အရေးရောက် ဘူးသီးခြောက်မေ့

ဟိုရှေးရှေးတုန်းက ချင်းတွင်းမြစ် အညာမှာ ကျောက်မော်ရွာ ဆိုတာ ရှိတယ်။ အဲဒီရွာက မောင်ပိန် ဆိုသူဟာ အချိန်တန်တော့ တရွာတည်းနေ မလိန် ဆိုသူနဲ့ အိမ်ထောင်ကျသတဲ့။ အိမ်ရာတည်ထောင် လူ့ဘောင်ရောက်တဲ့အခါ စားဝတ်နေရေး အတွက် အသက်မွေး ကျောင်းဖို့ မောင်ပိန်ဟာ ဆီရောင်း ထွက်တယ်။

ရွာတကာ ပါတ်ပြီး ဆီရောင်း ထွက်ပေမယ့် ရိုးလွန်း အလွန်းတဲ့ မောင်ပိန်ဟာ ဆီမရောင်းရဘဲ အိမ်ပြန်လာတာ များပါတယ်။တခါတလေ ဆီရောင်းရ ရင်လည်း မောင်ပိန်ဟာ ရိုးအ အားနာတတ်တာမို့ အမြတ်ငွေ မကျန်တဲ့ အပြင် အရင်းတောင် ရှုံးတတ်သတဲ့။

အဲဒီအခါ အိမ်သူသက်ထား ဇနီးမယား မလိန်က "ဪ ကိုပိန်နယ် ရပ်ရွာလည်ပြီး ဆီရောင်းတာပဲ သူတော်ကောင်းကြီးလုပ်ပြီး မဟုတ်တာ တလုံး မပြောချင်၊ တွင်တွင်လည်း မရောင်းရ၊ လောကဆိုတာ လီဆယ်နိုင်မှ တော်ခါရှိတာ။ ဈေးသည်သဘောဆိုတာ အပြောကောင်းမှ ရောင်းရသတဲ့။

အခုတော့ ကိုပိန် ဆီရောင်းသွားတာက အေးလိုက်တဲ့ ဘဝ၊ အလိုက်တဲ့ အကောင်၊ တော် ဒီလောက်တောင် ငရဲ ရှောင်ချင်ရင် သင်္ကန်းဝတ်ပြီး နေပါ့လား" လို့ မြည်တွန် ကြိမ်းမောင်းသတဲ့။

မောင်ပိန်လည်း "ဒီအခါ ကောင်းကောင်း ရောင်းပြလိုက် ဦးမယ်။ မယ်လိန်က ငါ့ကိုများ အ လိုက်တဲ့ အကောင်တဲ့။ ဒီတခါ သိစေရမယ်" လို့ စိတ်ထဲက ကြုံးဝါးပြီး အောက်ပြည် အောက်ရွာကို ဆီရောင်းသွားတယ်။

မောင်ပိန်ဟာ အောက်ပြည် အောက်ရွာမှာ ဆီတွေကို လိမ်ညာလို့ တမျိုး၊ ရောနှောလို့ တဖုံ နည်းမျိုးစုံနဲ့ ညစ်ပြီး ရောင်းတဲ့အခါ (၂) ရက် (၃) ရက် အတွင်းမှာပဲ ငွေ ၅၀၀ မြတ်သတဲ့။ အဲဒီအမြတ်ငွေ ၅ဝဝ ကို ကျစ်ကျစ်ပါအောင် ထုပ်ပြီး မောင်ပိန်ဟာ ကျောက်မော်ရွာကို ဝမ်းသာအားရ ပြန်လာခဲ့တယ်။

ဒါပေမဲ့ အပြန်လမ်းမှာ ချင်းတွင်းမြစ်ကို လှေနဲ့ ဖြတ်အကူး လှေလူးပြီး လှေမှောက်တာကြောင့် ရေနစ်ပြီး မသေရုံတမယ်ပဲ ရှိတယ်။ ပါလာတဲ့ ငွေထုပ်ဟာ ချင်းတွင်းမြစ်ထဲကို စုန်းစုန်းမြုပ် သွားတာမို့ ပြန်ရှာလို့ မရတော့ဘူးတဲ့။

ဒီလိုနဲ့ အိမ်ပြန်လာခဲ့ရတဲ့ မောင်ပိန်ဟာ အိမ်ရောက်တဲ့အခါ မလိန်ရဲ့ အဆူအဆဲ ကိုပဲ ခံရပါတော့တယ်။ အဲဒီအခါ မောင်ပိန်က "အေး မင်းကတော့ အိမ်မှာ ထိုင်နေပြီး ငါ့ကို ဆူဆဲတယ်။ ငါ့မှာတော့ မင်းအဆဲသန်လို့ ငရဲပဲ ကျန်တော့သဗျ" လို့ ညည်းညူလိုက်သတဲ့။

