တခါက မြို့တမြို့မှာ လက်လုပ်လက်စား မြင်းလှည်းမောင်းတဲ့ လူတယောက် ရှိတယ်။ သူ့အိမ်မှာ ကြက်ဖလေး တကောင်၊ ဝက်ကလေးတကောင်နဲ့ ဘဲကလေး တကောင် ကိုလည်း မွေးထားသေးတယ်။
တရက် မြင်းလှည်းသမားက မြင်းကို အနားပေးချင် တာနဲ့ လှည်းမမောင်းပဲ မြင်းကို လှန့်ထားလိုက်တယ်။ စားကျက်ထဲမှာ မြင်းရယ် ဝက်ရယ် ဘဲရယ် ကြက်ရယ် ဆုံကြတယ်။
ကြက်ကလည်း သူ့သဘာဝ မြေတွေကိုယက် ပိုးကောင်လေး တွေကို ရှာစားတယ်။ ဘဲကလည်း တီကောင်လေးတွေ ခရုတွေကို ရှာစားတယ်။ ဝက်ကလည်း မြေကို တူးပြီး အစာရှာ စားနေတယ်။
အဲဒီအချိန်မှာ မြင်းက ထ ဟီးလိုက်တယ်။ "တိုးတိုးအော်ပါ ကိုမြင်းရယ်။ ဒီမှာ အစာရှာ ပျက်တယ်" ဆိုပြီး မြင်းကို ပြောတော့
"ဘယ်တတ်နိုင်ပါ့မလဲ ကြက်ကလေးရယ်။ ငါ့ သဘာဝ ကိုက ဒီလို ဖြစ်လာတာ၊ မနက်ခင်း မင်းတို့ တွန်သလိုပေါ့"
"ကျွန်တော်တို့ တွန်တာက စည်းကမ်း ရှိတယ် ကိုမြင်းရဲ့။ လင်းတက်ချိန် အာရုံချိန် တွေမှာ လူတွေအတွက် အချက်ပြ ပေးတာပါ။ ခင်ဗျားက အားနေ ဟီးနေတာ။ ဘေးလူလည်း ကြားမကောင်းလိုက်တာ"
"ဟုတ်တယ် ဟုတ်တယ် ကြက်ကလေး" ဆိုပြီး ဝက်က ထ ရယ်တယ်။ ထိုအခါ မြင်းက
"ဝက်အော်တဲ့ အသံ ကြတော့ရော မင်းတို့ အပြစ် မမြင်ကြဘူးလား"
"မြင်လို့ မရဘူး သူက ဗိုက်ဆာလို့ အော်ရင် သခင်ဖြစ်သူက အစာလာ ကျွေးတယ်။ ကျွန်တော်တို့က ဝိုင်းစားရတယ်"
"ဟုတ်ပါပြီကွာ ဘဲကလည်း အားနေ ဂတ် ဂတ် အော်နေတာ"
"သူအော်တာက ကိစ္စ မရှိပါဘူး။ ကျွန်တော်တို့ ကိုလည်း အနှောင့်အယှက် မဖြစ်စေဘူး။ ကျွန်တော်က ကုန်းပေါ်မှာ ပျော်နေချိန် သူက ရေမှာ နေတယ်လေ။ ကျွန်တော်က သစ်ပင်မှာ တက်ချိန်မှာ သူက မြေကြီးမှာ အိပ်တယ်"
တနေ့မှာတော့ မြင်းလှည်းသမားကြီးက "မြင်းကြီးရေ မင်းလည်း ငါတို့ကို ရှာဖွေကျွေးရတာ ပင်ပန်းနေ ရောပေါ့။ ဘယ်တတ်နိုင် မလဲကွာ" လို့ မြင်းကို ပြောတယ်။ အဲဒီ အချိန်မှာ ကြက်ကလေးက ထပြောတယ်။
"သူက ဘာတွေ ကျွန်တော်တို့ကို ရှာဖွေကျွေး လို့လဲ"
ထိုအခါ မြင်းလှည်းသမားက "သူ့ခြေထောက်ကို သံခွာ တပ်စေပြီး ပြေးလွှားစေ ရတယ်။ သူ့ပြေးအားနဲ့ ရတဲ့ ငွေနဲ့ ငါ ထမင်း စားရတယ်။ မင်းတို့ အတွက် ဆန်တွေ ရတယ်။ ဝက်အတွက် ထမင်းကျန် ဟင်းကျန် ဖြစ်တယ်"
"ဒါပေမယ့် သူ့ အသံက နားထောင် မကောင်းပါဘူး သခင်ရယ်"
"ဒီမှာ ကြက်ကလေး ဘယ်တော့မှ တယူမသန် ပါနဲ့။ သူ့ရဲ့ လုပ်နိုင်စွမ်းကိုသာ လေးစားပါ။ သူ့ရဲ့ ပေးစွမ်းမှု ကိုသာ တန်ဖိုးထားပါ။ သူ့ ကိုယ်ပိုင် ဖြစ်တည်မှု တွေကို တိုင်းတာနေရင် ကောင်းတဲ့သူ ဆိုတာ ရှိလာမှာ မဟုတ်ဘူး ကြက်ကလေး။
သူ့ဟာ နေမကောင်းဖြစ်လို့ အာဟာရ လိုအပ်ရင် မင်းကိုလည်း ငါသတ်ပြီး ပြုတ်တိုက် နိုင်တယ်။ သူ့အတွက် လိုအပ်ရင် ဘဲကိုရောင်းပြီလည်း အားဆေးတွေ ဝယ်တိုက်နိုင်တယ်။ နောက်ဆုံး ဆေးဖိုးဝါးခ မတတ်နိုင်ရင် ဝက်ပါ ပေါ်ပြီး ဆေးကုသင့်ရင် ဆေးကု ရလိမ့်မယ်။
ဘာလို့ ဒီလို ရင်းရတာလဲလို့ မေးလိမ့်မယ်။ သခင်က ရက်စက်တယ် လို့လည်း ထင်နိုင်ပါတယ်။ မင်းတို့ ဖြစ်တည်မှုက လက်ရှိမှာ သူ့ကို မှီခိုနေရလို့ပဲ ကြက်ကလေး။ ဘယ်တော့မှ သူရဲ့ ဖြစ်ပျက်မှုကို စိတ်မဝင်စားပါနဲ့။ သူရဲ့ အစွမ်းအစနဲ့ လုပ်ကိုင်နိုင်စွမ်းကိုသာ လေးစားပါ" phoomyatchal
0 Comments