ရိုးသားသောဂုဏ်

တခါတုန်းက တက္ကသိုလ်ပြည်က ဆရာကြီးရဲ့ သမီးဟာ အလွန် ချောမော လှပသတဲ့။ အဲဒီလို ချောမောလွန်းလို့ ကြိုက်တဲ့သူတွေကလည်း များတာပေါ့။ တနေ့တနေ့ သူဌေးသားတွေ၊ မှူးမတ် သားတွေနဲ့ ကုန်သည်သားတွေ လာလာ တင်တောင်း ကြတာ မနည်းဘူးပေါ့။

တနေ့တော့ ဆရာကြီးဟာ သူ့သမီးကို လိုချင်တဲ့ သူတွေ အားလုံးကို စုစည်းဖို့ ခေါ်လိုက်တယ်။ ပြီးတော့ အားလုံး ဆုံတာနဲ့ ဆရာကြီးက လူတိုင်းကို သစ်စေ့လေး တစေ့စီ ပေးပါတယ်။

"ဒီသစ်စေ့တွေကို အိမ်ပြန် ရောက်တာနဲ့ စိုက်ပျိုးပြီး နေ့တိုင်း ပြုစုရမယ်။ တနှစ် ကြာရင် အဲဒီ အပင်တွေနဲ့ ပြန်လာရမယ်။ အပင်တွေ အကြီးဆုံးနဲ့ အကောင်းဆုံး ပြုစုနိုင်မယ့် သူကို ငါ့သမီးနဲ့ပေးစားမယ်" လို့ ဆိုသတဲ့။

သူဌေးသားတွေ မှူးမတ်သားတွေလည်း အလုအယက် အစေ့တွေကို ယူကြတယ်။ သူတို့အထဲမှာ ဆရာကြီးသမီးကို ချစ်မြတ်နိုးတဲ့ သူဌေးသားလေး တဦးလည်း ပါသတဲ့။ သူဟာ သာမန် သူဌေးတယောက် ဖြစ်တာကြောင့် အခြား သူဌေးသားတွေ ကြားမှာတော့ မထင်မရှား နဲ့ပေါ့။

သူလည်း အိမ်ကို ပြန်လာပြီးတော့ အပင်လေးကို ရေလောင်း၊ မြေသြဇာတွေ ကျွေးရင်း စိတ်ထဲမှာတော့ ဆရာကြီးရဲ့ သမီးလေးကို မြင်ယောင်နေ တာပေါ့။ နှစ်ပတ်လောက် အထိ သူ့အပင်ဟာ အညှောင့်တောင် မထွက်သေးပါဘူး။ သူက တခြား သူဌေးသားတွေနဲ့ မေးကြည့်တော့ တခြားသူဌေးသား တွေလည်း အပင် မထွက်သေးဘူးလို့ သိရတယ်။

သူလည်း စိတ်အေးအေးနဲ့ ဆက်လက် ပြုစုပေမယ့် သုံးလ ကြာတာတောင် အပင်က အညှောင့်တောင် မထွက်ပါဘူး။ အဲဒီအချိန်မှာတော့ တခြား သူဌေးသားတွေရဲ့ အပင်တွေဟာ အတန်အသင့် အရွယ် ရောက်နေကြပြီ။

ဒီတော့ သူ သိလိုက်တယ်။ သူ့အစေ့ဟာ သေသွားပြီပေါ့။ ဒါနဲ့ပဲ သူအကြံတခု ရတယ်။ မြို့ထဲက အစေ့ဆိုင်မှာ ပန်းပင်အစေ့ တခုကို ယူပြီးတော့ အိမ်ကို အမြန် ပြန်ခဲ့တယ်။

အိမ်ရောက်တော့ သူ့အမေက သူပန်းအိုးထဲကို ပန်းစေ့ထည့်ဖို့ ပြင်နေတာ မြင်တာနဲ့ မေးတာပေါ့။ သူကလည်း အကြံအတိုင်းပြောလိုက်တယ်။ သူ့အမေကတော့

"သားရယ် မင်းကို ပေးလိုက်တဲ့ အစေ့က အပင် မပေါက်တာ မင်းရဲ့ ကံပေါ့။ ဒီလို မရိုးမသားတော့ မလုပ်ပါနဲ့" လို့ ပြောသတဲ့။ သူလည်း မလုပ်တော့ဘဲ အစေ့တွေကို လွှင့်ပစ်လိုက်တယ်။

