ကျွဲအိုကြီးနှင့် ယုန်ကလေး

တခါက လယ်လုပ်ငန်း တွေကို လုပ်ကိုင်တဲ့ လယ်သမားကြီး တယောက်မှာ ကျွဲကြီးတကောင် ရှိသတဲ့။ အဲဒီကျွဲကြီးဟာ ငယ်ရွယ်စဉ် အခါက လယ်သမားကြီးရဲ့ လယ်လုပ်ငန်းကို စွမ်းစွမ်းတမံ လုပ်ကိုင်ပေး ပေမယ့် အသက်အရွယ် ကြီးရင့်လာတဲ့ အခါမှာ အလုပ်ကို အင်နဲအားနဲ့ မလုပ်နိုင် တော့ပါဘူး။

ဒါကြောင့် လယ်သမားကြီးဟာ ကျွဲကြီးကို သားသတ်သမား တွေဆီ ရောင်းဖို့ ဆုံးဖြတ်လိုက် ပါတယ်။ အဲဒီ သတင်းကို ကြားတဲ့အခါမှာတော့ သနားစရာကောင်းတဲ့ ကျွဲကြီးဟာ ညှိုးငယ်စွာနဲ့ တောထဲကို ထွက်လာခဲ့ ပါတယ်။ တောထဲကို ရောက်တော့ ပညာရှိ ယုန်တကောင်နဲ့ တွေ့သတဲ့။

ယုန်က ကျွဲကြီးရဲ့ စိတ်ပျက်နေတဲ့ အမူအယာကို မြင်တဲ့အခါမှာ "မိတ်ဆွေ ကျွဲကြီး၊ ဘာဖြစ်လို့ ညှိုးငယ်စွာနဲ့ ခြေဦးတည့်ရာ လျှောက်သွားနေတာလဲ" လို့ မေးမြန်းလိုက် သတဲ့။

ကျွဲကြီးက ယုန်ပညာရှိ စကားကို ကြားတော့ "အို၊ ယုန်ပညာရှိ၊ ကျွန်ုပ်ဟာ သခင်ရဲ့ အကျိုးစီးပွားကို နှစ်ပေါင်းများစွာ ခွန်အား စိုက်ထုတ်ပြီး ထမ်းဆောင်ခဲ့ ပါတယ်။

အခု အိုမင်းမစွမ်းတဲ့ အချိန်မှာ သခင်က ကျွန်ုပ်အား သားသတ်သမားများ ဆီကို ရောင်းစားဖို့ ကြံစည်နေ ပါတယ်။ ဒါကြောင့် ကျွန်ုပ်ဟာ မကြာခင်မှာပဲ သေရတော့မှာ ဖြစ်သောကြောင့် စိတ်ညစ်ပြီး တောထဲ ထွက်လာရတာ ဖြစ်ပါတယ်" လို့ ပြန်ပြောလိုက်သတဲ့။

အဲဒီအခါ ယုန်ပညာရှိက "မိတ်ဆွေ ကျွဲကြီး၊ ဒီအတွက် လုံးဝ စိတ်မပူပါနဲ့။ သင့်တွင် ခွန်အားများစွာ ကျန်ရှိကြောင်း သင့်သခင် သိအောင် ကျွန်ုပ် ကူညီပါမယ်။ သင်က ကျွန်ုပ်ပြောတဲ့ အတိုင်း ခဏ သေချင်ယောင် ဆောင်နေပါ" လို့ ဆိုပြီး သူရဲ့ အကြံအစည်ကို ပြောပြလိုက် ပါတယ်။

ကျွဲကြီးလည်း ယုန်ပညာရှိ ပြောတဲ့ အကြံအစည်ကို ကြားတဲ့အခါ မှာတော့ အလွန် သဘောကျသွားပြီး မြေပြင်ပေါ်မှာ လှဲကာ သေချင်ယောင် ဆောင်နေလိုက် ပါတယ်။

အဲဒီအခါမှာ ယုန်ပညာရှိက တောထဲမှာ သတ္တဝါငယ်တွေကို အနိုင်ကျင့် သတ်ဖြတ်စားသောက်နေတဲ့ ကျားငစဉ်းလဲဆီ သွားပြီး "အရှင်ကျားမင်း၊ တောရဲ့ အလယ်မှာ ကျွဲသေတကောင်ကို တွေ့ခဲ့ရ ပါတယ်။

ကျွဲသားဟာ အရှင်ကျားမင်း အတွက် အလွန်ရှားပါးပြီး ကောင်းမွန်တဲ့ အသားဖြစ်မှန်း သိရသဖြင့် လာရောက် သတင်း ပို့ရခြင်း ဖြစ်ပါတယ်။ ကျွဲသေရှိတဲ့ နေရာကို ကျွန်ုပ် လိုက်လံ ပြသပါမယ်။ ကျွန်ုပ်နောက် လိုက်ခဲ့ပါ" လို့ ပြောဆိုပြီး ခေါ်လာခဲ့ သတဲ့။

