ကိုယ့်အထွာနဲ့ကိုယ်ပဲလေ

တခါတုန်းက ဆင်တကောင်နဲ့ ကြွက်တကောင်ဟာ တောအုပ် အတွင်းမှာ အဆွေခင်ပွန်း ဖွဲ့နေထိုင် ကြသတဲ့။ တနေ့မှာတော့ ဆင်ဟာလည်း အစာရှာ ထွက်သွားသလို ကြွက်ဟာလည်း အစာရှာ ထွက်လာခဲ့တယ်။

ညနေမိုးချူပ်လို့ အစာရှာပြီး မိမိ နေရပ်ဆီကို ပြန်လာတော့ အရင် ရောက်နှင့်တဲ့ ကြွက်ဟာ မျက်နှာ မကောင်းစွာ ပြန်လာသော ဆင်အား ခရီးဦးကြို ပြုတယ်။ "ကိုဆင် မျက်နှာလည်း မကောင်းပါလား။ အစာ ရှာရတာ အဆင်မပြေဘူးလား"

"မပြောချင်ပါဘူး ကိုကြွက်ရာ၊ အစာရှာနေတုန်း ဆင်ဆိုးတကောင်နဲ့ တွေလို့ မနဲ လွတ်အောင် ထွက်ပြေးလာ ခဲ့ရတယ်။ ဒါပေမဲ့ သူ့ အစွယ်နဲ့ ထိုးမိလို့ နောက်ကျောမှာ ၂ တောင်လောက် ပြဲသွားတယ်ဗျာ။ နာလိုက်တာ မပြောပါနဲ့တော့"

"အတူတူပါပဲ ကိုဆင်ရာ။ ကျနော်လည်း အစာရှာနေတုန်း ကြောင်တကောင်နဲ့ တွေ့လို့ မနဲ ထွက်ပြေးလာခဲ့ ရတယ်။ ဒါတောင်သူ့လက်သည်းနဲ့ ခြစ်မိလို့ နောက်ကျောမှာ နှစ်တောင်လောက် ပြဲသွားတယ်ဗျာ။ နာလိုက်တာလည်း မပြောပါနဲ့"

ကြွက်ရဲ့ စကားကို ကြားတော့ ဆင်ဟာ ဟက်ဟက်ပက်ပက် ရယ်ပြီး ပြောလိုက်တယ်။ "စဉ်းစားပြီးမှ ပြောပါ ကိုကြွက်ရာ မင်းရဲ့ တကိုယ်လုံး ပေါင်းလို့ တထွာတောင် မရှိတာ ဘယ်လိုလုပ် ၂ တောင်က ပြဲသွားရတာလဲ ဟားဟားဟား"

"အော် ကိုဆင်ရယ် ခင်ဗျား အတောင်နဲ့ ဆိုရင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ကျုပ်အတောင်နဲ့ဆို ၂ တောင်လောက် ပြဲသွားတယ်လေဗျာ။ ကိုယ့်အထွာနဲ့ ကိုယ်ပေါ့"

ကိုယ့်အထွာနဲ့ကိုယ် ဆိုတဲ့ ဒီပုံပြင်လေးက လူတိုင်း ကြားဖူးမယ် ထင်ပါတယ်။

ဒါပေမဲ့ ကိုယ့်အပူနဲ့ ကိုယ် ရှိတဲ့ လောကကြီးမှာ ပုံပြင်ထဲက ဆင်လို ကိုယ့်အပူ ကိုမှ ကြီးတယ် ထင်ပြီး သူတပါးရဲ့ အပူသောကကို ဂရုမစိုက်ပဲ လှောင်ပြောင် ရယ်မော တတ်တဲ့ လူတွေ ပိုပြီး များနေပါတယ်။

လူအချင်ချင်း အတူတူ ဆိုပေမဲ့ ဘယ်သူကမှ ကိုယ်နဲ့ မတူသလို ကိုယ်ကလည်း ဘယ်သူနဲ့မှ တူမနေပါဘူး။

ကိုယ့်အခြေအနေနဲ့ ကိုယ်ပါ။ သူများရဲ့ ကိစ္စတွေ ပြသနာတွေကို ကိုယ်တိုင် မကြုံဘူးပဲ မဝေဖန်ပါနဲ့။ အားလုံးက ကိုယ့်အထွာနဲ့ ကိုယ်လေ။ Crd

Post a Comment

0 Comments