မာန်ကြွနေတဲ့ ချေးပိုးထိုး

ဒီပုံပြင်လေးဟာ ငါးရာ့ငါးဆယ် နိပါတ်တော်ထဲက ပုံပြင်လေးတပုဒ်လို့ ဆိုရပါလိမ့်မယ်။ တခါက အင်္ဂတိုင်းနဲ့ မဂဓတိုင်းတို့ ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးတခု ရှိခဲ့ဘူးတယ်။ ကုန်သည်အပေါင်းတို့ဟာ အဲဒီ လမ်းမကြီးတလျှောက် ကူးချည် ပြန်ချည် သွားလာကြတယ်။

လမ်းတထောက် နားကြတယ်။ သယ်ဆောင်လာတဲ့ စားသောက်ဖွယ်ရာတွေ၊ စားနပ်ရိက္ခာ တွေကို အဲဒီလမ်းမကြီး ဘေးမှာပဲ ချက်ပြုတ် စားသောက်ကြတယ်၊ အရက်သေစာတွေ သောက်စားကြတယ်၊ ကျင်ကြီးကျင်ငယ် စွန့်ကြတယ်။

တနေ့မှာတော့ အင်္ဂတိုင်းက ကုန်သည်တစုဟာ လမ်းမကြီး တနေရာမှာ စခန်းချ ကြပြီး ချက်ပြုတ်စားသောက် ကြတယ်။ အဲဒီနောက် မှာလည်း ပါလာတဲ့ သေရေသေရက်တွေကို မူးယစ်သောက်စား ကြပြန်တယ်။

အဲဒီနောက်မှာလည်း လမ်းဘေးနေရာ အသီးသီးမှာ တပိုတပါး သွားကြပြန်တယ်။ အဲဒီနောက်မှာတော့ ကုန်သည်တွေဟာ သူတို့ သွားလိုတဲ့ ခရီးကို ဆက်လက် ထွက်ခွာသွားကြတယ်။

အဲဒီလို ကုန်သည်တွေ ထွက်ခွာ အသွားမှာတော့ ချေးပိုးထိုး တကောင်ဟာ မစင်ပုံ တခုကနေ ထွက်လာတယ်။ ကုန်သည်တွေရဲ့စားကြွင်းစားကျန် တွေကို စားသောက်တယ်။ အဲဒီနောက်မှာလည်း ကုန်သည်တွေ ဖိတ်စင် ကျန်ရစ်တဲ့ သေရေအရက် တွေကိုလည်း သောက်သုံးပြန်တယ်။

အဲဒီလို သေရေသောက်ပြီးတဲ့ အခါမှာလည်း ချေးပိုးထိုးဟာ သေရေမူးယစ် လာတယ်။ သူ့ကိုယ်သူ စင်္ကဝြတေးမင်းလိုဘုန်းတန်ခိုးကြီးပြီး ဆင်ပြောင်ကြီးထက် သန်မာသူ အဖြစ် ထင်မြင်လာတယ်။ အဲဒီလို အရက်မူးနေတဲ့ ချေးပိုးထိုးဟာ သူနေထိုင်တဲ့ မစင်ပုံကို ပြန်သွားတယ်။

အဲဒီအခါ သူခြေနင်းလိုက်တိုင်းမှာ မစင်ပုံက ပျော့အိပြီး ဝင်သွားတယ်။ အဲဒီအခါ ချေးပိုးထိုးက "ငါ ကဲ့သို့သော ဘုန်းတံခိုးကြီးမားလှတဲ့ ဘုရင်မင်းမြတ်ရဲ့ ခြေနင်းတာကိုတောင် တောင့်မခံနိုင်တဲ့ မစင်ပုံပဲ" လို့ ပြောပြီး တကိုယ်တည်း မစင်ပုံနဲ့ ရန်ဖြစ်နေခဲ့ ပြန်တယ်။

အဲဒီအခိုက်မှာပဲ အနီးက တောအုပ်ထဲမှာ နေတဲ့ စွယ်စုံဆင်ပြောင်ကြီး တကောင်ဟာ ချေးပိုးထိုး ရန်ဖြစ်နေတဲ့ မစင်ပုံကို နင်းမိမှာ စိုးတာကြောင့် ခွကျော်သွားခဲ့တယ်။

ဆင်ပြောင်ကြီးက သူ့လမ်းသူ သွားတာ ဖြစ်ပေမယ့် သေရည်ကြောင့် မာန်တက်နေတဲ့ ချေးပိုးထိုးက ဆင်ပြောင်ကြီးကို လှမ်းပြီးတိုက်ခိုက်ဖို့ စိန်ခေါ်လိုက်တယ်။

