အမေကျွေးတဲ့ မုန့်ဖက်ထုပ်

သားတယောက်ဟာ မိဘတွေ နေတဲ့ မွေးရပ်‌မြေ ‌ တောရွာလေးကို အလည် ပြန်လာခဲ့တယ်။ ဒါပေမဲ့ သူဟာ ခွင့်၂ ရက်ပဲ ရခဲ့လို့ တညတည်း အိပ်ပြီး နောက်‌တနေ့ မနက်စောစော ၆ နာရီလောက် မြို့ကားအမီ ထပြန်ရမှာပါ။

အဲ့ဒီည သားအမိနှစ်ယောက်သား ရှေးဟောင်းနှောင်းဖြစ်တွေ အလုပ်အကိုင် အ‌ကြောင်းတွေကို ထိုင်‌ပြောကြရင်း ညဉ့်တော်တော် နက်သွားတယ်။

မအိပ်ခင်လေးမှာ သားဖြစ်သူဟာ သူ့အမေကို နောင်တကြီးစွာနဲ့‌ ပြောတာက "အမေရယ် သား ဒီတခေါက် ပြန်လာရတာ အရမ်းကို အလောတကြီး နိုင်လိုက်တာ။ နောက်တခါဆို သားအမေနဲ့ အကြာကြီး နေလို့ရအောင် ကြိုးစားပါ့မယ်။ သားလေ အမေ လုပ်ကျွေးတဲ့ ငှက်ပျောမုန့်ဖက်ထုပ်ကို အရမ်း ကြိုက်တာပဲ။ ဘယ်မှာပဲ ဝယ်စားစား အမေ့လက်ရာကို လုံးဝမမှီဘူး"

သားဖြစ်သူရဲ့ အ‌ပြော‌ကြောင့် အမေ့ရဲ့မျက်နှာမှာ ပီတိတွေနဲ့ ပြုံးသွားတယ်။ ‌ပြောပြီး‌တာနဲ့ သားဖြစ်သူဟာ မနက်ကျ သူစောစော ထရမှာမို့ အမေ့ကို နှုတ်ဆက်ပြီး အိပ်ခန်းဆီ သွားခဲ့တယ်။

သားဖြစ်သူ သွားအိပ်ပြီးတဲ့နောက် အမေဖြစ်သူဟာ မအိပ်ချင်တော့ဘူးလို့ ခံစားရတယ်။ သူမဟာ သူမအခန်းဆီ လျှောက်သွားပြီး အိပ်ပျော်နေတဲ့ သူမခင်ပွန်းကို သွားနှိုးတယ်။

"အဖိုးကြီးရေ ထပါအုံး။ ရှင် ရွာထဲ သွားပြီး ငှက်ပျောရွက်နဲ့ ဖီးကြမ်းအမှည့် တဖီးလောက် သွားရှာပြီး ‌တောင်းဝယ်လာခဲ့စမ်းပါ။ ရှင့်သားက ငှက်ပျောမုန့်ဖက်ထုပ် စားချင်ရှာလို့တဲ့။ အဲ့တာ မနက်စောစော သူ မပြန်ခင်လေး လုပ်ကျွေးလိုက်ချင်လို့" အိပ်ပျော်နေရာက နိုးလာတဲ့ အဖိုးကြီးဟာ သူ့မိန်းမကို ပြန်ပြောတယ်။ "အေး ငါအခုပဲ သွားရှာလာလိုက်မယ်" တဲ့။

ပြောပြီး ထလာရင်း တိုင်မှာ ချိတ်ထားတဲ့ အနွေးထည် အနွမ်းလေးကို ကောက်စွပ်တယ်။ အမေဖြစ်သူက ထပ်ပြောတယ်။

"အဖိုးကြီး ရှင် သွားရင် ဖြေး‌ဖြေးလျှောက်သွား။ တံခါးလည်း ဖွဖွလေးပဲ စေ့ထားခဲ့။ သားလေးခမျာ ခုလေးတင်မှ အိပ်ပျော်သွားတာ။ မနက်ကျ အစောကြီး ထရအုံးမှာ။ တော်ကြာနိုးသွားရင် အိပ်ရေးမဝရှာပဲ နေလိမ့်မယ်။ ကျုပ်လည်း ဟိုဖက်အိမ်က လက်လှည့်ဆုံမှာ ကောက်ညှင်း သွားကြိတ်ထားလိုက်အုံးမယ်" တဲ့။

