သူဌေးကြီးနှင့် အစိမ်းရောင်

တခါတုန်းက ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီး တယောက်ဟာ မျက်စိရောဂါ တခုကို အပြင်းအထန် ခံစားနေ ရပါတယ်။

သူဌေးကြီးက သူ ခံစားနေရတဲ့ ရောဂါဝေဒနာကို သက်သာ ပျောက်ကင်းစေဖို့ သမားတော် တယောက်ပြီး တယောက် ပြောင်းလဲ ကုသ ပေမဲ့လည်း သိသိသာသာ ထူးခြား ကောင်းမွန် မလာတာကြောင့် စိတ်ညစ်နေပါတယ်။

ဒီလိုနဲ့ နေလာရင်း မျက်စိရောဂါကို ကုသရာမှာ ဂုဏ်သတင်း ကျော်ဇောတဲ့ ဘုန်းကြီးတပါး အကြောင်းကို ကြားသိခဲ့တာကြောင့် သူဌေးကြီးဟာ သွားရောက် ပြသခဲ့ပါတယ်။

ဘုန်းတော်ကြီးက သူဌေးကြီးရဲ့ မျက်စိရောဂါ အခြေအနေကို သေသေချာချာ လေ့လာ သုံးသပ်ပြီးနောက် အခုလိုပဲ ပြောလိုက်ပါတယ်။

"အမြန်ဆုံး ပျောက်ကင်းသွား မှာပါ။ ဒါပေမဲ့ လောလောဆယ်တေ ာအစိမ်းရောင် ရှိတဲ့ ပတ်ဝန်းကျင် အရာဝတ္တု များနဲ့သာ နေထိုင်သင့်ပြီး အခြားအရောင်တွေကို မကြည့်မိအောင် ရှောင်ကြဉ်ရမယ်" လို့ မှာကြားခဲ့ ပါတယ်။

သူဌေးကြီးလည်း ဘုန်းတော်ကြီးရဲ့ ညွှန်ကြားချက် အတိုင်း သူရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာဝတ္တု မှန်သမျှကို အစိမ်းရောင်ခြယ်သပြီး နေထိုင်လိုက် ပါတယ်။

ရက်အနည်းငယ် ကြာပြီးနောက် သူဌေးကြီးရဲ့ အိမ်ကို ဘုန်းတော်ကြီး ကြွလာတဲ့ အခါမှာတော့ မြင်မြင်သမျှ အရာအားလုံးက အစိမ်းရောင် ခြယ်ထားတာကို တွေ့လိုက်ရ ပါတယ်။

သူဌေးကြီးက "ဘုန်းတော်ကြီးရဲ့ အကြံပေးချက် အတိုင်း အခြား အရောင်တွေကို မကြည့်ရှုဘဲ အစိမ်းရောင် တမျိုးတည်း ကိုသာ ကြည့်ရှုသင့်တယ် ဆိုလို့ မြင်မြင်သမျှ အရာအားလုံးကို အစိမ်းရောင် ခြယ်သ ထားပါတယ်။ အဆင်ပြေရဲ့လား" လို့ မေးလိုက်ပါတယ်။

အဲဒီအခါ ဘုန်းတော်ကြီးက အနည်းငယ် ပြုံးလိုက်ပြီး "သြော် သူဋ္ဌေးကြီးရယ် လွယ်တာကို ခက်အောင် လုပ်နေပါလား။ တကူးတက အပင်ပန်းခံ၊ ငွေကုန်ကြေးကျ ခံပြီး ပတ်ဝန်းကျင်မှာ ရှိတဲ့ မြင်မြင်သမျှကို အစိမ်းရောင် လိုက်ပြီး ခြယ်သ နေစရာ မလိုပါဘူး။

သင်ရဲ့ မျက်လုံးတစုံ ကိုသာ အစိမ်ရောင် မြင်ကွင်းတွေ ပေးစွမ်းနိုင်မယ့် အစိမ်းရောင် မျက်မှန်တလက်ကို ဝယ်ယူပြီး သင်ရဲ့ မြင်ကွင်း တွေကို ပြောင်းလဲပစ်လို့ ရတယ်လေ" လို့ ပြောလိုက် ပါတော့တယ်။

ဒီအကြောင်းအရာ လေးကတော့ အနည်းငယ် ဟာသလေး နှောထားပေမဲ့လည်း ပေးချင်တဲ့ အသိလေး တခုတော့ ရှိပါတယ်။ ဘာလဲ ဆိုတော့ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့ အမျှ လူပေါင်းများစွာနဲ့ ပြောဆို ဆက်ဆံတဲ့အခါ ကိုယ့်စိတ် ကိုယ်သဘောနဲ့ ကိုက်ညီတဲ့ သူများ ရှိတတ်သလို မကိုက်ညီတဲ့ သူများကိုလည်း တွေ့ရတတ် ပါတယ်။

အကြောင်း တစုံတရာကြောင့် စိတ်သဘောထားချင်း မတိုက်ဆိုင် ကြတဲ့အခါ ပြဿနာတွေ တက်ကြရ ပါတယ်။ အကောင်းဆုံးဖြေရှင်းနည်း ကတော့ ကိုယ်နဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့ သူတွေကို တွေ့ဆုံတဲ့အခါ သူတို့ကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ သင်သာ အရမ်း ပင်ပန်းသွား ပါလိမ့်မယ်။

သူတို့နဲ့ ပေါင်းသင်း ဆက်ဆံရမယ့် ကိုယ့်ရဲ့ စိတ်ကိုသာ လိုက်လျော ညီထွေ ပြောင်းလဲ ဆက်ဆံခြင်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ရိုးရာလေး

Post a Comment

0 Comments