ပျားရည်တစက်ကြောင့်

တခါတုန်းက ဘုရင်တပါးသည် ထမင်းစားပြီးတိုင်း ပျားရည်လျက်သော အကျင့် ရှိသည်။ တနေ့သော် ထိုဘုရင်သည် ခါတိုင်းကဲ့သို့ပင် ထမင်းစားပြီး ချိန်တွင် ပျားရည် လျက်သည်။ ထိုအခါ ပျားရည် တစက်သည် နန်းတော် ကြမ်းပြင်ပေါ်သို့ ဖိတ်စင်ကျသွားသည်။

ထိုအခြင်းအရာကို ယင်ကောင် တကောင်က မြင်သွားသည်။ ယင်ကောင်သည် တနေရာမှာ နားနေရာမှ ကြမ်းပြင်ပေါ်သို့ ပျံဆင်းလာကာ ပျားရည်ကို သောက်သည်။ ထိုယင်ကောင်ကို အိမ်မြှောင် တကောင်က ချောင်းနေသည်။

အိမ်မြှောင်သည် အလစ်တွင် ယင်ကောင်ကို ဖမ်းယူ စားသောက်လိုက်သည်။ ထိုအိမ်မြှောင် မှာလည်း ဘေးရန်မှ မလွတ် နန်းတော်တွင်းရှိ ကြောင်တကောင်သည် သူ့အနီးတွင် အိပ်နေသည်။ ထိုကြောင်သည် အိပ်နေရာမှ ထလာသည်။

သူသည် အိမ်မြှောင်ကို မြင်သော် ဖမ်းယူကာ စားသောက် လိုက်သည်။ ဤသို့ ကြောင်က အိမ်မြှောင် ဖမ်းသည်ကို နန်းတွင်းသား တယောက်၏ ခွေးက မြင်တွေ့ သွားသည်။ ထိုခွေးသည် မနေနိုင်၊ ကြောင်ကို ဖမ်းပြန်သည်။

ဤတွင်ကြောင်နှင့် ခွေးတို့ အပြန်အလှန် လုံးထွေး သတ်ပုတ် ကြလေသည်။ နောက်ဆုံးတွင် ခွေးက အနိုင်ရရှိ သွားသည်။ ခွေးသည် ကြောင်ကို နန်းတော် အပြင်ဘက်သို့ ကိုက်ချီသွားကာ ကိုက်သတ်လိုက် လေတော့သည်။

သေဆုံးသွားသော ကြောင်မှာ ဘုရင့်အစေအပါး တဦး၏ ကြောင် ဖြစ်လေသည်။ သူသည် ထိုကြောင်ကို အလွန် ချစ်သည်။ ကြောင် သေဆုံးသွား သဖြင့် သူသည် အလွန် ဒေါသဖြစ်ကာ ခွေးပိုင်ရှင် နန်းတွင်းသားနှင့် စကားများ ရန်ဖြစ်ကြ လေသည်။

နောက်ဆုံးတွင် ခွေးပိုင်ရှင်က ကြောင်ပိုင်ရှင်ကို ဓားဖြင့် ခုတ်လေသည်။ ကြောင်ပိုင်ရှင်လည်း နေရာမှာပင် သေဆုံးသွား လေသည်။ ထိုအဖြစ်အပျက်သည် တခဏ အတွင်းမှာပင် နန်းတော်တခုလုံးသို့ တောမီးပမာ ပျံ့နှံ့သွားသည်။

သေဆုံးသွားသူ၏ မိတ်ဆွေများသည် ထိုသတင်းကို ကြားသည်နှင့် တပြိုင်နက် ခွေးပိုင်ရှင်ထံသို့ စုရုံးရောက်ရှိ လာကြသည်။ ခွေးပိုင်ရှင် ကလည်း သူ့မိတ်ဆွေ များထံ အပြေးအလွှား သွားရောက် လူစုသည်။ မကြာမီပင် ထိုအုပ်စု နှစ်ခုသည် ရင်ဆိုင်တွေ့ကြ လေသည်။

တဖက်နှင့် တဖက် အပြင်းအထန် တိုက်ခိုက်ကြသည်။ ထိုသတင်းသည် ဘုရင့် နန်းတော်သို့ ရောက်သွားသည်။ ဘုရင်လည်း သူ၏ ရဲမက်တို့ကို အလျင်အမြန် စေလွှတ်ကာ ရန်ပွဲကို ဖြေရှင်းစေသည်။ သို့သော် မအောင်မြင်ပေ။

မကြာမီပင် ဘုရင်ကိုယ်တိုင် မှာလည်း အုပ်စုတစု၏ ဓားချက်ဖြင့် မတော်တဆ ထိကာ နတ်ရွာစံ သွားလေသည်။ ဤတွင် အုပ်စုတခုက အခြားအုပ်စု တခုအား ဘုရင်ကို လုပ်ကြံလို၍ ဤသို့ ဉာဏ်ဆင်ခြင်း ဖြစ်သည်ဟု စွပ်စွဲတော့သည်။

အစွပ်အစွဲခံရသော အုပ်စုကလည်း မခံမရပ်နိုင် ဖြစ်ကာ တုံ့ပြန် ကြသည်။ ရန်ပွဲမှာ ပိုမို ပြင်းထန်လာသည်။ ရန်ပွဲအဖြစ်မှ စစ်ပွဲငယ် အဖြစ်သို့ ကူးပြောင်းသွားသည်။

မြို့ရွာများ မီးလောင် ပျက်စီးကုန် ကြသည်။ လူများ သေဆုံးကြသည်။ နောက်ဆုံးတွင် တနိုင်ငံလုံး ပျက်စီးသွား လေတော့သည်။

ဤသတင်းကို အိမ်နီးချင်း တိုင်းပြည် တပြည်၏ ဘုရင်က ကြားသည်။ ထိုဘုရင်သည် စစ်ပွဲစတင်ချိန်မှ နောက်ဆုံး အချိန်အထိ အခြေအနေ အရပ်ရပ်ကို စောင့်ကြည့် နေသည်။

အဆိုပါ တိုင်းပြည် ပျက်စီးသွားကြောင်းကို ကြားလျှင်ကြားချင်း ထိုဘုရင်သည် တပ်တော်များနှင့် အတူ ဝင်ရောက်ကာ ထိုတိုင်းပြည်ကို အလွယ်တကူ သိမ်းပိုက်လိုက် လေသည်။

ပျားရည်တစက်ကြောင့် တိုင်းပြည် ပျက်ရသော ဖြစ်ရပ်ကား သင်ခန်းစာယူဖွယ် ဖြစ်ပေသည်ဟု ပညာရှိများက ဆိုကြပေသည်။ Crd

Post a Comment

1 Comments

  1. လောဘဒေါသကြောင့်အရင်းခံဖြစ်သည် ပျားည်
    တစက်ကြောင့်မဟုတ်ရသတဏှာကြောင့်မဆင်မ
    ခြင်ဖြစ်နေသည့်အတွက်တိုင်းပြည်ပျက်ကိန်း
    ဆိုက်နေသည်

    ReplyDelete