ငရဲဘုံနှင့် ကောင်းကင်ဘုံ

တခါက အသက်အရွယ် အိုမင်းလှပြီ ဖြစ်တဲ့ အဖွားအိုတဦး ရှိပါသတဲ့။ အဖွားအိုဟာ တသက်တာလုံးမှာ စိတ်ထား ဖြူစင်စွာနဲ့ သီလခိုင်မြဲစွာ နေထိုင် အသက်ရှင်ခဲ့သူ ဖြစ်တယ်။ အဲဒီလိုနဲ့ တရက်မှာတော့ အဖွားအိုဟာ သေအံ့မူးမူး အချိန်အခါကို ရောက်ရှိလာခဲ့ပါသတဲ့။

အဲဒီလို အဖွားအို သေအံ့မူးမူး ဖြစ်နေဆဲ အချိန်အခါမှာ ရုတ်တရက် ဆိုသလိုပဲ သေမင်းတမန် နတ်သားဟာ အဖွားအိုအနီးမှာ ဘွားခနဲ ပေါ်လာပါသတဲ့။

ပြီးတဲ့အခါ အဖွားအိုကို ကြင်နာစွာကြည့်ပြီး ဒီလိုပြောခဲ့တယ်။ "အဘွား အဘွားဟာ တသက်လုံး ကောင်းမှုကုသိုလ်တွေ နဲ့သာ ယဉ်ပါးခဲ့သူ ဖြစ်တယ်။ ဒါကြောင့် အဖွား တမလွန်ကို မကူးပြောင်းခင် စပ်ကြားမှာ ဒီဘဝ အတွက် နောက်ဆုံးဖြစ်ချင်တဲ့ ဆန္ဒကို ပြောပါ။ ဘာမဆို ကျွန်ုပ် ဖြည့်ဆည်းပေးပါ့မယ်"

အဲဒီစကားကို ကြားတဲ့အခါ အဖွားအိုက "ဒီလိုဆိုလည်း မောင်ရင်လေးရယ် အဖွားကို ကောင်းကင်ဘုံနဲ့၊ ငရဲဘုံကို လိုက်ပြစမ်းပါတော်။ တရားထဲမှာသာ နာဖူးပေမယ့် အပြင်မှာ မြင်ဖူးချင်လို့ပါ" လို့ ပြန်ပြောလိုက်ပါသတဲ့။

အဲဒီလိုနဲ့ သေမင်းတမန်နတ်သားဟာ အဖွားအိုကို ခေါ်ဆောင်ပြီး ငရဲဘုံကို ဦးစွာလာခဲ့ပါသတဲ့။ ငရဲဘုံကို အဖွားအို ရောက်တဲ့အခါ သေမင်းတမန်နတ်သားဟာ အဖွားအိုကို ခန်းမကြီးတခုကို ခေါ်ဆောင်လာခဲ့တယ်။

အဲဒီခန်းမကြီးမှာ ကြီးမားတဲ့ စားပွဲရှည်ကြီး တလုံးကို ချထားခဲ့တယ်။ အဲဒီ စားပွဲပေါ်မှာတော့ အမျိုးမျိုးသော စားသောက်ဖွယ်ရာတွေ၊ အဖျော်ယမကာတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

စားပွဲပတ်ချာလည် မှာတော့ ပိန်လှီနေတဲ့ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး အရွယ်စုံဟာ စားသောက်ဖို့အတွက် အငမ်းမရ ဖြစ်နေကြတာကို တွေ့လိုက်ရတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ လက်တွေနေရာမှာ လက်ချောင်းတွေ အစား လူတရပ်လောက် နီးနီး ရှည်လျားလှတဲ့ ဇွန်းတံတွေ ပေါက်နေကြတယ်။

သူတို့တွေဟာ စားသောက်ဖွယ်ရာတွေကို ဇွန်းနဲ့ ခပ်လို့ ရပေမယ် ရှည်လျားလှတဲ့ ဇွန်းကြောင့် သူတို့ရဲ့ ပါးစပ်ကို ရောက်ရှိဖို့ မဖြစ်နိုင်တာလည်း အဖွားအိုက တွေ့လိုက်ရတယ်။ လူတွေဟာ အစားအသောက်ကို မြင်နေရပေမယ့် ငတ်မွတ်ခြင်းနဲ့သာ အဆုံးသတ် ငိုညည်းနေကြ ပြန်တယ်။ အဖွားအိုဟာ ငရဲဘုံရဲ့ ငတ်မွတ် ဆင်းရဲခြင်းကို မြင်တွေ့ပြီးတဲ့အခါ "ကောင်းကင်ဘုံကို လိုက်ပို့ပါတော့ သေမင်းတမန်နတ်သား" လို့ ပြောလိုက်တယ်။

