ဘုရင်ကြီး၏ သရက်ပင်

ရှေးသရောအခါ ဗာရာဏသီပြည်တွင် ဒဓိဝါဟနမင်း စိုးစံသည်။ ထိုမင်းတွင် ပညာဉာဏ်နှင့် အထူးပြည့်စုံသော ပညာရှိ အမတ်တဦး ရှိသည်။ တနေ့သောအခါ မင်းသည် မြစ်၏ ထက်အောက်တွင် ကွန်ကို ထားစေ၍ ရေကစား၏။

ထိုစဉ် ကဏ္ဏမုဏ္ဍအိုင်ဘေးတွင် ပေါက်သော သရက်ပင်မှ သရက်သီးမှည့် တလုံးသည် အိုင်တွင်းသို့ ကြွေကျရာမှ မြစ်ထဲသို့ ရောက်လာသည်။ အစဉ်တစိုက် မျောပါလာရာ ကွန်၌ ငြိလေသည်။

မင်းချင်းတို့သည် ကွန်ကို သိမ်းယူသောအခါ ထိုသရက်သီးကို တွေ့သည်။ ရွှေရောင်အဆင်း ရှိသဖြင့် မင်းကို ဆက်သသည်။ မင်းသည် ထိုသရက်သီးကို သုံးဆောင်ကြည့်ရာ ချိုမြိန်၍ ထူးခြားကောင်းမွန်သော အနံ့အရသာနှင့် ပြည့်စုံသည်ကို သိရလေသည်။ ထို့ကြောင့် အစေ့ကို မိမိ ဥယျာဉ်တော်၌ စိုက်ပျိုးစေသည်။ အပင်ပေါက် လာသောအခါ နို့ရည်များဖြင့် သွန်းလောင်း စေသည်။

သုံးနှစ်ကြာသောအခါ သရက်သီးများ သီးလာသည်။ မင်းသည် သုံးဆောင်ကြည့်သည်။ မူလ သရက်သီး ကဲ့သို့ပင် ချိုမြိန်၍ ထူးကဲသော အနံ့အရသာနှင့် ပြည့်စုံသည်ကို သိရှိရလေသည်။ မင်းသည် သရက်သီးများကို ကိုယ်တိုင်လည်း သုံးဆောင်သည်။

အချို့ကို အခြားသော မင်းများထံ သို့လည်း လက်ဆောင်ပေးသည်။ သို့ရာတွင် မျိုးပွားမည် စိုးသောကြောင့် လက်ဆောင် မပေးမီ သရက်သီး၏ အညွန့်အလျောက် ဖြစ်မည့် နေရာကို ဖားရိုးစူးဖြင့် ထိုးပြီးမှ ပေးပို့သည်။

သရက်သီး လက်ဆောင်ရသော မင်းတို့သည် သရက်သီးကို သုံးဆောင်ကြည့် ကြသည်။ ထူးကဲသော အနံ့အရသာနှင့် ပြည့်စုံသောကြောင့် လွန်စွာနှစ်သက် ကြသည်။ ထို့ကြောင့် အစေ့ကို စိုက်စေသည်။ သို့ရာတွင် အပင် ပေါက်မလာချေ။ အကြောင်းရင်းကို စုံစမ်းသောအခါ ဒဓိဝါဟနမင်း၏ အစီအမံကို သိရှိကြသည်။

သည်တွင် မင်းတပါးသည် စိုက်ပျိုးမှု၌ ကျွမ်းကျင် လိမ္မာသော ဥယျာဉ်မှူးတဦးကို ခေါ်သည်။ "အမောင်၊ ဗာရာဏသီပြည် သို့သွားလေ။ ဒဓိဝါဟနမင်း၏ သရက်သီးတို့ ခါး၍ အရသာပျက်အောင် ပြုချေ" ဟူ၍ စေလွှတ်လိုက်သည်။ ဆုလာဘ် အဖြစ် အသပြာ တထောင်ကိုလည်း ပေးလိုက်သည်။

ထိုဥယျာဉ်မှူးသည် ဒဓိဝါဟနမင်းထံ ချဉ်းကပ်သည်။ စိုက်ပျိုးမှုတွင် မိမိမည်မျှ ကျွမ်းကျင် လိမ္မာကြောင်း တင်လျှောက်သည်။ မင်းသည် နှစ်သက် သဘောကျသဖြင့် ထိုဥယျာဉ်မှူးကို မိမိ၏ ဥယျာဉ်မှူးနှင့် အတူ ဥယျာဉ်တော်ကို ပြုစု လုပ်ဆောင်စေသည်။ ဥယျာဉ်မှူးသစ်သည် ရောက်သည့်နေ့မှ စ၍ လက်ရှိ ဥယျာဉ်မှူးထက် သာအောင် ကြိုးစား လုပ်ဆောင်ပြသည်။

