တခါတုန်းက သမင်တကောင်ဟာ သစ်ငုတ်တို တခုပေါ်မှာ ယုန်တကောင် မျက်စိမှိတ်ပြီး ထိုင်နေတာ တွေ့တော့ သူက မေးတယ်။
"ကိုယုန် ခင်ဗျား ဘာလုပ်နေတာလဲ"
"တရား ထိုင်နေတာ ပါကွာ"
"တရားထိုင်တယ် ဆိုတာ ဘာလဲဗျာ"
"ချမ်းသာ သုခ ရှာတာ"
"ဘာတွေ ချမ်းသာသလဲ"
"ဘာတွေ ချမ်းသာသလဲ သိချင်ရင် ငါနေတဲ့ ဂူထဲ သွားကြည့်လိုက်"
သမင်က ဂူထဲ ဝင်သွားတယ်။ အသံတွေ ကြားလိုက်ရတယ်။ ပြန်ပြီး တိတ်ဆိတ် သွားတယ်။ အဲဒီအချိန်မှာ တောဝက် တကောင် ရောက်လာ ပြန်တယ်။
"ယုန် ဘာတွေ လုပ်နေသလဲ"
"တရား ထိုင်နေတယ်"
"ဘာလဲကွ တရားထိုင်တယ် ဆိုတာ"
"ချမ်းသာသုခ ရအောင်ပါ"
"ချမ်းသာတော့ ဘာဖြစ်မှာလဲ"
"သိချင်ရင် ဂူထဲ သွားကြည့်လိုက်"
တောဝက် ဂူထဲ ဝင်သွားတယ်။ ဂူထဲမှာ အသံတွေ ကြားလိုက်ရ ပြန်တယ်။ တိတ်ဆိတ် သွားတယ်။ တနေ့ တနေ့ ယုန်ထိုင်နေတာကို လာမေးတဲ့ သူတွေ အများကြီး။ လာမေးတိုင်း တရားထိုင်တယ် ပြောတယ်။
သူ့ကို ယုံကြည် လေးစားပြီး သူပြောတဲ့ အတိုင်း ဂူထဲ ဝင်သွားရင် ပြန်ထွက် မလာတော့ဘူး။ ဂူထဲမှာ ဘာတွေ ရှိသလဲ။ ဒါကို လိပ်တကောင် အရမ်း စိတ်ဝင်စား သွားပြီး ယုန်ကို မမေးဘဲ ဂူထဲကို သွားကြည့်တယ်။
ဂူထဲမှာ အရိုးတွေ တောင်လို ပုံနေတယ်။ လိပ်ဟာ ထိပ်လန့် သွားတုန်း အမှောင်ထဲ ကနေ ကျားတကောင် ထွက်လာတယ်။ လိပ်ကို စားဖို့ ပြင်တယ်။ လိပ်က ခေါင်းသွင်း လိုက်တော့ စားလို့ မရတော့ဘူး။
ကျားငစဉ်းလဲက "ဟေ့ကောင် ယုန်စုတ် မင့် ငါ့ဆီကို ဘယ်လို သတ္တဝါမျိုး ပို့လိုက်တာလဲ။ စားမရ ဝါးမရတွေ မပို့နဲ့ကွာ" လို့ အော်ပြော လိုက်တယ်။
တချို့သော ကိစ္စတွေမှာ အသားစားရဖို့ ဆိုတာ အပြင်ထွက်ပြီး အမဲလိုက်စရာ မလိုပါဘူး။ တရားထိုင်ပြတဲ့ အကောင် တကောင် မွေးထားလိုက်ရင် သားကောင် ရတယ်။
ယုန် ဆိုတာကလည်း မြင်တာနဲ့ သနားစရာ ဆိုတော့ ယုန်မွေးစားတဲ့ သူတွေ အများကြီး။ ဂူထဲမှာ အပုပ်နံ့ တွေက တထောင်း ထောင်း ထနေတာတောင် ယုန်ပြောတာ ယုံပြီး ဝင်သွားတဲ့ အကောင်တွေ ကလည်း အများကြီး။
ယုန်ဆိုတာ အသား မစားဘူးလေ။ ဒါပေမဲ့ အသား စားနေတဲ့ ကောင်တွေကို အလုပ်အကျွေး ပြုနေတဲ့ ယုန်လို ကောင်တွေ လောကမှာ အများကြီး။
ခက်တာက ဖြူဖြူစင်စင်နဲ့ တရားထိုင်ချင်ယောင် ဆောင်လိုက်ရင် သူတော်စင်လို့ ထင်ကြတဲ့ လောကမှာ နောက်ကွယ်က ကျားငစဉ်းလဲလို ကောင်တွေက ကောင်းစားနေတာ။
လူ့လောက ထဲမှာလည်း တိရစ္ဆာန် လောကမှာလို ကိုယ်က ဥပုသ်စောင့်ပြီး သူများကို အသား ရှာကျွေးနေတဲ့ သူတော်ကောင်းယောင် ဆောင်ထားတဲ့ သူတွေ အများကြီး ရှိနေပါတယ်။ Nanda Latt
0 Comments