အဲဒီလိုနဲ့ သေမင်းတမန် နတ်သားဟာ အဖွားအိုကို ခေါ်ဆောင်ပြီး ကောင်းကင်ဘုံကို လိုက်လံ ပြသပြန်တယ်။ အဖွားအိုက "ကောင်းကင်ဘုံမှာတော့ ဇွန်းလက်တံတွေ ပေါက်မနေလောက် ပါဘူးနော်" လို့ မေးမြန်းခဲ့ပြန်တယ်။

"ရောက်တဲ့အခါ ကြည့်လိုက်ပေါ့ အဘွားရယ်" လို့ သေမင်းတမန်နတ်သားက ပြန်ပြောခဲ့တယ်။ အဲဒီလိုနဲ့ အဘွားအိုဟာ ကောင်းကင်ဘုံရဲ့ စားသောက်ခန်းမထဲကို ရောက်လာခဲ့ ပြန်တယ်။

စားသောက်ခန်းထဲ မှာလည်း ငရဲပြည် တုန်းကလိုပဲ ခမ်းနားတဲ့ ညစာစားပွဲကြီး ခင်းကျင်းထား ပြန်တယ်။ သူတို့ဟာ လက်ချောင်းတွေ ရှိနေကြပေမယ့်လည်း ဇွန်းအရှည်ကြီးတွေကို ကိုင်ဆောင် ထားကြတယ်။ ဒါပေမယ့် ခြားနားတာ တခုကိုအဖွားအို တွေ့လိုက်ရပြန်တယ်။

အဲဒါကတော့ ဇွန်းလက်တံ အရှည်ကြီးတွေနဲ့ တယောက်နဲ့ တယောက် အပြန်အလှန် ခွံ့ကျွေးနေကြတာပဲ ဖြစ်တယ်။ သူတို့ဟာ စားသောက်ရင်း၊ ရယ်မောရင်း၊ သီချင်းဆိုရင်း ပျော်ရွှင်ကြည်နူး နေကြတာပဲ ဖြစ်တယ်။

အဖွားအိုဟာ အဲဒီမြင်ကွင်းကို ကြည့်ရှုပြီး "အိုး သူတို့ဟာ တယောက်နဲ့ တယောက် ကျွေးမွေးတာကို ကောင်းကောင်း လေ့လာတတ်မြောက် နေပြီပဲ၊ ကောင်းကင်ဘုံနဲ့ ငရဲဘုံရဲ့ ကွာခြားချက်က တဦးနဲ့တဦး အပြန်အလှန် ကြည့်ရှုစောင့်ရှောက်ခြင်းပဲ" လို့ ပြောခဲ့တယ်။

နောက်တနေ့ မနက်မှာတော့ အဖွားအိုဟာ ကွယ်လွန်အနိစ္စ ရောက်ခဲ့တယ်။ သူဟာ အကြင်နာတရားရဲ့ အရေးကြီးပုံကို သဘောပေါက် နားလည်သွားတာမို့ သူ့ရဲ့သွားရာလမ်းဟာ ကောင်းကင်ဘုံ ဖြစ်မှာတော့ သေချာနေခဲ့တယ်။

ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြထားတာတွေ ရှိတယ်။ ကျွန်တော်တို့ဟာ အချိန်အကန့်အသတ်နဲ့သာ ရှင်သန်ခွင့် ရကြတဲ့ လူသားတွေပဲ ဖြစ်တယ်။ အဲဒီလို အချိန်အကန့်အသတ်နဲ့ ရှင်သန်နေကြရတဲ့ ဘဝမှာပဲ ရှင်နေလျက်နဲ့ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် ရှည်လျားတဲ့ ဇွန်းလက်တံတွေ ပေါက်နေကြသူတွေပဲ ဖြစ်တယ်။ ကိုယ့်ရဲ့ အိုအင်ဆန္ဒ အလှမ်း ကျယ်လာလေလေ လောဘဇွန်းတံဟာ ရှည်လျားလေလေ ဖြစ်နေကြပြန်တယ်။