အစာငမ်းတဲ့ ကျားငစဉ်းလဲဟာ ယုန်ပညာရှိရဲ့ စကားကို ယုံကြည်ပြီး ဝမ်းမြောက်ဝမ်း သာနဲ့ လိုက်လာခဲ့ ပါတယ်။ ဒီလိုနဲ့ သေချင်ယောင် ဆောင်နေတဲ့ ကျွဲကြီးဆီကို ရောက်တဲ့ အခါမှာတော့ ယုန်ပညာရှိက "အရှင်ကျားမင်း၊ ဒီနေရာမှာ ကျွဲသားကို စားရန်မသင့်ပါ။

ခြင်္သေ့များ ရောက်လာလျှင် အရှင်ကျားမင်း အခက်ကြုံရ ပါလိမ့်မယ်။ ဒါကြောင့် အရှင်ကျားမင်းရဲ့ နေရာကို ယူဆောင်ပြီးမှ အေအေးဆေးဆေး စားသုံးသင့် ပါတယ်" လို့ အကြံပေး လိုက်ပါတယ်။

အဲဒီအခါ ကျားမင်းက "ယုန်ရဲ့ အကြံဟာ အလွန်ပဲ သင့်မြတ် ကောင်းမွန် ပါတယ်။ ငါ့အတွက်လည်း အန္တရာယ် ကင်းပါတယ်။ ဒါပေမယ့် ကျွဲသေကို ငါနေတဲ့ဆီ ဘယ်လို ယူဆောင်ရမလဲ" လို့ ပြန်မေးသတဲ့။

ယုန်က "အရှင်ကျားမင်း အဲဒီအတွက် မပူပါနဲ့။ ကျွန်ုပ် အကြံပေးရရင် အရှင်ကျားမင်း အမြီးနဲ့ ကျွဲအမြီးကို ချည်နှောင်ပြီး နေထိုင်ရာ အရပ်ကို အလွယ်တကူ တရွတ်တိုက် ဆွဲယူသွားနိုင်ပါတယ်" ဆိုပြီး ပြောလိုက်တယ်။

ဒါကြောင့် ကျားမင်းဟာ ယုန်ပညာရှိ အကြံပေးချက် အတိုင်း အမြီးချင်း ချည်နှောင်လို့ ရအောင် မြေပြင်ပေါ်ကို လဲချပေးလိုက်သတဲ့။ ယုန်က ကျွဲကြီးနဲ့ ကျားရဲ့ အမြီးကို ချည်နှောင်လို့ ပေးပြီးချိန်မှာ သေချင်ယောင် ဆောင်နေတဲ့ ကျွဲကြီးရဲ့ တင်ပါးကို ခပ်ဆတ်ဆတ်ကလေး ရိုက်လိုက်ပါတယ်။ ဒါကြောင့် ကျွဲအိုကြီးဟာ ရုတ်တရက် နေရာကနေ ထကာ ကျားစဉ်းလဲကို တရွတ်တိုက် ဆွဲပြီး အိမ်ဘက်ဆီကို ပြန်ပြေးသတဲ့။

အစာမက်တဲ့ ကျားကြီးဟာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်ကြောင့် ဘာမှ မတတ်နိုင်တော့ဘဲ တရွတ်တိုက် ပါသွားတယ်။ ဒီလိုနဲ့ အချိန်အတော် ကြာတော့ ကျွဲကြီးဟာ အိမ်ကို ရောက်ရှိလာ ခဲ့ပါတယ်။ အဲဒီအခါ လယ်သမားကြီးဟာ ကျားကို တရွတ်တိုက် ဆွဲလာတဲ့ ကျွဲအိုကြီးကို ကြည့်ပြီး အံ့ဩနေသတဲ့။

ကျားကြီးကလည်း တရွတ်တိုက် ဆွဲလာတဲ့ ဒဏ်ကြောင့် သေလုမျောပါး ဖြစ်နေတယ်။ ဒါကြောင့် လယ်သမားကြီးဟာ သူ့မှာရှိတဲ့ လှံနဲ့ ကျားကို ထိုးသတ်လိုက်ပါတယ်။

အဲဒီအချိန်က စပြီး လယ်သမားကြီးဟာ ကျွဲကြီးကို သားသတ်သမားတို့ဆီ မရောင်းတော့ဘဲ ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက် ထားသတဲ့။ Phoo Myat Chal

Post a Comment

0 Comments