"သေးငယ် သိမ်ဖျင်းလှတဲ့ ဆင်ယုတ်၊ ငါကဲ့သို့သော ဘုန်းတံခိုး ကြီးမားလှသူကို မထေမဲ့မြင် ပြုသလော။ သင့်ဝံ့စားပါက ငါနှင့် ယခုပင် စစ်ခင်းလော့၊ သိင်္ဂနှင့် မဂဓတိုင်း နှစ်ပြည်ထောင်သည် ငါ၏ ဘုန်းတံခိုးကြောင့် စိစိညက်ညက် ကြေစေအံ့၊ သင်အားလည်း ယခုပင် မချိမဆံ့ အသက်ထွက်စေအံ့" လို့ ကြွေးကျော်လိုက်တယ်။

အဲဒီလို ချေးပိုးထိုးရဲ့ မတန်မရာ စကားသံကို ကြားတဲ့အခါ ဆင်ပြောင်ကြီးက ပြန်လှည့်လာတယ်။ ပြီးတော့ ဒီလို ပြောခဲ့တယ် "သေးကွေးလှတဲ့ ချေးပိုးထိုး၊ သင်သည် ကိုယ့်အခြေအနေ၊ ကိုယ့်အနေအထားကို မှန်ကန်စွာ မသုံးသပ်နိုင်သူသာ ဖြစ်တယ်။ ကျွန်ုပ်အနေဖြင့် သင်ကဲ့သို့ သေးနုပ် သိမ်ဖျင်းသူကို ယှဉ်ပြိုင် စစ်ထိုးစရာပင် မလိုအပ်။

ကျွန်ုပ်၏ ခြေလက် တို့ကိုမျှ အသုံးမပြုဘဲ သင့်အား အလွယ်တကူပင် သတ်ဖြတ်နိုင်၏။ ယခုပင်လျင် သင့်အား သတ်ဖြတ်အံ့" ဟု ဆင်ပြောင်ကြီးဟာ ပြောဆိုပြီး ချေးပိုးထိုး ပေါ်ကို မစင်စွန့်ချ လိုက်တယ်။ အဲဒီအခိုက်တန့်မှာတော့ ချေးပိုးထိုးဟာ ဆင်ပြောင်ကြီးရဲ့ မစင်ပုံ ပိပြီး မချိမဆန့် အသက်ထွက်သွား ခဲ့လေတယ်။

ကျွန်ပ်တို့ ကျင်လည်ရာ လူ့လောကကြီး မှာလည်း ချေးပိုးထိုးလို လူစားတွေ ရှိနေကြပါတယ်။ တချို့သော လူတွေက အကြွင်းအကျန် မျှကို စားသောက်ပြီး သေရေသောက်စား မူးယစ်ကာ မာန်ထောင်နေသလို အသိဉာဏ် နည်းပါးသူ၊ သိမ်ဖျင်းသော စိတ်ဓါတ်ရှိသူ တွေဟာလည်း အရိုးအရင်းမျှ ကိုက်ရရုံမျှ၊ အဖျားအနားမျှ အခွင့်အရေး ရရုံမျှနဲ့ လောကတခွင်မှာ သူနဲ့ယှဉ်ပြိုင်ဝံ့သူ မရှိလို့ ထင်နေတတ် ကြတယ်။

သူတို့တွေဟာ ချေးပိုးထိုးရဲ့ မာန်တက်ခြင်းနဲ့ တူတဲ့ အကြောင်းအရာ မယ်မယ်ရရ မရှိလှတဲ့ မာန်မာနတွေ ထားနေတတ် ကြပြီး အရာရာကို မကောင်းမြင် တတ်ကြတယ်၊ ပြီးတော့ ကန့်လန့် တိုက်နေလေ့ ရှိကြပြန်တယ်။

မစင်ပုံမှာ နေထိုင်ရတဲ့ ချေးပိုးထိုးမျှဖြစ်ရုံ အနေအထားကို သော်မှ ဘဝအမှန်ကို မမြင်နိုင်ဘဲ တလောကလုံးကို တကိုယ်တည်း ချေမှုန်းဖျက်ဆီးနိုင်သူ အဖြစ် ကိုယ့်ကိုယ်ကို အထင်ရောက် စိတ်ကြီးဝင်နေကြလေ့ ရှိနေတတ်ကြတယ်။

တကယ်လို့ ကိုယ့်အခြေအနေ၊ ကိုယ့်အသိဉာဏ်၊ ကိုယ့်အရည်အချင်းနဲ့ မနှိုင်းယှဉ် သာအောင် ကွာခြားတဲ့ သူတွေကို ဝေဖန်ပြောဆိုလေ့၊ တိုက်ခိုက်ချင်လေ့၊ မကောင်းပြောလေ့၊ စိန်ခေါ်ရန်ထောင်လေ့ ရှိခဲ့ပါရင် ဒီပုံပြင်လေးထဲက ချေးပိုးထိုးကို စံနမူနာယူပြီး ဆင်ခြင်တတ် ပါစေလို့ ဆန္ဒပြုရင် အဆုံးသတ်ပါရစေ။ Crd

Post a Comment

0 Comments