ကျီးကန်းတကောင်ရဲ့ အတွေး

တခါတုန်းက ကျီးကန်းတကောင် ရှိတယ်။ သူက သူ့ကိုယ်သူ ငါဟာ လောကမှာ အပျော်ဆုံးငှက်ပဲ ဆိုပြီး ဘဝကို သာယာနေတယ်။ တနေ့ သူဟာ ဗျိုင်းတကောင်ကို တွေ့တယ်။

သူ့ တကိုယ်လုံးက ဖြူဖွေးနေတာပဲ။ ငါ့ခန္ဓာကိုယ်က မည်းနေတာပဲ။ သူဟာ လောကမှာ အပျော်ဆုံးငှက် ဖြစ်လိမ့်မယ်လို့ တွေးနေမိတယ်။

ဒီလိုနဲ့ သူဗျိုင်းကို သွားပြောတယ်။ "ကိုဗျိုင်းရာ ခင်ဗျား အရောင်က ဖြူဖွေးနေတာပဲ လှလိုက်တာ။ ဧကန္တ ခင်ဗျားဟာ လောကမှာ အပျာ်ဆုံးငှက်ပဲ မဟုတ်လား"

ဒီတော့ ဗျိုင်းက "ကျနော်လည်း အစက ဒီအတိုင်းပဲ တွေးမိတာ ကြက်တူရွေးကို မတွေ့ခင် အထိ ပေါ့ဗျာ။ ကျနော်က အဖြူရောင်တခုပဲ ရှိတယ်။ သူ့မှာ နှစ်ရောင်တောင် ရှိတာ သိပ်လှတယ်ဗျ"

ဒီလိုနဲ့ ကျီးကန်းဟာ ကြက်တူရွေးဆီ သွားတယ်။ "ခင်ဗျားက အရောင် နှစ်မျိုးနဲ့ သိပ်လှတယ်ဗျာ။ ခင်ဗျားက ကမ္ဘာပေါ်မှာ အပျော်ဆုံး ငှက်ပဲ မဟုတ်လား"

ကြက်တူရွေးက "ဟား ဟား ဟား ကျနော်က ဘာဟုတ်သေးလဲ ဗျ။ ကျနော့်မှာ အရောင် နှစ်မျိူးပဲ ရှိတာ ဒေါင်းမှာ အရောင်တွေအများကြီးဗျ။ ခင်ဗျား သူ့ကို သွားမေးပါလား" လို့ ဖြေလိုက်တယ်။

ကျီးကန်း ကလည်း ဒေါင်းကို လိုက်ရှာရင်း တိရစ္ဆာန်ရုံထဲမှာ လူတွေ အများကြီး ဝိုင်းအုံနေတဲ့ ဒေါင်းကို တွေ့လိုက်တယ်။

"အား ပါးပါး လှလိုက်တာ သေချာပေါက် သူဟာ အပျော်ဆုံး ငှက်ပဲ" လို့ တွေးလိုက်တယ်။ ဒီလိုနဲ့ တိရိစ္ဆာန်ရုံ ပိတ်တဲ့အထိ စောင့်ပြီး ညနေ လူရှင်းတော့ ဒေါင်းကို သွားမေးတယ်။

"ကိုဒေါင်း ခင်ဗျားက ဒီလောက် လှတာ ခင်ဗျားက လောကမှာ အပျော်ဆုံး ငှက်ပဲ ဗျာ။ လူတွေက ခင်ဗျားရဲ့ အလှကို ဒီလို တကူးတက လာကြည့်တယ်။ ကျုပ်ကို မြင်ရင်တော့ဖြင့် မောင်းလွှတ်တာပဲဗျို့။ တခါတလေ ခဲနဲ့တောင် ပေါက်လို့ မနည်း ရှောင်ရတယ်ဗျာ" လို့ ပြောလိုက်တယ်။

အဲ့ဒီအချိန်မှာ ဒေါင်းက "အင်းဗျာ ကျနော်က အလှဆုံးငှက် ဆိုတာ မှန်ပါရဲ့။ ဒါပေမဲ့ ကျနော့်ရဲ့ အလှတရားကြောင့် ကျနော်ဟာ လှောင်အိမ်ထဲ ချုပ်နှောင် ခံထားရတယ်။ ဒီမှာ မိတ်ဆွေကျီး ကျနော် တိရိစ္ဆာန်ရုံ တခုလုံးကို စူးစမ်း ကြည့်ပြီးပြီ။

လှောင်အိမ်ထဲ အထည့် မခံထားရတာ ဆိုလို့ ကျီးပဲ ရှိတာ။ ကျနော် တခါတလေ တွေးမိတယ်။ လောကမှာ အပျော်ဆုံး ငှက်ဟာ ကျီးပဲ ဖြစ်မယ်လို့။

လွတ်လွတ်လပ်လပ် ပျံသန်းနေတဲ့ ကျီးကို မြင်ရင် ကျနော် အရမ်း အားကျတယ်ဗျာ" လို့ ပြန်ဖြေလိုက်တယ်။

မိတ်ဆွေတို့ ဟာလည်း တခါတလေ ကြုံတွေ့နေရတဲ့ ဘဝအခြေအနေ တွေရဲ့ ပြသနာတွေ အပေါ် မူတည်ပြီး မကျေမနပ် ဖြစ်ပြီး သူများ ဘဝတွေကို အားကျမိတတ် ကြပါတယ်။

တကယ်တော့ ဘယ်လို ဘဝမျိုးပဲ ဖြစ်ဖြစ် လူတိုင်းမှာ အခက်အခဲတွေ ရှိနေတတ်ကြပါတယ်။ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။ ကိုယ့်ဘဝကိုယ် ကျေနပ်နိုင်သူသာ လောကမှာ အပျော်ဆုံးလူ ဖြစ်ပါတယ်။ phoomyatchal

Post a Comment

0 Comments