ခုချိန်ဟာ ဆောင်းဝင်နေပြီ ဆိုတော့ အပြင်မှာ ရာသီဥတုက အေးနေပြီ။ အဖိုးအိုဟာ တအိမ်ပြီး တအိမ် လိုက်အော်နှိုးရင်း ငှက်ပျောဖက်နဲ့ ငှက်ပျောခိုင် တောင်းဝယ်တယ်။ ရွာမှာက ငှက်ပျောပင် မစိုက်ကြဘူး။

ရှိတဲ့အိမ် ကျတော့လည်း ဖီးကြမ်းငှက်ပျော မဟုတ်ဘူး။ ဒါပေမဲ့ အဖိုးအိုရဲ့ ကြိုးစား‌မှု့ကြောင့် နောက်ဆုံးမှာ ရွာထိပ်က အိမ်မှာ မှည့်ခါစ ဖီးကြမ်းတခိုင် ရှာဝယ်လို့ ရသွားတယ်။

"ညကြီးမင်းကြီး ဘယ်သူများလဲလို့ အဘ ဦးလှိုင်မောင် ကိုး။ ငှက်ပျောခိုင်က မနက်ဈေးမှာ သွားရောင်းမလို့ ခုတ်ထားပြီးသား။ ငှက်ပျောဖက်ကတော့ မခုတ်ရသေးဘူး။ အဘ လိုချင်ရင် ခြံနောက်မှာ လိုသလောက် ခုတ်ယူသွားလိုက်ပါ" လို့ အိမ်ရှင်က‌ ပြောတယ်။

ခြံဟာ အိမ်နဲ့တော့ သိပ်မဝေးပါဘူး။ ဒါပေမဲ့ နှင်းတွေ ရွှဲနေတဲ့ မြက်တောမှာ မှောင်မှောင်မဲမဲထဲ ညှပ်ဖိနပ်လေးနဲ့ ဖြတ်လျှောက်ရတာ သိပ်တော့ မလွယ်လှပါဘူး။

အဖိုးကြီးဟာ အိမ်ပြန် ရောက်လာတော့ ည ၁၀ နာရီ ကျော်နေပါပြီ။ လင်မယား နှစ်ယောက်သား ငှက်ပျောဖက်တွေကို ဆေး‌ကြပြီး မုန့်ထိုင်ထုပ် နေကြတော့ ည ၁ နာရီ ကျော်သွားပါပြီ။ အမှန်ဆိုရင် အဲ့ထက် စောစော ပြီးနိုင်ပါတယ်။ ဒါပေမဲ့ မီးထွန်းပြီး လုပ်နေကြရင် သူတို့သားလေး နိုးသွားမှာစိုးလို့ လက်နှိပ်ဓါတ်မီးနဲ့ ထိုးပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထုပ်‌နေကြတာပါ။

၂ နာရီလောက် ကျတော့ ငှက်ပျောဖက်ထုပ်တွေ အဆင်သင့် ဖြစ်နေပါပြီ။ အဖိုးကြီးနဲ့ အဖွားကြီးဟာ ခဏလောက် မှေးအိပ်လိုက်ကြဖို့ ‌ပြောကြတယ်။ ဒါပေမဲ့ ခဏနေရင် မုန့်ဖက်ထုပ်တွေ ပေါင်းရတော့မဲ့ အတူတူ မနိုးပဲ နေသွားမှာစိုးလို့ မအိပ်ကြတော့ပါဘူး။

ဒီလိုနဲ့ ရွာဦးကျောင်းက အုန်းမောင်းသံသဲ့သဲ့ ကြားတော့ မုန့်ထုပ်တွေကို မီးဖို‌မှာ တင်‌ပေါင်းကြတယ်။ မကြာပါဘူး ၅ နာရီခွဲတော့ သားဖြစ်သူရဲ့ ဖုန်းက နှိုးစက်မြည်သံနဲ့ အတူ သူတို့သားလေးဟာ နိုးလာပြီး အိပ်ရာတွေသိမ်း အထုတ်အပိုး‌တွေ ပြင်တယ်။

