နောက်ဆုံးခရီးသည်

ခရီးသည်တင် ဘတ်စ်ကားကြီး တစင်းသည် လူအပြည့် တင်ဆောင်ပြီး ခရီးတခုကို ထွက်လာခဲ့သည်။ လမ်းခရီးတွင် ရာသီဥတုက ချက်ချင်း ပြောင်းသွားသည်။ မိုးတွေ မည်းလာပြီး မိုးကြိုးတွေ ပစ်ချသည်။

မိုးကြိုးတွေက ကြောက်မက်ဖွယ် ပစ်နေသည်။ ကားအနီးဝန်းကျင်တွင် လင်းခနဲ လက်ခနဲ ဖြစ်သွားသဖြင့် ကြောက်လန့်ကာ တကားလုံး ဟစ်အော်ကုန် ကြသည်။ ကားမောင်းသူက ကားကို ရုတ်တရက် ရပ်လိုက်သည်။

သူရပ်လိုက်သည့် နေရာသည် သစ်ပင်တပင်နှင့် ပေ ၅၀ ခန့် အကွာတွင် ဖြစ်သည်။ ကားမောင်းသူက "အားလုံး နားထောင်ကြပါ။ ကျွန်တော်တို့ ကားထဲမှာ ကံဆိုးသူ တဦး ပါနေတယ် ထင်ပါတယ်။ ဒါကြောင့် မိုးကြိုးတွေက ကားကို မရပ်မနား ပစ်နေတယ်။

ကျွန်တော် အရှောင်ကောင်းလို့ မိုးကြိုးနဲ့ လွဲခဲ့ရတာ တွေလည်း ရှိတယ်။ ကံဆိုးသူ တယောက်ကြောင့် ကားကို မိုးကြိုး ထိမှန်ရင် အားလုံး သေကျေ ပျက်စီးကြလိမ့်မယ်။

ဒီတော့ တခု စဉ်းစားကြပါ။ ကံဆိုးသူကို ဖော်ထုတ်ရပါ လိမ့်မယ်" ဟု ပြောသည်။ လူတွေက တယောက်မျက်နှာ တယောက် ကြည့်ကုန် ကြသည်။

ကားမောင်းသူက "ဒီလို လုပ်ကြရအောင်ပါ။ ကားပေါ်က တယောက်ချင်း ဆင်းသွားပြီး ရှေ့မှာ ရှိတဲ့ သစ်ပင်ကြီးကို လက်နဲ့ ထိပြီး ဒီကို ပြန်လာခဲ့ကြပါ။ ကံဆိုးသူဟာ လမ်းမှာတင် တရားစီရင်ခြင်း ခံလိုက်ရနိုင် ပါတယ်။ ကံဆိုးသူ ပေါ်ထွက်လာမှ ကျွန်တော် ကားကို ဆက်မောင်း ပါ့မယ်"

ကားပေါ်မှ လူများ တယောက်မျက်နှာ တယောက်ကြည့်ပြီး အဘိုးအို တဦးက အရင်ဆုံး ဆင်းသွားသည်။ သူက သစ်ပင်ထိ ရောက်အောင် သွားကာ သစ်ပင်ကို လက်နှင့် ထိပြီး ပြန်လာသည်။ ကားပေါ်ရောက်မှ သူက သက်ပြင်းချ လိုက်သည်။

တယောက်ပြီး တယောက် ဆင်းလိုက် သစ်ပင်ကို သွားကိုင်ပြီး ပြန်တက်လာ ကြသည်။ မိုးခြိမ်းသံများကား မပြတ် ကြားနေရသည်။ လျှပ်စီးတွေကလည်း ကြောက်စရာ ကောင်းလောက်အောင် တလက်လက် ဖြစ်နေသည်။

နောက်ဆုံး တဦးသာ ကျန်တော့သည်။ ကား၏ နောက်ဆုံးခုံတွင် ထိုင်နေသော အမျိုးသမီးကြီး ဖြစ်သည်။ "ကဲ အဒေါ်ကြီး ခင်ဗျား အလှည့်ပဲ။ ကားပေါ်က ဆင်းတော့"

အဘွားအိုက အားလုံးကို တောင်းပန်သည့် မျက်လုံးဖြင့် ကြည့်ပြီး "ကျေးဇူးပြုပြီး မသွားပါရစေနဲ့ ရှင်။ အားလုံး စုပြီးတော့ ဆိုးအတူ ကောင်းအမျှ ဝေခွဲခံကြ ရအောင်"

လူတွေက လက်မခံ။ အားလုံး အပြစ် မရှိသလို သူတော်ကောင်းများ ကဲ့သို့ ယူဆပြီး ကားပေါ်မှ ဆင်းကာ သစ်ပင်ကို သွားကိုင်ရန် တောင်းဆိုကြသည်။ "အားလုံးဟာ အစမ်းသပ် ခံပြီးပြီ။ ခင်ဗျား တဦးတည်း ကျန်တော့တယ်။ သွားပါ။ သစ်ပင်ကို သွားကိုင်ပြီး ပြန်လာပါ။ ကံတရားက အဆုံးအဖြတ် ပေးပါလိမ့်မယ်"

အဘွားအိုသည် ကားပေါ်မှ တုန်ချိစွာ ဆင်းသွားသည်။ အားလုံးက စိတ်ဝင်စားစွာ ကြည့်နေကြသည်။ အဘွားအိုသည် သစ်ပင်ဆီ ရောက်သွားသည်။

မိုးကြိုးက မပစ်သေး။ အဘွားအိုက သစ်ပင်ကို လက်နှင့် ကိုင်ပြီး ပြန်လှည့်မည် အပြုတွင် မိုးကြိုး ပစ်သံကြီး ယခင်ကထက် ပိုပြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ "ဝုန်း ဝုန်း ဝုန်း"

အဘွားအိုက ပါးစပ်လေး အဟောင်းသားဖြင့် ကြောင်ပြီး ကြည့်နေမိသည်။ မိုးကြိုးက တလုံးပြီး တလုံး ကားကို ပစ်ချနေခြင်း ဖြစ်သည်။ ကားတစီးလုံး မီးလောင် ပြာကျသွားသည်။ တင်ညွန့် (The Last Passenger)

Post a Comment

0 Comments