နွားနို့သည်ရဲ့ စိတ်ကူး

တခါက နွားနို့သည်မလေး တဦးဟာ ချိုမြိန် လတ်ဆတ်တဲ့ နွားနို့တွေ အပြည့် ထည့်ထားတဲ့ နို့ပုံးကို ခေါင်းပေါ် ရွက်ပြီး နွားနို့ရောင်းဖို့ ထွက်လာခဲ့ ပါတယ်။

သူမဟာ လမ်းလျှောက်နေရင်းနဲ့ နွားနို့ရောင်းလို့ ရတဲ့ ပိုက်ဆံတွေနဲ့ ဘာတွေ ဝယ်ရမလဲ ဆိုတာ စီမံကိန်းတွေ ချနေတယ်။ "ဒီနွားနို့တွေ ရောင်းလို့ ငါ ပိုက်ဆံတွေ ရလာတဲ့အခါ ကြက်ဥတွေ ဝယ်မယ်။

ပြီးတော့ ကြက်ဥတွေကို ကြက်မအိုကြီးရဲ့ ဝပ်ကျင်းထဲ ထည့်ထားပေးမယ်။ ကြက်မကြီး ဝပ်ပြီ ဆိုရင် ကြက်ဥလေးတွေက အကောင် ပေါက်လာမှာပဲ။

ကြက်ပေါက်စလေး တွေကို အစာတွေ ဝအောင် ကျွေးပြီး ဝဝတုတ်တုတ် ကြက်မကြီးတွေ ဖြစ်လာတဲ့ အထိ ငါမွေးရမယ်။ ပြီးတော့ ငါ့ရဲ ကြက်မကြီးတွေကို ရောင်းပြီးရင် ငါ ငွေတွေ အများကြီး ရမယ်။

ပိုက်ဆံတွေ အများကြီး ရတဲ့အခါ ငါဝတ်ဖို့ အင်္ကျီအသစ် လှလှလေး တစုံ ဝယ်ပြီး ဝတ်ရင်တော့ ငါဟာ အရမ်းကို လှပသွားမှာပဲ။

ဒီအခါ ခပ်ချောချော ယောက်ျားလေး တွေက ငါ့ကို ကြည့်ကြမှာပဲ။ ဒီမိန်းကလေးဟာ သိပ်လှတာပဲ လို့ သူတို့ စိတ်ထဲမှာ တွေးပြီး ငါနဲ့ တွဲချင်စိတ်တွေ ဖြစ်လာမှာပဲ။

ဒါပေမယ့် ငါကတော့ သူတို့ကို အရေး မလုပ်ပါဘူး။ မကြည့်ဘူး။ ပြန်မကြည့်ဘူး။ ခေါင်းလေးကို မော့ပြီး သူတို့ကို ရှောင်ကွင်းသွား မှာပေါ့"

အဲဒီလို စိတ်ကူးနေရင်းနဲ့ နွားနို့သည်ဟာ ခေါင်းကို မော့ပစ်လိုက်တယ်။ သူမရဲ့ ခေါင်းပေါ်မှာ နွားနို့အိုး ရွက်ထားတာ ကိုလည်း လုံးဝ မေ့နေခဲ့တယ်။

ခေါင်းမော့လိုက်တော့ နို့ပုံးဟာ ခေါင်းပေါ်က ပြုတ်ကျသွားပြီး လမ်းပေါ်ကို နွားနို့တွေ အကုန်းလုံး ဖိတ်စင်ကုန်တော့ တာပေါ့။

ဒီအခါမှ မိန်ကလေးက "အို အို ကြက်ဥတွေ၊ ကြက်ပေါက်စ လေးတွေ၊ ကြက်မကြီးတွေ၊ အဝတ်အစား အသစ်လေးတွေ၊ ငါ့ကိုကြိုက်မယ့် ကောင်လေး ချောချာလေးတွေ အားလုံး ကုန်ပါပြီ" လို့ ဆိုပြီး နွားနို့သည်မလေးဟာ ဝမ်းနည်းပက်လက် ငိုကြွေးနေရှာတော့ သတဲ့ကွယ်။

ဒါကြောင့် အရာအားလုံးမှာ စိတ်ကူးနဲ့ လက်တွေ့ တထပ်ထဲ မကျနိုင်သေးတဲ့ အချိန်မှာ စိတ်ကူးနဲ့ လက်တွေ့ကို မရောယှက်မိ ပါစေနဲ့ လို့ ဒီပုံပြင်လေးက သတိပေးနေပါတယ်။ phoomyatchal

Post a Comment

0 Comments