထင်နေတတ်တယ်။ အကျိုးအကြောင်း အချက်အလက်တွေ အရ ဖြစ်နိုင်ခြေ ရှိခြင်း၊ မရှိခြင်းကို ဝေဖန် သုံးသပ်ရာမှာ အားနည်းတတ်ကြတယ်။ တကြိမ်မက အလိမ်ခံနေရတာ ကိုတောင် အလိမ်ခံနေရတယ် ဆိုတာ မသိကြပါဘူး။ Crd

Post a Comment

1 Comments