တနှစ် ပြည့်လို့ ဆရာကြီးက ပြန်ခေါ်တဲ့နေ့ကို ရောက်ပြီ။ သူကတော့ ပန်းအိုးထဲမှာ မြေကြီးက လွဲလို့ မြက်ပင်တောင် မရှိဘူး။ သူ မသွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် သူ့အမေက "သွားလိုက်ပါကွယ်။ မပေါက်ရင် မပေါက်ဘူး ဆိုတဲ့ အကြောင်း ပြောလိုက်ပေါ့" တဲ့။

သူလည်း ပန်းအိုးအလွတ်ကို ကိုင်ပြီးတော့ လာခဲ့တယ်။ ဆရာကြီးရဲ့ အိမ်ရှေ့မှာ ပန်းအိုးတွေ တန်းစီနေတယ်။ လှပပြီး သန်မာတဲ့ ပန်းပင်တွေ တပုံကြီးပဲ။ အားလုံးကလည်း ပန်းတွေ ပွင့်နေကြပြီးတော့ ရောင်စုံ ပန်းခင်းကြီးထဲ ရောက်သွားသလို ခံစားလိုက်ရတယ်။

အဲဒီအချိန်မှာ တခြားသူဌေးသားတွေဟာ သူ့ပန်းအိုးအလွတ်ကို ကြည့်ပြီးတော့ သူ့ကို ဝိုင်းရယ်ကြပါတယ်။ လှောင်ပြောင်ကြတယ်။ သူလည်း မျက်နှာလွှဲပြီး မသိချင်ယောင် ဆောင်နေလိုက်တယ်။

မကြာဘူး။ ဆရာကြီးက ပန်းပင်တွေကို လိုက်ကြည့်တယ်။ ပြီးတော့ အိုးအလွတ်ကို တွေ့တော့ ဒါ ဘယ်သူ့အိုးလဲ ပေါ့။ သူက ထွက်လာပြီး ကျွန်တော့်အိုးပါ လို့ ပြန်ဖြေတယ်။ အားလုံးကလည်း ဝိုင်းရယ်ကြတယ်။

အဲဒီအချိန်မှာပဲ ဆရာကြီးက "ကျွန်ုပ်သမီးအတွက် ကြင်ယာကို ရှာတွေ့ပြီ။ ထိုသူကား တခြားမဟုတ် ဒီသူငယ်ပဲ" ဆိုပြီး သူ့ကိုလက်ညိုးထိုးတယ်။ သူလည်း ကြောင်သွားတယ်။ အဲဒီအချိန်မှာပဲ ဆရာကြီးက "ကိုယ့်အကြောင်းကိုယ် သိကြတယ်မလား" လို့လူအများကို လှည့်ပြောတယ်။ ပြီးတော့ ဆက်ပြောတယ်။

"တကယ်တော့ ငါပေးလိုက်တဲ့ အစေ့တွေဟာ ပြုတ်ပြီးသား ဖုတ်ပြီးသား အစေ့တွေပဲ။ လုံးဝကို အပင် မပေါက်နိုင်ဘူး။ မင်းတို့က ငါပေးလိုက်တဲ့ အစေ့တွေ သေကုန်လို့ အစေ့အသစ် ဝယ်ပြီး ငါ့ကို လှည့်စားဖို့ ကြိုးစားကြတယ်။ ငါက ရိုးသား ဖြောင့်မတ်တဲ့ လူကို လိုချင်လို့ ဒီလိုမျိုး စမ်းသပ်ခဲ့တာပဲ"

အဲဒီနောက်မှာတော့ သူဌေးသားတွေလည်း ခေါင်းငိုက်စိုက်ပြီးတော့ ကိုယ့်အိုးတောင် ကိုယ်ပြန်မသယ်နိုင်ပဲ ပြန်ထွက်သွား ကြတယ်။ သူများဖြစ်တုန်းက ဝိုင်းရယ်ခဲ့တဲ့ လူတွေ အခုတော့ ပြုံးတောင် မပြုံးနိုင်ကြတော့ ပါဘူး။

ဒီအချိန်မှာ ဝမ်းသာအားရနဲ့ ထရယ်လိုက်တဲ့သူ ရှိတယ်။ သူကတော့ ဘယ်သူ ဖြစ်မယ် ထင်ပါသလဲ။ သေချာတယ်။ သူပဲပေါ့။ မောင်စိုင်း

Post a Comment

0 Comments