နှလုံးသားထဲက ကူညီမှု

အမေရိကန်နိုင်ငံက ရွာလေး တရွာမှာ အဖိုးအို တယောက်ဟာ အထီးကျန်စွာ နေနေရ ပါတယ်။ အားလူး စိုက်တဲ့ ရာသီရောက်လာတော့ အဖိုးအိုက အားလူး စိုက်ချင်တယ်။ ဒါပေမဲ့ အဖိုးအိုမှာ မြေထွန်ဖို့ လုံလောက်တဲ့ အားအင် မရှိတေဘူး။

အရင်ကဆို ထောင်ကျသွားတဲ့ သားက အမြဲ ကူညီတော့ သိပ်ပင်ပန်းဘူး။ အခုက တယောက်ထဲ ဆိုတော့ ဘယ်လိုမှ မလုပ်နိုင်တော့ဘူးလေ။ အဲဒါ ထောင်ထဲမှာ ရှိတဲ့ သူ့သားဆီ စာလှမ်းရေး လိုက်တယ်။

"သားရေ အခု အဖေ အရမ်း အထီးကျန် ခံစားနေ ရတယ်။ အရင်ကဆို မင်းအမေ ရှိတော့ တော်သေးတယ်။ အခု အားလူးစိုက်တဲ့ ရာသီ ရောက်နေတော့ ငါ အားလူး စိုက်ချင်တယ်။

ဒါပေမဲ့ မြေတွေ ထွန်ယက်ဖို့ ငါ့မှာ အားမရှိတော့ဘူး။ အကယ်၍ မင်းရှိရင်တော့ ငါ့ကို ကူညီမယ် ဆိုတာ ကြိမ်းသေ ယုံကြည်တယ်ကွာ" ဆိုပြီး သူသားဆီ သတိတရ စာရေးလိုက်တယ်။

စာထည့်ပြီး နောက်ရက်လည်း ကျရော သူ့သားဆီက ကြေးနန်း ရောက်လာတယ်။ "အဖေ မြေတွေ မတူးနဲ့အုံး။ လယ်မြေထဲမှာ သား သေနတ်တွေ ဖွက်ထားခဲ့တယ်" လို့ အကြောင်းပြန် လိုက်တယ်။

ကြေးနန်းရောက်ပြီး နောက်တနေ့ မနက်မှာ ရဲအရာရှိတွေဟာ အဖိုးကြီးပိုင် လယ်မြေထဲမှာ တူးဆွပြီး သေနတ် ရှာကြပါတယ်။ နေရာ အနှံပေါ့။ ဒါပေမဲ့ လယ်ထဲမှာ ဘာသေနတ်မှ မတွေ့ဘူးတဲ့။

အဖိုးအိုလည်း နားမလည်နိုင်စွာ သူ့သားဆီ စာထပ်ထည့်တယ်။ "မင်း ဘာတွေ လုပ်နေတာလဲ။ အခု ရဲတွေ ငါ့လယ်ထဲ တူးဆွ ရှာသွားတာ နေရာ အနှံ့ပဲကွ" လို့ ရေးလိုက်တယ်။

သူ့သားက စာပြန်တယ်။ "အဖေရေ ဟိုနေ့က ရဲတွေ တူးသွားတဲ့ မြေမှာ အားလူး စစိုက်လိုက် ပါတော့။ ဒါ ကျနော် အကောင်းဆုံး ကူညီနိုင်သလောက် ကူညီ လိုက်တာပဲ" တဲ့။

ဖြစ်ပုံက ထောင်ကျနေတဲ့ သားက သူ့အဖေ အားလူး စိုက်လို့ရအောင် ရဲတွေကို အရူးလုပ်ပြီး လယ်ထွန်ခိုင်း လိုက်တာတဲ့။

မူရင်း စာရေးသူက ပြောထား ပါတယ်။ အကယ်၍ တစုံတယောက်ကို နှလုံးသားက တကယ် ကူညီချင်တယ် ဆိုရင် ဘယ်လို နေရာ ဘယ် အခြေအနေမျိုး မှာပဲ ဖြစ်ဖြစ် ရအောင် ကူညီနိုင် ပါတယ်တဲ့။ phoomyatchal

Post a Comment

0 Comments