အဲဒီလို ဆီရောင်းတာ အဆင်မပြေတဲ့ မောင်ပိန်ဟာ တခြားအလုပ်တခု လုပ်ဖို့ ရှာဖွေတဲ့အခါ မြစ်ရိုးက လှေထိုးသားတွေ အဆွယ်ကောင်းတာနဲ့ လှေကြီးတစင်း ဝယ်ပြီး လှေသူကြီး လုပ်ဖို့ ပြင်ပြန်ပါတယ်။

လှေသူကြီး လုပ်ပေမယ့် မောင်ပိန်ဟာ ရေမကူးတတ် တာမို့ အကျဉ်းအကျပ် ဖြစ်လို့ လှေပျက်ရင် အသက်အန္တရာယ် ကာကွယ်ဖို့ ဘူးသီးခြောက်ကြီး တလုံးကို ရှာရသတဲ့။ ရှေးတုန်းကတော့ ယခုခေတ်လို လှေနစ်ရင် အသက်ကယ်အင်္ကျီ ဆိုတာလည်း မရှိ၊ အသက်ကယ်လှေ၊ အသက်ကယ် ဘောကွင်းဆိုတာ ကြားတောင် ကြားဖူးတာ မဟုတ်သေးဘူး။

ဒီတော့ ဘူးသီးကြီးကြီး တလုံးကို ခြောက်သွေ့အောင် နေပူ လှမ်းပြီးရင် အထဲက အဆာအစေ့တွေ ထုတ်ထွင်ကာ ကြိုးတချောင်းနဲ့ ရစ်ပတ်ချည်ငင်ပြီး ပဲ့စင်မှာ ချိတ်ထားရပါတယ်။ တကယ်လို့ လှေနစ်ပြီ ဆိုရင် ဒီဘူးသီးခြောက်ကြီးကို ဖက်တွယ်ပြီး ရေမနစ်အောင် ကာကွယ်တာပေါ့။

ဒီလိုနဲ့ မောင်ပိန်ဟာ ဘူးသီးခြောက်ကြီး အားကိုးနဲ့ ချင်းတွင်းမြစ် တရိုးမှာ စုန်ချည်ဆန်ချည် လှေသူကြီးလုပ်ပြီး ကူးသန်းရောင်းဝယ်လိုက်တာ အတော်အတန် ချမ်းသာကြွယ်ဝ လာသတဲ့။

ဒီအခါ စုမိဆောင်းမိသမျှ ရွှေတို ရွှေစကလေးတွေကို လှေကြီး အတွင်း လုံခြုံတဲ့နေရာ တနေရာမှာ သေတ္တာငယ် တခုနဲ့ ထည့်ပြီး ဝှက်ထား လိုက်တယ်။ လှေသူကြီး ဦးပိန်ဟာ ချင်းတွင်းမြစ်ရိုးတလျှောက် လှေလှော်နေစဉ်ကာလတွေမှာ သူ့ဘူးသီးခြောက်ကြီးကိုပဲ ယုယုယယ တသသနဲ့ လုပ်ပေးနေ တတ်ပါတယ်။ သူ့ခမျာ လှေသူကြီး ဖြစ်ပေမယ့် ရေမကူးတတ်ဘူး ဆိုတော့လည်း အရေးရောက်ရင် ဘူးသီးခြောက်ကြီးသာ အားကိုးရ မှာကိုး။

ဒီလိုနဲ့ လှေသူကြီးဦးပိန်ဟာ ချင်းတွင်းမြစ်ရိုးမှာ စုန်ချည်ဆန်ချည် ကူးသန်းနေရင်း တနေ့တော့ မြစ်လယ်မှာ မုန်တိုင်းနဲ့ တိုးသတဲ့။ မုန်တိုင်းက အလွန်ကြမ်းတာမို့ ရွက်တိုင်တွေ လည်းကျိုး၊ ပဲ့စင်ကိုလည်း ထိန်းမရ ဖြစ်လာတယ်။

ဒီအတိုင်း ဆိုရင် မကြာခင် လှေနစ်တော့မှာကို ရိပ်မိတဲ့ ဦးပိန်ဟာ ပဲ့စင်မှာ ချိတ်ထားတဲ့ အသက်သခင် ဘူးသီးခြောက်ကြီးကို သတိမရတော့ဘူး။ သူသတိရလိုက်မိ တာက လှေကြီးထဲမှာ ဝှက်ထားတဲ့ ရွှေသေတ္တာ ပဲတဲ့။

အဲဒါနဲ့ လှေသူကြီး ဦးပိန်ဟာ လောဘဇောတွေ ဝင်လာပြီး လှေမနစ်ခင် ရွှေသေတ္တာကို ပြေးဝင်ယူတုန်း ဗြုန်းခနဲ လှေမှောက်သွားတာမို့ ရေအောက်ရောက်ပြီး အသက်ရှုံးဆုံး ရသတဲ့။

