ကိုယ်ချင်းစာပေးပါ

အသက် ၈၀ အရွယ် အဘိုးအို တဦးဟာ အိမ်ထဲက ဆိုဖာမှာ အသက် ၄၅ နှစ် အရွယ် ပညာတတ် သားဖြစ်သူနဲ့ ထိုင်နေတုန်းမှာ ရုတ်တရက် ပြတင်းပေါက်မှာ ကျီးကန်းတကောင် လာနားပါတယ်။ ဖခင်ဖြစ်သူက သားကို မေးတယ်။

"အဲဒါ ဘာကောင်လဲ သား"

"အဲဒါ ကျီးကန်းပါ အဖေ" လို့ သားက ဖြေတယ်။ မိနစ်အနည်းငယ် ကြာတော့ ဖခင်ဖြစ်သူက သားကို ဒုတိယအကြိမ် ထပ်မေးပါတယ်။ "အဲဒါ ဘာကောင်လဲ သား" သားက ဖြေတယ် "အခုလေးပဲ ပြောပြီးပြီလေ အဲဒါကျီးကန်း"

ခဏအကြာမှာ ဖခင်ဟာ သားကို တတိယအကြိမ် ထပ်မေးလိုက်ပါတယ်။ "သား အဲဒါ ဘာကောင်လဲ" ဒီတကြိမ် မှာတော့ သားဖြစ်ရဲ့ လေသံထဲမှာ စိတ်ဆိုးသံ ပါလာပြီး ဖခင်ဖြစ်သူကို မညှာမတာ ပြန်ပြောလိုက်ပါတယ်။

"အဲဒါ ကျီးကန်း ကျီးကန်း"

ခဏလောက် အကြာမှာ ဖခင်ဟာ သားကို "အဲဒါ ဘာကောင်လဲ သား" လို့ လေးကြိမ်မြောက် ထပ်မေးလိုက်ပါတယ်။ ဒီအကြိမ်မှာတော့ သားဟာ ဖခင်ကို အော်ဟစ် ပြောဆိုပါတော့တယ်။

"အဖေ ဘာကြောင့် ဒီမေးခွန်းကို ထပ်တလဲလဲ မေးနေရတာလဲ။ ကျွန်တော် အကြိမ် မရေတွက် နိုင်အောင် ပြောပြီးပြီလေ။ အဲဒါ ကျီးကန်း သိလား။ ခင်ဗျား ဒါလေးမှ နားမလည်နိုင် ဘူးလား"

ခဏကြာပြီး နောက်မှာတော့ ဖခင်ဖြစ်သူဟာ သူ့အခန်းထဲကို ဝင်သွားပြီး ဟောင်းနွမ်း စုတ်ပြတ်နေတဲ့ ဒိုင်ယာရီ စာအုပ်လေးနဲ့ပြန်ထွက်လာ ပါတယ်။ အဲဒီ စာအုပ်လေးဟာ သူ့သား မွေးကတည်းက ထိန်းသိမ်းလာခဲ့တဲ့ စာအုပ်ပါ။

စာမျက်နှာ တရွက်ကို ဖွင့်ပြီး သူ့ရဲ့သားကို ဖတ်ကြည့်ဖို့ ပြောပါတယ်။ သားဖြစ်သူက ဖတ်တဲ့အခါမှာ အောက်ပါစာလုံး တွေကို တွေ့လိုက် ရပါတယ်။

ဒီကနေ့ ကျွန်တော့် သားလေးနဲ့ ကျွန်တော် ဆိုဖာပေါ်မှာ ထိုင်နေတုန်း ပြတင်းပေါက်မှာ ကျီးကန်းတကောင် လာနားတယ်။ ကျွန်တော့် သားက အဲဒါ ဘာကောင်လဲ ဆိုတာကို ၂၃ ကြိမ် မေးပါတယ်။ ကျွန်တော် ၂၃ ကြိမ် လုံးလုံး ဖြေပါတယ်။ အဲဒါ ကျီးကန်းဆိုတဲ့ ငှက်ပါ ဆိုတာကို။

မေးခွန်း တခုတည်း ကိုပဲ ထပ်ခါ ထပ်ခါ သားက မေးလိုက်တဲ့ အချိန်တိုင်းမှာ ကျွန်တော် သူ့ကို ကြင်ကြင်နာနာ ပွေ့ဖက် ထားခဲ့ပါတယ်။ ကျွန်တော်လုံးဝကို စိတ်ဆိုးမှု မဖြစ်တဲ့ အပြင် ရိုးသားတဲ့ ကျွန်တော့်သားလေး အတွက် ဂရုဏာ သက်မိပါတယ်။

ကလေး ဖြစ်သူက ၂၃ ကြိမ် တိုင်တိုင် "အဲဒါ ဘာကောင်လဲ" လို့ မေးခဲ့စဉ်က ဖခင်ဖြစ်သူဟာ စိတ်မဆိုးဘဲ ၂၃ ကြိမ်တိုင်တိုင် ဖြေပေးခဲ့ တာမှာ ဒီနေ့အချိန်မှာ ဖခင်ဖြစ်သူက သားကို ဒီမေးခွန်းကိုပဲ လေးကြိမ် မေးရုံနဲ့ စိတ်ဆိုး ဒေါသ ထွက်ပါသတဲ့။

ဒါကြောင့်မို့ သင့်မိဘတွေဟာ အရွယ်ရလာပြီ ဆိုရင် သူတို့ကို ဝန်ထုပ်ဝန်ပိုး သဖွယ် သဘောထားပြီး မနှစ်မြို့ စရာလို့ ကြည့်မြင်မယူဆ လိုက်ပါနဲ့။ သူတို့ကို ကျက်သရေရှိတဲ့ စကားလေးတွေ ပြောပေးပါ။ အေးအေးဆေးဆေး ပြောပါ။ သူတို့ကို ရိုရိုသေသေ နှိမ့်နှိမ့်ချချနဲ့ ကြင်ကြင်နာနာ ပြောဆိုဆက်ဆံ ပေးပါ။

သူတို့တွေဟာ အတ္တကင်းတဲ့ ချစ်ခြင်းမေတ္တာ တွေနဲ့ ကျွန်တော်တို့ အပေါ်ကို သွန်းလောင်းခဲ့သူ တွေပါ။ ဒီကနေ့ ကျွန်တော်တို့တွေကို လူ့အသိုင်းအဝိုင်းမှာ ရပ်တည်နိုင်အောင် လုပ်ပေးဖို့ သူတို့ဟာ မုန်တိုင်းမမြင် အပူဒဏ်မမြင်နဲ့ တောင်တွေကို ကျော်ပြီး ချောက်ကမ်းပါးတွေကို ဖြတ်လာခဲ့ကြရ သူတွေပါ။ Crd

Post a Comment

0 Comments