အဲဒီလို ဇွန်းတံဟာ ရှည်လျားပေမယ့် ကိုယ့်ရဲ့ အလိုပြည့်ခြင်း ခံတွင်းပေါက်ကို ဘယ်သောအခါမှ ရောက်မှာ မဟုတ်ဘူး ဆိုတာကို ပုံပြင်လေးက ပြောပြနေခဲ့တယ်။

ငရဲဘုံရဲ့ လူတွေဟာ ဇွန်းလက်တံတွေနဲ့ အချင်းချင်း ခွံ့ကျွေးရင် ရနိုင်ပါလျက် ကိုယ်စားဖို့ကိုသာ အာရုံစိုက် ကြိုးပမ်းနေကြတဲ့အတွက် ငတ်မွတ်ခြင်းနဲ့သာ အဆုံးသတ်သလို ကျွန်တော်တို့ဟာလည်းပဲ အချင်းချင်း မေတ္တာထား၊ ကိုယ်ချင်းစာတရား ရှေ့ထားပြီး ဘဝကို ဖြတ်သန်းရင် လောဘ၊ ဒေါသကင်းတဲ့ စိတ်ချမ်းသာတဲ့ ဘဝကို ရနိုင်ပါလျက်၊ ငါ့အတွက်၊ ငါ့သားမယားအတွက်၊ ငါမိသားစုအတွက်၊ ငါကောင်းစားရေး အတွက် စတဲ့ အတ္တရဲ့ ဇွန်းရှည်များနဲ့ စည်းစိမ်ချမ်းသာကို ခပ်ယူနေကြ ပြန်တယ်။

အဲဒီလို ခပ်ယူနေကြပေမယ့်လည်း လိုအင်ဆန္ဒ ပြည့်မြောက်ခြင်း ဆိုတဲ့ ခံတွင်းဝကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ဘူးလို့ဆိုတယ်။ ကိုယ့်ရဲ့ လိုအင်ဆန္ဒကြောင့်သာ၊ ကိုယ်ငတ်မွတ်နေကြတာပဲ ဖြစ်တယ်။

ကျွန်တော်တို့တွေဟာ ငါ့အတွက်တင် မဟုတ် တပါးသူအတွက် ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားမိတဲ့ အခါ ကောင်းကင်ဘုံက လူတွေလို တဦးနဲ့တဦး အပြန်အလှန် ခွံ့ကျွေးလို့ ငါရသလို ငါအဆင်ပြေသလို သူလည်း ရပါစေ ဆိုတဲ့ ကိုယ်ချင်းစာစိတ်မျိုး၊ လူမျိုး၊ ဘာသာ မခွဲခြားတဲ့ ကြင်နာသနားမှုမျိုး ထားကြမယ် ဆိုရင်တော့ ကျွန်တော်တို့ဟာ ကောင်းကင်ဘုံသားများလို့ ဆိုနိုင်မှာပဲ ဖြစ်ပါတယ်။

The purpose of human life is to serve, and to show compassion and the will to help others ဆိုတဲ့စကားလို "လူ့ဘဝရဲ့ အဓိပ္ပါယ်ဟာ အလုပ်အကျွေးပြုဖို့၊ အကြင်နာ မေတ္တာထားဖို့၊ အခြားသူတွေကို ကူညီရိုင်းပင်ဖို့ပဲ ဖြစ်တယ်" လို့ ဆိုလိုတာပဲ ဖြစ်တယ်။

တကယ်တော့ တယောက်နဲ့ တယောက်သာ အကြင်နာမေတ္တာ ထားတတ်ကြမယ်ဆို ငရဲဘုံနဲ့တူတဲ့ ဆင်းရဲငတ်မွတ်ခြင်းတွေ၊ စစ်ပွဲတွေ၊ မတရားအနိုင်ကျင့် သတ်ဖြတ်ခြင်းတွေ ပျောက်ဆုံးပြီး သာယာတဲ့ လူ့ဘောင်၊ ကောင်းကင်ဘုံနဲ့တူတဲ့ လူ့ဘောင်တခု ဖြစ်လာမှာ မုချပဲလို့ ဆိုချင်ပါတယ်။ မေတ္တာများ လွှမ်းခြုံနိုင်ကြပါစေ။ ဖြိုးသုတ

Post a Comment

0 Comments