နှလုံးသားဖြင့် အလုပ်လုပ်သူ

မစ္စတာဘားနက်က အလုပ်သမား သုံးယောက်ကို ကောက်ရိတ်ချိန် ရာသီတွင် ငှားရမ်းခဲ့သည့် လုပ်အားခ အတွက် အခကြေးငွေ ပေးရန် မေးနေသည်။

"ဂျွန် မင်းကို ငါ ဘယ်လောက် ပေးရမလဲ"

"၅၅ ဒေါ်လာပါ"

ဘားနက်က ၅၅ ဒေါ်လာ ဟု ချက်လက်မှတ်တွင် ရေးပေး လိုက်သည်။ ထို့နောက် မစ္စတာဘားနက်က နောက်ထပ် အလုပ်သမား တယောက်အား

"မိုက်ကယ် မင်းကိုရော ငါ ဘယ်လောက် ပေးရမလဲ" ဟု မေးလိုက်သည်။

"၇၅ ဒေါ်လာ ကျပါတယ် ခင်ဗျာ"

ဘားနက်က အံ့အားသင့်သလို ပြန်ကြည့်လိုက်ပြီး

"ဘာဖြစ်လို့ ပိုသွားရတာလဲ မိုက်ကယ်"

မိုက်ကယ်က "အလုပ် လုပ်မယ့် နေရာအရောက် ကားနဲ့ သွားရတာရယ်၊ အပြန်အတွက် ဓာတ်ဆီဖိုးရယ်၊ ထမင်းစရိတ်ရယ် ပေါင်းပြီး တောင်းတာပါ ခင်ဗျာ" ဟု ပြောလိုက်သည်။

"အော် အေးအေး ဟုတ်ပါပြီ" ဟု ဘားနက်က ပြောပြီး ချက်လက်မှတ်တွင် ၇၅ ဒေါ်လာ ဟု ရေးပေး လိုက်သည်။

ထို့နောက် ဘားနက်က နောက်ဆုံး အလုပ်သမားလေး ဖြစ်သည့် နာသန် ဆိုသူအား "ကိုင်း မင်းကိုရော ငါဘယ်လောက် ပေးရမလဲ" ဟုမေးလိုက်သည်။

"၃၈ ဒေါ်လာနဲ့ ဆင့် ၅၀ ပါ ခင်ဗျာ"

ဘားနက် အံ့အားသင့် သွားသည်။ ထိုလူငယ်လေး တောင်းသည့် ငွေပမာဏသည် ရှေ့ကသူ နှစ်ယောက် တောင်းသည့် ကြေးနှုန်းထက် များစွာ လျော့နည်းနေ သည်ကိုး။ ထိုလူငယ်သည်လည်း ပထမနှင့် ဒုတိယ လူငယ်နှစ်ယောက်တို့ ကဲ့သို့ပင် တချိန်တည်းနှင့် အလုပ်တမျိုးတည်း အတွက် အတူတူ ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

သူတို့ အလုပ်သို့ လာရောက် ကြရသည့် ခရီး အကွာအဝေး မှာလည်း အတူတူပင် ဖြစ်သည်။ သူဘာကြောင့် ကျန်နှစ်ယောက်ထက် လျော့တောင်းနေရသလဲ ဆိုတာကို ဘားနက်ကို ရှင်းပြခိုင်းသည်။

"နေစမ်းပါဦးကွ မင်းက ဘာကြောင့် သူတို့ထက် လျှော့တောင်းနေရတာလဲ"

"ဒီလိုပါ ခင်ဗျာ ဆရာကတော်က ကျွန်တော်တို့ကို နေ့လည်စာ ကျွေးပါတယ်။ အဲဒီအတွက် နေ့လည်စာဖိုး ကျွန်တော့်ကို ပေးစရာ မလိုပါဘူး။ နောက်ပြီး ကောက်ရိုးတွေကို အမိုးအောက် သယ်သွားချိန်မှာ ကျွန်တော်တို့ နားနေရပါတယ်။ နားချိန်အတွက်လည်း ထည့်မတွက် ထားပါဘူး။

ကျနော်က လယ်ကွင်းကို ကျွန်တော် ကားနဲ့ မလာပါဘူး။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ စကားပြောရင်း လမ်းလျှောက်လာနေကျ ဖြစ်လို့ ဆီဖိုးလည်း မကုန်ပါဘူး။ ဒါကြောင့် ကျွန်တော့် အလုပ်ချိန်နဲ့ ကျသင့်တဲ့ ငွေပမာဏကို တွက်လိုက်ရင် ၃၈ ဒေါ်လာနဲ့ ဆင့် ၅၀ ပဲ ရှိပါတယ် ခင်ဗျာ" ဟု ရှင်းပြလိုက်သည်။

ထိုအခါ ဘားနက်က ချက်ချင်းပင် ချက်လက်မှတ်မှာ ဒေါ်လာ ၁၀၀ ဟု ရေးပေးလိုက် လေသည်။ မစ္စတာဘားနက်သည် လူငယ်သုံးယောက်စလုံးကို ပြုံး၍ ကြည့်လိုက်ပြီး

"ငါ မင်းတို့ကို အလုပ်ခိုင်းဖို့ ခေါ်လာတုန်းက တန်းတူညီမျှ အလုပ်တခုတည်း အတွက် ငွေတန်ဖိုး ကိုလည်း တတန်းစားတည်း သတ်မှတ်ပြီး ခေါ်လာတာပါ။ လူတိုင်း သူနဲ့ ထိုက်တန်သလောက်၊ စေတနာ ထားရင် ထားသလောက်တော့ ပြန်ရတတ် ပါတယ်ကွာ"

ထို့နောက် ဘားနက်က အခုလို ဆက်ပြောလိုက်သည်။ "သားတို့ အလုပ်ကို နှလုံးသားနဲ့ လုပ်တဲ့လူကိုပဲ ငါက လေးစားတာကွ" Crd

Post a Comment

0 Comments