ဒီအဖြစ်အပျက် ကလေးဟာ ပုံပြင်တပုဒ် အနေနဲ့ဖတ်ရင် ပြုံးချင်စရာ ဖြစ်ပေမယ့် သင်ခန်းစာ ယူစရာ အနေနဲ့ တွေးတောမိရင်တော့ ရင်မောစရာလည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ ပုံပြင်ထဲကဘဝနဲ့ ဘဝထဲက ပုံပြင်တွေဟာ အပြင်မှာတော့ အတူတူပါပဲ။

သဒ္ဓါနဲ့ တဏှာဆိုတာ လူ့ဘဝ အရင်းအမြစ်တွေကို ဆွဲလှနေတဲ့ အင်အားနှစ်ခုပါ။ တွယ်တာ တပ်မက်မှုဆိုတဲ့ တဏှာလောဘဆွဲအားက ပြင်းပြလာတဲ့အခါ လူ့ဘဝရဲ့ တဒင်္ဂ ခဏအငှားတွေကို ထာဝရအပိုင်လို့ ထင်နေတတ်ပြီး အပိုင်တွေ ကိုလည်း အငှားလို့ထင်ကာ အမြင်တွေ မှားနေတတ်ပါတယ်။

ယုံကြည်သိမြင်မှု သဒ္ဓါပညာ ဆွဲအားက အားကောင်းပါမှ အပိုင်နဲ့ အငှားကို ခွဲခြားသိမြင်ပြီး အငှားကို အပိုင်နဲ့ ရအောင် လဲယူ တတ်ပါတယ်။ တကယ်တော့ လူ့ဘဝ ရပိုင်ခွင့်တွေထဲမှာ ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ဆွေညာမိဘ၊ ဘဝခန္ဓာ အဖြာဖြာတွေဟာ တဒင်္ဂ၊ ခဏဆိုင်ခွင့်သာ ရပြီး ပိုင်ခွင့်မရတဲ့ အငှားတွေပါ။ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှု တွေကသာ ကိုယ်နဲ့ထာဝရ သက်ဆိုင်တဲ့ တကယ့်အပိုင် ပစ္စည်းတွေပါ။

တဏှာက အငှားတွေကို အပိုင်ထင်ပြီး ဆွဲလှပေမယ့် ရလာတဲ့ အခါကျတော့ လောင်ကျွမ်းပစ်တာမို့ အပူက လွဲလို့ ဘာမျှမကျန်ရစ်တော့ပါ။ သဒ္ဓါက အပိုင်နဲ့ အငှားကို ခွဲခြားပြီး အငှားတွေကို အပိုင်အဖြစ် ပြောင်းလဲ ရယူတတ်တာမို့ အပူငြိမ်း အကြောက် ပြေကာ ထာဝရ စိတ်အေးရ ပါတယ်။

ဒါပေမဲ့ လူများစုဟာ သဒ္ဓါဆွဲအားလေး ကောင်းနေတုန်းသာ "လောကမှာ ဘုရား၊ တရား၊ သံဃာရတနာ (၃) ပါးက လွဲလို့ ကိုးကွယ်ရာ မရှိဘူး။ သေရင် ကိုယ့်နောက်ကို ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်း တွေကသာ လိုက်ပါနိုင်တာ။ ဘဝသံသရာမှာ တရားမှတပါး အခြားဘာမျှ အားကိုစရာ မရှိပါဘူး" လို့ နှလုံးသွင်းနိုင်ကြပေမယ့်လည်း

တဏှာလောဘက ဝင်နောက်လာပြီ ဆိုရင် ဘာတရားမှကို သတိမရနိုင်တော့ဘဲ "လှေသူကြီး ဦးပိန် လှေပျက်တဲ့အခါ ရွှေမက်တာနဲ့ ရေနစ်ပြီး ပျက်စီးရသလို" လောကီအာရုံ ကာမဂုဏ်တွေ ကိုပဲ ဖက်တွယ်ပြီး ပျက်စီးတတ် ကြတာပါ။

ဒါကြောင့် ဒီဓမ္မပုံပြင်ကလေးနဲ့ (၁) လူ့ဘဝရဲ့ အပိုင်နဲ့ အငှားကို ခွဲခြားသိမြင်ဖို့ လိုအပ်ကြောင်း (၂) သဒ္ဓါ၊ တဏှာ ဆွဲအားနှစ်ခုမှာ တဏှာဆွဲအားနောက်ကို လိုက်ရင် ပူလောင်ရတတ်ပြီး သဒ္ဓါဆွဲအားနောက်ကို လိုက်ပါနိုင်မှ စိတ်အေးရကြောင်းနဲ့ (၃) တဏှာဆွဲအားနောက်ပါသွားရင် ကုသိုလ်ကောင်းမှုတွေကို မေ့လျော့ပြီး အပါယ်လေးပါးမှာ နစ်မြုပ်ပျက်စီး ရတတ်ကြောင်းတို့ကို ပြောပြလိုက်တာပါ။ Crd

Post a Comment

0 Comments