တောင်ခြေက တူထုသံ

တခါက မနက်ခင်း ရောက်တိုင်း တူထုသံ ကြားရတဲ့ ရွာလေးတရွာ ရှိခဲ့ပါတယ်။ တူထုသံ စို့ရိုက်သံဟာ မနက်ကနေ ည နေဝင်မိုးချုပ်တဲ့ အထိ ကြားရပါသတဲ့။

နှစ်ပေါင်းများစွာ ကြာလာတော့ ရွာလေးဟာ တူထုသံ နဲ့ နား ယဉ်ပါးခဲ့ပြီး ထိုတူထုသံ ကလည်း ရွာလေးရဲ့ သင်္ကတ တခုလိုဖြစ်လာခဲ့ ပါတယ်တဲ့။

တရက်မှာတော့ ကမ္ဘာလှည့် ခရီးသွား တဦးဟာ ထိုရွာလေးကို မထင်မှတ်ဘဲ ရောက်သွားခဲ့ ပါတယ်။ ဧည့်သည် တဦးအတွက်တော့ မနက်ကနေ ညအထိ ကြားရတဲ့ တူထုသံဟာ ထူးဆန်းမှု တရပ်ပေါ့။

အဲဒါနဲ့ ခရီးဧည့်သည်ဟာ ထိုကိစ္စကို စူးစမ်းဖို့ အသံလာရာ အရပ်ဆီကို ဦးတည် ထွက်ခဲ့ပါတယ်။ တူထုသံဟာ ရွာလေးရဲ့ ခပ်လှမ်းလှမ်း ကျောက်တောင် ခြေရင်းကနေ ထွက်ပေါ်လာတဲ့ အသံ ဖြစ်ပါတယ်။

ခရီးသွား ဧည့်သည်ဟာ တောင်ခြေရင်းကို ရောက်သွားတော့ မုတ်ဆိတ်ဆံပင်တွေ ဖြူဖွေးပြီး ကျောက်မှုန့်တွေ ပေနေတဲ့ လူကြီးတဦးကို တွေ့ရတာပေါ့။ ဧည့်သည်ဟာ ထိုလူကြီးကို သူသိချင်နေတဲ့ အရာကို မေးပါတယ်။

"ခင်များ ဘာလို့ ကျောက်တောင်ကြီးကို ထွင်းဖောက်နေရတာ ပါလဲ" လို့ မေးတဲ့အခါ လူကြီးက ပြန်ဖြေတယ်။ "ငါ့မှာ ပြင်းပြတဲ့ ဆန္ဒတခု ရှိတယ်။ အဲဒီဆန္ဒကို ငါ့လက် ငါ့အားကိုးနဲ့ ထုရိုက် ပုံဖော်နေတာပါ။ အဲဒီဆန္ဒက ဘာလဲ ဆိုရင် ဒီကျောက်တောင်ကြီးကို ဖောက်ပြီး တရွာလုံးက လူတွေ သွားလာနိုင်တဲ့ လမ်း ဖြစ်ဖို့ပဲ"

လူကြီးရဲ့ အဖြေကို ကြားတော့ ခရီးဧည့်သည်ဟာ အံ့ဩသွား ပါတယ်၊ ပြီးတော့ သူပြန်ပြောမိ တာက "မဖြစ်နိုင်ပါဘူးဗျာ ခင်များ အချိန်တွေ အလကား မဖြုန်းစမ်းပါနဲ့" လူကြီးကလည်း ပြန်ပြောပါတယ်။ "တခြားသူတွေလည်း မင့်လိုပဲ ငါ့ကို နားချ ကြပါတယ်"

ဒီလောက်ပဲ ပြန်ပြောပြီး လူကြီးဟာ သူ့အလုပ်သူ ဆက်လုပ်နေ ပါတော့တယ်။ ခရီးသွား ဧည့်သည်လည်း ရွာလေးဆီ ပြန်လှည့်လာ ခဲ့ပါတယ်။ နောင်နှစ်ပေါင်း များစွာ ကြာတဲ့အခါ မှာတော့ လူပေါင်းများစွာဟာ ကျောက်လိုင်ခေါင်း ဥမင်ကို ဖြတ်ပြီးသွားလာနိုင်ခဲ့ ကြပါတယ်။

