မှီမခိုပါနဲ့

တခါက တောအုပ်လေး တခုထဲမှာ နေထိုင် ကျက်စားတဲ့ ယုန်ကလေး တကောင် ရှိတယ်။ ယုန်ကလေးမှာ သူငယ်ချင်းတွေ အများကြီး ရှိပြီး သူ့သူငယ်ချင်းတွေ အတွက်လည်း သူက အမြဲ ဂုဏ်ယူနေ တတ်တဲ့သူ ဖြစ်တယ်။

တနေ့မှာတော့ ယုန်ကလေးဟာ တောခွေးတွေရဲ့ ကျယ်လောင်စွာ အော်ဟစ်သံကို ကြားလိုက်ရ ပါတယ်။ အရမ်းကို ကြောက်လန့် သွားတဲ့ ယုန်ကလေးဟာ တကောင်တည်း မနေရဲတော့ဘဲ သူ့သူငယ်ချင်း ဖြစ်တဲ့ သမင်လေးဆီ အပြေး သွားပါတယ်။

"သူငယ်ချင်းရေ ငါတော့ တောခွေးတွေ ဟောင်သံ ကြားလိုက်လို့ မင်းဆီ ပြေးလာတာ။ မင်းရဲ့ ချွန်မြတဲ့ ဦးချိုတွေနဲ့ တောခွေးတွေကို မောင်းထုတ်ပေး ပါလား" လို့ သမင်ကို အကူအညီ တောင်းလိုက် ပါတယ်။

သမင်က "ဟုတ်တာပေါ့၊ ငါလုပ်နိုင် တာပေါ့။ ဒါပေမယ့် ခုတော့ မဟုတ်သေး ဘူးကွ ငါ မအားသေးဘူး။ မင်းကလည်း ခြင်္သေ့ကို ပြောကြည့် ပါအုံးလား" လို့ သမင်က ယုန်ကို ပြန်ပြောလိုက် ပါတယ်။

အဲဒီလိုနဲ့ ယုန်ကလေးက ခြင်္သေ့ဆီ အပြေးသွား ပြန်တယ်။ "သန်မာလှတဲ့ သူငယ်ချင်းရေ ငါ့ကို ကူညီပါအုံး။ တောခွေးတွေက ငါ့ကို စားတော့မယ်။ သူတို့ကို မောင်းထုတ်ပေးဖို့ ကူညီပေးပါလား" လို့ ပြောလိုက်တယ်။

ခြင်္သေ့က "ဟာ ဆောရီးပါ သူငယ်ချင်းရာ။ ငါ့မှာ ဗိုက်ဆာလွန်းလို့ အစာရှာ ရမယ်။ ငါ အရမ်း ပင်ပန်းနေပြီ။ မင်းသူငယ်ချင်း မျောက်တွေကို ပြောကြည့်ပါလား" လို့ ယုန်ကို ပြန်ပြောလိုက် ပြန်တယ်။

ယုန်ကလေးက မျောက်တွေဆီ အပြေးသွား ပြန်ပါတယ်။ မရတဲ့ အခါ ဆင်တွေဆီ ရောက်သွား ပြန်တယ်။ နောက်တော့ ဆိတ်တွေနဲ့ အခြားသော ယုန်ကလေးရဲ့ သူငယ်ချင်းတွေဆီ တလှည့်စီ သွားပြီး အကူအညီ တောင်းကြည့် ပြန်ပါတယ်။

ဒါပေမယ့် ဘယ်သူကမှ သူ့ကို ကူညီဖို့ အဆင်သင့် မဖြစ်ကြ ပါဘူး။ ယုန်ကလေးက ဝမ်းနည်းသွား ပေမယ့် နားလည်သွား ခဲ့ပါတယ်။

ယုန်ကလေးဟာ ခြံပုတ်တွေ ကြားထဲကို ပြေးဝင်လိုက်ပြီး ဝပ်နေလိုက်တဲ့ အတွက် တောခွေးတွေရဲ့ ရန်ကနေ လွတ်မြောက် သွားခဲ့ ပါတယ်။ အဲဒီအချိန်က စပြီး ယုန်ကလေးဟာ ဘယ်အရာမှာ မဆို ကိုယ့်ကိုယ်ကို အားကိုးဖို့သာ ကြိုးစား ပါတော့တယ်။

တခြားလူတွေ အပေါ် မှီခိုခြင်းက မသေချာဘဲ ကိုယ့်ကိုယ်ကို အားကိုးခြင်း ကသာ အကျိုးရှိ နိုင်ကြောင်း ယုန်ကလေး နားလည် သွားခဲ့ ပါတော့တယ်။ Crd

Post a Comment

0 Comments