ဘုန်းကြီးကျောင်းက မျောက်ကလေး

ဟိုးရှေးရှေးတုန်းက တိုင်းပြည် တပြည်မှာ ဆရာတော်ကြီးတပါး ရှိတယ်။ သူ့ရဲ့ ကျောင်းမှာ အရမ်း လိမ္မာတဲ့ မျောက်ကလေးတကောင် ရှိတယ်။ ဆရာတော်ကြီးကို ဆွမ်းကပ်တာက အစ၊ ဝေယျာဝစ္စတွေ လုပ်ပေးနိုင်တယ် လို့ နာမည် ကြီးတယ်။

တနေ့တော့ ဘုရင်မင်းကြီးဟာ နာမည်ကြီးတဲ့ မျောက်လိမ္မာလေးရဲ့ သတင်း ကြားတာနဲ့ တွေ့လိုဇောနဲ့ ဆရာတော်ကျောင်းမှာ ဆွမ်းကပ်ဖို့ စီစဉ်တယ်။ ဘုရင်ကြီးဟာ ကျောင်းဝင်းထဲ ဝင်လိုက်တာနဲ့ အရမ်းလှပတဲ့ ကျောင်းရှေ့က ပန်းခြံကြီးကို တွေ့လိုက်ရတယ်။

ဆရာတော်ကြီးကို ကန်တော့ပြီး ဆွမ်းကပ်ဖို့ ပြင်ဆင်တယ်။ အဲဒီမှာ မျောက်ကလေးက ဆရာတော်ကို ရိုရိုသေသေလေး ဆွမ်းကပ်နေတာကို ကြည့်ရင်း အနားက လိုက်ကပ်နေတဲ့ ဘုရင်မင်းကြီးက အရမ်းပီတိ ဖြစ်နေတယ်တဲ့။

အဲဒီအချိန်မှာ မျောက်ကလေးဟာ ရေခွက် ကပ်ရင်း ရေခွက် မှောက်ကျ သွားတယ်။ ဒီတော့ ဆရာတော်ကြီးက မျောက်ရဲ့ ဦးခေါင်းကို ဒေါက်ခနဲ ခေါက်လိုက်တယ်။ ဒါကို လှမ်းမြင်လိုက်တဲ့ ဘုရင်ကြီးက ထောင်းကနဲ ဒေါသ ထွက်သွားပြီး ပြောလိုက်တယ်။

"အရှင်ဘုရား ဒီလောက် လိမ္မာတဲ့ မျောက်ကို ရေခွက်လေး မှောက်ရုံနဲ့ ဒီလိုကြီး မလုပ်သင့် ပါဘူး။ သင်္ကန်းကြီး ဝတ်ထားပြီး ဒီလောက်လေးမှ ခန္တီတရားလေးတောင် မထားနိုင်ဘူးလား" လို့ စိတ်ဆိုးစွာနဲ့ ပြောလိုက်တယ်။

ဆရာတော်ကတော့ "တိရိစ္ဆာန် ဆိုတာ ဆုံးမရတယ်။ မဟုတ်ရင် မလိမ္မာဘူး" လို့ ဘယ်လိုဘဲ ဖြောင်းဖြ ဆုံးမပေမဲ့ ဘုရင်ကြီးက လက်မခံဘူး။ အဲဒါနဲ့ ဘုန်းကြီးက ရှင်းပြလို့ မရတဲ့ အဆုံး

"ကဲ ဒကာတော်မင်းကြီး ဘယ်လိုမှ ရှင်းပြလို့ မရရင်လည်း ဒီလို လုပ်ပါ။ ဒကာတော်မင်းကြီး ပြောသလို ခန္တီတရားနဲ့ နေပါ့မယ်။ နောက် တနှစ်တိတိ ပြည့်ရင် ဒီကျောင်းကို နောက်တခေါက် ပြန်ကြွခဲ့ပါ"

ဘုရင်ကြီးလည်း စိတ်တွေဆိုးပြီး ဦးတောင် မချတော့ဘဲ ကျောင်းပေါ်က ဆင်းသွားတော့ တယ်တဲ့။ နောက်တနှစ်လောက် ကြာတော့ ဘုရင်ကြီးဟာ အဲဒီအကြောင်းကို ပြန်သတိရ လာတယ်။ အဲဒါနဲ့ မှုးမတ်တွေကို ခေါ်ပြီး ဘုန်းကြီးကျောင်းကို သွားတယ်။

ကျောင်းရှေ့ ဥယျာဉ်လည်း ရောက်ရော ဥယျာဉ်တခုလုံး ရစရာ မရှိအောင် ပျက်စီးနေပြီး ပန်းပင်တွေ ဟာလည်း နှုတ်ပြီး ကိုက်ဖြတ်ထားတဲ့ အတွက် ပြန့်ကျဲ နေတယ်။ ကျောင်းကို လှမ်းကြည့်လိုက်တော့ ကျောင်းခေါင်မိုးတွေ ဖွာလန် လွင့်ကျဲ နေတယ်။

ကျောင်းပြူတင်းပေါက်တွေ ကလည်း ပြုတ်တာကပြုတ် တွဲလောင်း ဖြစ်တာက ဖြစ်။ ဘုရင်ကြီးက စိတ်ပူသွားတာနဲ့ အမြန်ကျောင်းပေါ် တက်ပြီး ဘုန်းကြီးကို လိုက်ရှာတယ်။ တကျောင်းလုံး ရစရာ မရှိအောင် ပျက်စီး ရှုပ်ပွ နေတယ်။

ကျောင်းဒေါင့်က အမိုက်ပုံကြား တနေရာ မှာတော့ ဘုန်ကြီးဟာ ငုတ်တုတ်လေး ထိုင်နေတယ်။ မျောက်ကတော့ ဘုန်ကြီး ဂုတ်ကို ခွစီးပြီး ဘုန်းကြီးခေါင်းကို ခေါက်ကစား နေလေရဲ့။

ပုံပြင်လေးကတော့ဒါပါဘဲ။ ဒီပုံပြင်လေးက "လူ့စိတ်ဆိုတာ မျောက်နဲ့ တူတယ်။ ဆုံးမမှု မရှိဘူး ဆိုရင်၊ ဆုံးမမှုတည်း ဟူသော အသိတရား သတိတရား မရှိဘူးဆိုရင် မိမိတို့ရဲ့ စိတ်ဟာ လူစင်စစ်က မျောက်လို ဖြစ်နေတတ်ပါလား" ဆိုတဲ့ သင်ခန်းစာကို ပေးထားတာပဲ ဖြစ်ပါတယ်။ phoomyatchal

Post a Comment

0 Comments