သူသည် ဥယျာဉ်တော်ကို ယခင်ကထက် သာယာအောင် ပြုသည်။ ပန်းတို့ကို အခါ ရာသီ မဟုတ်ဘဲ ပွင့်အောင် ပြုသည်။ သစ်ပင် တို့ကို အခါရာသီ မဟုတ်ဘဲ သီးအောင် ပြုသည်။

မင်းသည် ဥယျာဉ်မှူးသစ်ကို အလွန်နှစ်သက် သဘောကျ သွားသဖြင့် ဥယျာဉ်မှူးဟောင်းကို နှင်ထုတ်လိုက်သည်။ ဥယျာဉ်မှူးသစ်ကို သာလျှင် ဥယျာဉ်တော် တခုလုံးကို စီမံ လုပ်ဆောင်စေသည်။

ဥယျာဉ်တော် တခုလုံး မိမိလက်တွင်းသို့ ရောက်သည်နှင့် တပြိုင်နက် အကြံသမား ဥယျာဉ်မှူးသစ်သည် သရက်ပင်ကို ဝိုင်းရံ၍ တမာပင်နှင့် ခွေးတောက်ပင်တို့ကို စိုက်လေ၏။ မကြာမီပင် တမာနှင့် ခွေးတောက်ပင်တို့၏ အမြစ်အခက်တို့သည် သရက်ပင်၏ အမြစ်အခက် တို့နှင့် ရောယှက်လေတော့သည်။

ထိုအခါ ယခင်က ချိုလှသော သရက်သီးသည် မချိုတော့ပေ။ မချိုရုံမျှ မက တမာ ခွေးတောက် ကဲ့သို့ပင် ခါးလေတော့သည်။ သည်တွင် ဥယျာဉ်မှူး သည်လည်း ထွက်ပြေးသွား လေတော့သည်။

ဒဓိဝါဟနမင်းသည် သရက်သီးများ ခါးလာရသော အကြောင်းရင်းကို ပညာရှိအမတ်အား စူးစမ်းစေသည်။ ပညာရှိ အမတ်လည်း ဥယျာဉ်သို့သွား၍ ကြည့်ရှု စူးစမ်းသည်။ ထို့နောက်မင်းအား

"အရှင်၊ သရက်ပင်မှာ တမာ ခွေးတောက်ပင် တို့နှင့် ရောယှက် နေသောကြောင့် သရက်သီးများသည် ခါးသော အရသာသို့ ပြောင်းခဲ့ရ ပါသည်။ မူလ အတိုင်း ချိုမြိန်သော အရသာနှင့် ပြည့်စုံစေ လိုပါက တမာခွေးတောက် တို့ကို ဖယ်ရှားပစ် ရပါမည်။ မြေသြဇာသစ်၊ မြေသြဇာကောင်းတို့ကို ကျွေးရပါမည်။ နို့ရည်၊ သကာရည်တို့ဖြင့် သွန်းလောင်းရပါမည်" ဟုလျှောက်၏။

မင်းလည်း ဥယျာဉ်မှူးဟောင်းကို ပြန်ခေါ်သည်။ ပညာရှိအမတ် အဆိုတိုင်း ပြုစေသည်။ ဥယျာဉ်မှူးဟောင်းသည် ရှေးဦးစွာ တမာ ခွေးတောက်ပင်တို့ကို အမြစ်မှ နုတ်၍ ဖယ်ရှားပစ်သည်။ ထို့နောက် သရက်ပင်ကို မြေသြဇာသစ် မြေသြဇာကောင်း များ ကျွေးသည်။ နို့ရည်၊ သကာရည်၊ နံ့သာရည် စသည်တို့ဖြင့် သွန်းလောင်းပေးသည်။

သို့ဖြင့် နောက်ထပ်၍ သရက်သီးများ သီးလာသောအခါ သရက်သီး တို့သည် မူလအတိုင်းပင် ချိုမြိန်၍ ထူးကဲသော အနံ့ အရသာနှင့် ပြည့်စုံနေ လေတော့သည်။ ထိုအခါ ပညာရှိတို့က

"အသက်မဲ့သော အရာပင်လျှင် မကောင်းသော အပေါင်းအဖော်နှင့် ပေါင်းဖော် ရ၍ ပျက်စီးခဲ့ရ သေးသည်။ အသက်ရှိသော သတ္တဝါတို့အား မကောင်းသော အပေါင်းအဖော်နှင့် ပေါင်းဖော်သော် အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း" ဟူ၍ ဆိုကြလေသတည်း။ Crd

Post a Comment

0 Comments