ကောက်ရိုးသူဌေးလေး

တခါက ကြင်နာ သနားတတ်ပြီး အလုပ်ကို ကြိုးစားတဲ့ လူဆင်းရဲလေး တယောက် ရှိတယ်။ သူဟာ အဆင်ပြေ ချမ်းသာချင်လို့ နေ့တိုင်း ဘုရားကျောင်းမှာ သွားဆုတောင်း တတ်တယ်။

တနေ့ကျတော့ ဆုတောင်းနေရင်း "မင်း ဒီက ထွက်သွားသွားချင်း ကိုင်မိတဲ့ ပစ္စည်းကို သေချာ ဂရုစိုက်" ဆိုပြီး တယောက်ယောက်က ပြောသံကို နားထဲမှာ ကြားလိုက်မိတယ်။

သူလည်း ထူးခြားပြီကွ ဆိုပြီး အရမ်း ပျော်သွားတာနဲ့ အပြေးလေး ပြန်သွားမိတာ ခလုတ်တိုက် လဲပါလေရော။ သူထလိုက်တော့ လက်ထဲမှာ ကောက်ရိုးတခု ကိုင်မိရက်သား ဖြစ်နေတာနဲ့ ခုနက ကြားခဲ့ရတဲ့ စကားသံ အတိုင်း ကိုင်ခဲ့တာပေါ့။

လမ်းမှာ ပိတုန်းလေး တကောင်က ကောက်ရိုးမှာ တဝဲဝဲ ဖြစ်နေတာနဲ့ ကောက်ရိုးမှာ ချည်လာခဲ့တယ်။ လမ်းမှာ ကလေး တယောက်က တွေ့တော့ အဲဒါလေး လိုချင်တယ် ပူစာတာနဲ့ သူပေးခဲ့ လိုက်တယ်။ ကလေးရဲ့ အမေက သူ့ကို ကျေးဇူးတင်ပြီး လိမ်မော်သီး ၃ လုံး ပေးလိုက်တယ်။

အဲဒီနောက် လမ်းတနေရာ မှာတော့ အမျိုးသမီးတယောက် မောမောပန်းပန်း ထိုင်နေပြီး သူ့ကို "ရေသောက်ဖို့ရာ ဘယ်မှာ ရှာရမလဲ" မေးတယ်။

သူက "ရေတော့ မပါဘူး လိမ်မော်သီး ၃ လုံး အမောပြေ စားပါဗျာ" ဆိုပြီး ပေးလိုက်တယ်။ အမျိုးသမီးက ကျေးဇူးတင်တဲ့ အနေနဲ့ ပိုးပုဝါလေး လက်ဆောင် ပြန်ပေးတယ်။

ဒီလိုနဲ့ပဲ လမ်းမှာ ဆာမူရိုင်း သူရဲကောင်းကြီးနဲ့ သူ့အဖွဲ့က လဲကျနေတဲ့ မြင်းအနား ဝိုင်းအုံနေကြတာ တွေ့လိုက်တယ်။ ဆာမူရိုင်းက ခရီးဆက်စရာ ရှိတာမို့ သူ့တပည့်ကို မြင်းအစောင့် ထားပြီး ဆက်သွားသတဲ့။

သူ့တပည့်က "ဒီမြင်းက တန်ဖိုးကြီးတဲ့ မြင်းကောင်းပဲ၊ ခုလိုကြီး လဲနေတော့ အသုံးမကျတော့ဘူး" ဆိုပြီး ညည်းနေတာပေါ့။

လူဆင်းရဲလေးက "ကျွန်တော်ရဲ့ ပိုးပုဝါစ ခင်ဗျားကို ပေးမယ်ဗျာ။ ဒီမြင်း ကျွန်တော့ကို ပေးပါလား" ပြောတော့ ဆာမူရိုင်းရဲ့ တပည့်က ဝမ်းသာအားရ လဲပေးတာပေါ့။

လူဆင်းရဲလေးလည်း မြင်းကို တတ်သမျှ မှတ်သမျှလေး ပြုစုပေးတော့ မြင်းကြီးလည်း ပြန်ထလာပြီး လမ်းလျှောက်နိုင် လာတာပေါ့။

အဲဒါနဲ့ လူဆင်းရဲလေးလည်း မြင်းစီးပြီး လာတော့ လမ်းက အိမ်တအိမ်မှာ လူတွေပြောင်းဖို့ ရွှေ့ဖို့ ပစ္စည်းတွေ ထုပ်ပိုးနေကြတာ တွေ့ပြန်တယ်။

အိမ်ရှင်က မြင်းကို တွေ့တော့ "လှလိုက်တဲ့ မြင်းကြီးကွာ၊ ငါလည်း နယ်အဝေးကို ပြောင်းမှာမို့ မြင်းလိုနေတာ။ မင်းငါ့ကို ဒီမြင်းပေးရင် မင်းကို အိမ်နဲ့ ယာခင်းတွေ အပိုင်ပေးခဲ့မယ်" ပြောသတဲ့။

"ကောက်ရိုးကစ အိမ်နဲ့ယာ ရပြီကွ" ဆိုပြီး သူဆင်းရဲလေးက ပျော်ပျော်ရွှင်ရွှင် လဲပေးလိုက်တာပေါ့။

အဲ့ဒီလိုနဲ့ ဆင်းရဲသားလေဟာ အလုပ်တွေ ကြိုးစား လုပ်ကိုင်လို့ တဖြည်းဖြည်းနဲ့ ချမ်းသာသွားပါတယ်။ သူ့ကို လူတွေက "ကောက်ရိုးသူဌေးကြီး" လို့ ခေါ်ကြပါတော့တယ်။ Crd

Post a Comment

0 Comments