အဲဒီအချိန်မှာ မုန့်ဖက်ထုပ်နံ့လေးဟာ သင်းပျံ့ပြီး သူ့ရဲ့ နှာခေါင်းဝကို ရောက်လာတယ်။ သူ့စိတ်ထဲမှာ အမေ့လက်ရာ မုန့်ဖက်ထုပ်ကို သတိရသွားရင်း ဘယ်အိမ်ကများ စောစောစီးစီး မုန့်ဖက်ထုပ် လုပ်နေတာပါလိမ့် မွှေးလိုက်တာ လို့ တွေးမိတယ်။ သူ အခန်းထဲက ထွက်လိုက်တော့ အဖိုးကြီးနဲ့ အဖွားကြီးဟာ မုန့်ထည့်ထားတဲ့ အိုးကြီးကို ၂ ယောက်သား မထွက်လာတာနဲ့ လာဆုံနေတယ်။

အမေဖြစ်သူဟာ သူ့သားကို တွေ့တော့ "လာ လာ ငါ့သား မုန့်တွေ အခုပဲ ပေါင်းအိုးထဲက ထုတ်လာတာ။ ပူပူနွေးနွေးလေး ဖြစ်နေတုန်း အရင် လာစားလိုက်။ ပြီးတော့မှ သွားတိုက်လို့ ရပါတယ်"

အ‌ဖေဖြစ်သူ ကလည်း "ဟုတ်တယ် ပူပူနွေးနွေး ဖြစ်နေတုန်း လာစား။ မင်းအမေက မင်းကို အရမ်း စားစေချင်နေတာ" ဆိုပြီး မုန့်တွေ ပန်းကန်ထဲ ထည့်ရင်း ကမ်းပေးတယ်။ သူဟာ အငွေ့ တထောင်းထောင်း ထနေတဲ့ မုန့်ပန်းကန်ကို လှမ်းယူရင်း သူ့ရဲ့အဖေနဲ့ အမေကို မယုံနိုင်တဲ့ မျက်လုံးနဲ့ လှမ်းကြည့်မိတယ်။

ညက သူ အမေ့ကို ကျေနပ်သွားအောင် မြှောက်ပြောလိုက်တဲ့ စကားလေးတခွန်း အတွက်နဲ့ အမေတို့ ဒီလောက်အထိ အသဲအသန် ဖြစ်သွားလိမ့်မယ်လို့ သူ မထင်ထားခဲ့မိဘူး။

အသက် ၆၀ ကျော်နေတဲ့ အဖေနဲ့ အမေဟာ သူစားဖို့ မုန့်ဖက်ထုပ်ကို တညလုံး မအိပ်ဘဲ လုပ်ကျွေးခဲ့ ကြတယ်။ သူဟာ မုန့်ကို ပါးစပ်က ဝါးနေရင်း အဖေနဲ့ အမေကို စိုက်ကြည့်ပြီး မျက်ရည်တွေ ပါးပြင်ပေါ် ဒလဟော စီးကျလာ‌ တော့တယ်။

ဒီလောကမှာ ကိုယ့်ကို အသက်လောက် ချစ်ပါတယ် ဆိုတာ တကယ်တော့ ဘယ်သူတွေများလဲနော်။ ကိုယ်ဟာ ဘယ်လောက်ပဲ လူလားမြောက် ကြီးပြင်းလာတယ် ဆိုဆို မိဘတွေ မျက်လုံးထဲမှာ သားသမီးဆိုတာ ချစ်စရာ ကလေးငယ်လေးတွေလို ပါပဲ။ ဘာမျှော်လင့်ချက်မှ မထားပဲ ချစ်တာပါ။ ဒီလို အချစ်မျိုးကို တခြား ဘယ်သူစိမ်းဆီကများ ရနိုင်အုံးမှာလဲ။ Crd

Post a Comment

0 Comments