နတ်ပြည်ရောက်မယ့် ဥပုသ်သည်

တခါတုန်းက တာဝတိံသာ နတ်ပြည်က နတ်သမီးလေး တပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ ကြည့်မိသတဲ့။ အဲဒီလို ကြည့်မိတဲ့အခါ လူ့ပြည်မှာ ဝါတွင်းကာလ ဖြစ်တာမို့ လူတွေအများကြီး ဥပုသ် စောင့်ကြတာကို တွေ့ရတာပေါ့။

အဲဒီအခါ နတ်သမီးလေးက သိကြားမင်းကြီးကို "အရှင်သိကြားမင်း၊ လူ့ပြည်မှ လူတွေ ဒီလောက် ဥပုသ်စောင့်ကြရင် သူတို့ ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်ကြမှာမို့ နတ်ပြည်မှာ နေစရာမှ ရှိပါဦးမလား" လို့ လျှောက်ထားလိုက်တယ်။

သိကြားမင်းက "တရားတော်နဲ့ အညီ ဥပုသ်စောင့်တတ်မှ ကုသိုလ်က ရတာ။ ကုသိုလ်ရမှ နတ်ပြည် ရောက်နိုင်တာ။ ဥပုသ်စောင့်တိုင်း နတ်ပြည် ရောက်နိုင်တာ မဟုတ်ဘူး။

သင်မယုံကြည်ရင် လူတွေ ဥပုသ်စောင့်တတ် မစောင့်တတ်နဲ့ ဥပုသ်စောင့်တဲ့ သူတွေထဲက နတ်ပြည် ရောက်နိုင်တဲ့သူ ပါ မပါကို လက်တွေ့ပြမယ်" လို့ နတ်သမီးလေးကို ပြောပါတယ်။

အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက် ၆၀ ကျော် အဘိုးကြီးအသွင် ဖန်ဆင်းလိုက်ပြီး နတ်သမီးလေး ကိုတော့ ၁၆ နှစ် အရွယ် အပျိုမလေးလို ဖန်ဆင်းကာ လူ့ပြည်ကို ဆင်းသက် လိုက်တယ်။ လူ့ပြည်ရောက်တဲ့အခါ ဥပုသ်သည်တွေ စုဝေးနေတဲ့ ဘုန်းတော်ကြီး ကျောင်းတွေနဲ့ ဇရပ်တွေ ဘက်ကို စုံတွဲခုတ်ပြီး သွားလာလည်ပတ် ကြသတဲ့။

အဲဒီအခါ ဇရပ်တဆောင်ပေါ်မှာ အမျိုးသမီး တစုဟာ ဥပုသ်စောင့်တယ် ဆိုပြီး စုဝေး ဝိုင်းဖွဲ့ကာ သူများအတင်းတွေ ပြောနေကြတယ်။ အဲဒီအနားကို လူယောင် ဖန်ဆင်းတဲ့ သိကြားမင်းတို့ စုံတွဲ ရောက်သွားတဲ့ အခါ ဇရပ်ပေါ်က အမျိုးသမီး တစုက ၁၆ နှစ်အရွယ် သမီးပျိုလေးကို "ဟဲ့သူငယ်မ ညည်းနဲ့ အဘိုးကြီး ဘာတော်သလဲ။ ညည်းအဖေလား ယောက်ျားလား" လို့ စပ်စပ်စုစု မေးကြသတဲ့။

မိန်းမပျိုယောင် ဆောင်ထားတဲ့ နတ်သမီးက "အဘိုးကြီးဟာ ကျွန်မရဲ့ ခင်ပွန်းပါရှင့်" လို့ ဖြေတဲ့အခါ ဥပုသ်စောင့်တဲ့ အမျိုးသမီးတွေက မေးငေါ့ပြီး "ကြည့်စမ်းပါဦးတော် ရုပ်ကလေး သနားကမား ပျိုပျိုရွယ်ရွယ် ကလေးနဲ့ ဒီသေခါနီး အဘိုးကြီးကိုပဲ ယူရသလား။ တကယ်ဆိုရင် ရွယ်တူတန်းတူ ယူရောပေါ့အေ။ ဟိုအဘိုးကြီး ကလည်း သေခါနီးမှ ရိက္ခာ ယူရတယ်လို့။ နွားအိုမြက်နုကြိုက် ဆိုတာ ဒါမျိုးပေါ့" လို့ တယောက်တပေါက် အတင်းပြော ကြသတဲ့။