ဆက်သွယ် သွားလာရေး ကောင်းမွန်သွားလို့ ရွာလေးလည်း တိုးတက်စည်ပင် လာခဲ့ပါတယ်။ ရွာလေး မှာတော့ ထိုလူကြီးရဲ့ရာဇဝင်လေး တခုဟာ အခုလို မှတ်မှတ်ထင်ထင် ကျန်ရှိနေခဲ့ ပါတယ်။

"သူ့မှာ အလွန်ချစ်ရတဲ့ သားလေး တယောက် ရှိခဲ့တယ်။ တရက်မှာတော့ သူ့သားလေးမှာ ရောဂါဆိုးဆိုး ဝါးဝါး ဖြစ်တယ်။ တရွာလုံးက ဆေးတွေနဲ့ ကုသလည်း ပျောက်ကင်းသွားခြင်းမရှိဘူး။ ဆေးရုံဆေးခန်း သွားဖို့ ဆိုတာလည်း မြို့နဲ့လည်း အဝေးကြီး ပြီးတော့ ကျောက်တောင်ကြီးကို ကွေ့ပတ် သွားရလို့ ရက်ပေါင်းများစွာ ကြာပါတယ်။

လူကြီးဟာ ကျန်းမာရေး မကောင်းတဲ့ သူ့သားလေးကို ပိုးပြီး ကျောက်တောင်ကို ကျော်ဖြတ်ကာ ဆေးရုံပို့ဖို့ တမနက် ရွာလေးက ထွက်သွားတယ်။ ဒါပေမဲ့ ကံမကောင်းခဲ့ ပါဘူး။ ကျောက်တောင်ခြေရင်း ရောက်တယ် ဆိုရင်ပဲ ဘုရားသခင်က သူ့သားကို ပြန်ခေါ် သွားပါတယ်။

လူကြီးဟာ သူ့ရဲ့ ချစ်လှစွာသော သားလေးကို ကျောက်တောင်ခြေရင်း တနေရာမှာပဲ မြုပ်နှံ ပေးခဲ့တယ်။ ထိုအချိန်က စပြီး ဘုရားသခင်က သူ့ကို တောင်ကြီးကို လမ်းဖောက်ဖို့ တူနဲ့ စို့ကို ကိုင်စေခဲ့တယ်။ သူ့ကို သိမှီလိုက်တဲ့ ရွာသားအချို့ ကတော့ တူထုသံကို ယနေ့ အချိန်ထိ နားထဲကြားနေရဆဲပါ" တဲ့။

ဘဝမှာလည်း မိမိတို့ စိတ်ဆန္ဒက ပြင်းပြင်းပြပြ ဖြစ်ချင်လာပြီဆို ထိုအရာဟာ ဖြစ်ဖို့ များပါတယ်။ ထိုဆန္ဒဆီ ရောက်ဖို့ ကြိုးစားတဲ့ အခါတိုင်း မဖြစ်နိုင်ပါဘူးလို့ အကြံပြုသူတွေ ကိုလည်း တွေ့လာနိုင် ပါတယ်။ သို့သော် မိမိရဲ့ တူထုသံတွေကို မရပ်လိုက်ပါနဲ့။

မိမိမှာ ပြင်းပြတဲ့ ဆန္ဒရယ်၊ အချိန်မှန်မှန် လုပ်ဆောင်မှုရယ်၊ ဆန္ဒနဲ့ ကိုက်ညီမည့် အရည်အချင်း ရယ်သာ ရှိရင် အောင်မြင်ပြီးမြောက်ဖို့ မခက်ပါဘူး။ လင်းဝေ၊ကောလင်း

Post a Comment

1 Comments

  1. စာကို မှန်အောင်ရေးတတ်သူတွေလည်း ရှိသေးတယ်။ ကွန်ဂရက်ကျူလေးရှင်း။

    ReplyDelete