အဲဒီကနေ နောက်တနေရာကို ရောက်သွားတဲ့အခါ အမျိုးသားတွေ စုပြီးနေတဲ့ ကျောင်းဆောင်တခု အနားကို ရောက်သွားတယ်။ အဲဒီနားကို သူတို့စုံတွဲ ရောက်သွားတယ် ဆိုရင်ပဲ ယောက်ျားတွေက

"ကြည့်စမ်းဟေ့ မလိုက်တဲ့ စုံတွဲကွာ။ အဘိုးကြီးကလည်း မခေဘူးနော်။ ကောင်မလေးကို မုန့်ပေးပြီး ကြိုက်တာ နေမှာ။ ကောင်မလေး ကတော့ ကံဆိုးတာပဲ။ မကြာခင်မှာ မုဆိုးမ ဖြစ်တော့မယ်။ ဟဲ့ကောင် မုဆိုးမ ဖြစ်သွားရင် တို့သွားပြီး တန်းစီကြရင် မကောင်းဘူလား" လို့ မကြားတကြား သရော်ကြသတဲ့။

အဲဒီကျောင်းဆောင် ဘက်က ထွက်ပြီးနောက် ရေအိုးစင် တခုနားကို ရောက်သွားတယ်။ အဲဒီရေအိုးစင် နားမှာ အဘွားအို တဦးဟာ ဘယ်သူနဲ့မျှ စကားမပြောဘဲ မျက်စိမှိတ်ပြီး စိပ်ပုတီးကိုပဲ အသာစိပ်နေသတဲ့။ မိန်းမပျိုယောင် ဆောင်ထားတဲ့ နတ်သမီးလေးက အဖွားအိုနားကို သွားပြီး "အဖွား ဒီရေအိုးစင်မှာ ရေရှိသလား။ ကျွန်မခင်ပွန်း ရေဆာနေလို့ ပါရှင်" လို့ ခွင့်တောင်းသတဲ့။

ထိုအခါ အဘွားအိုက "ရှိပါတယ် သူငယ်မရယ်။ သဘောရှိ သောက်ပါ။ ကုသိုလ် လိုချင်လို့ အဘွားကိုယ်တိုင် ခပ်ထားတာပါ" လို့ ပြောပါတယ်။ ပြီးတော့မှ အဘိုးကြီးယောင် ဆောင်ထားတဲ့ သိကြားမင်းကို တချက်လောက် ကြည့်လိုက်ပြီး "သြော်မောင်ကြီးရယ် သူငယ်မရဲ့ ခင်ပွန်းသည်ကိုး။

ဒီလိုပေါ့ အေရယ် ရှေးက ရေစက် ဆိုတာ အမျိုးမျိုး ဆုံစည်းရတာပဲ။ စိတ်ကောင်းကောင်း ထားပြီး ဖခင်နဲ့တူသော ခင်ပွန်းရယ်လို့ သဘောထားရ မှာပဲ။ ရိုရိုသေသေ ပြုစုပေါ့ကွယ်" လို့ ဆုံးမစကား ပြောပါတယ်။ အဲဒီနောက်တော့ သိကြားမင်းနဲ့ နတ်သမီးလေးတို့ဟာ နတ်ပြည်ကို ပြန်သွားသတဲ့။

နတ်ပြည် ရောက်တဲ့အခါ သိကြားမင်းက "ကိုင်း ဘယ့်နှယ့်ရှိစ၊ လူ့ပြည်မှာ ဥပုသ်စောင့်တဲ့ သူတွေကတော့ များပါရဲ့၊ အများစုက စေတနာ မသန့်ကြဘူး။ ရိုးရိုးသားသား ကုသိုလ် လိုလားပြီး ဥပုသ် စောင့်တဲ့သူက နည်းတယ်။ ဒါကြောင့် အခု ဥပုသ်စောင့်တဲ့သူတွေထဲမှာ နောက်ဆုံးတွေ့တဲ့ အဘွားအို တယောက်ပဲ နတ်ပြည် ရောက်လိမ့်မယ်။ ကျန်လူတွေကတော့ ထုံးစံအတိုင်း အောက်ပြည် သွားကြရမှာပဲ" လို့ နတ်သမီးလေးကို ပြောပြပါတယ်။

ဥပုသ်စောင့်ခြင်းရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ မတူကွဲပြားပုံကို ခွဲခြား ဖော်ပြလိုတာပါ။ အနှစ်သာရ မပါတဲ့ အသွင်သဏ္ဍာန်ဆိုတာ တကယ်တော့ အကာသက်သက်ပါပဲ။ Crd

Post a Comment

0 Comments