မတူမတန်ရင် လွှတ်ထားလိုက်ပါ

တခါတုန်းက အလွန်ဆင်းရဲတဲ့ သူဖုန်းစား လင်မယားနှစ်ယောက် ရှိတယ်။ တနေ့ သူဖုန်းစားမ ကိုယ်ဝန်ရတော့ ဘုရင့်ပွဲတော်အုပ်မှ စားချင်တယ် လို့ ချဉ်ချင်းတက်တယ်။ အဲ့တော့ သူ့ယောက်ျား သူဖုန်းစားကို ပူဆာတယ်။

"မောင်တော် ဘုရင့်ပွဲတော်အုပ် စားချင်တယ်" လို့ နှမတော် ချဉ်ချင်းတက်တယ်။ ဘုရင့်ပွဲတော်အုပ်မှ မစားရရင် နှမတော် သေရ ပါလိမ့်မယ်။ မောင်တော် ရအောင်ယူပေးပါ"

"သြော် နှမတော်ရယ် သူဖုန်းစားနဲ့ ဘုရင့်ပွဲတော်အုပ် မတန်မရာ တခြားဟာဆို တော်သေး။ တို့က သူတောင်းစား ဘုရင့်ပွဲတော်အုပ် မတန်မရာ ဘယ်လို ယူလို့ရမလဲ" "မောင်တော် နှမတော်ကို ချစ်ရင် ယူပေးရမယ် မဟုတ်လို့ ကတော့ နှမတော် ဒေါသကို သိတယ်နော်"

အဲ့ဒီတော့ သူဖုန်းစားက စဉ်းစားတယ်။ နန်းတော်ထဲ ဝင်ခိုးလို့ မလွယ်ဘူး၊ မိရင် ငါသေမှာ။ အဲ့ဒီတော့ ရဟန်းအသွင် ဆောင်ပြီး ဆွမ်းခံကြွရင် အဆင်ပြေမယ် ဆိုပြီးတော့ ခေါင်းတုံး၊ သင်္ကန်းပတ်၊ သပိတ်လွယ်ပြီး နန်းတော်ရှေ့ကိုကြွ။ သူတောင်းစားဆိုတော့ ဟန်ဆောင် ကောင်းတယ်။

နန်းတော်ရှေ့မှာ ဣန္ဒြေ အပြည့်နဲ့ ရပ်နေတာ ဘုရင်က တွေ့တော့ ပညာရှိဘုရင်ပဲ သိတာပေါ့။ ဘုရင်က "ငါ ဒီရဟန်းအတုကို မောင်းထုတ်လိုက်ရင် ဒီဘုရင် ရဟန်းကို မရိုမသေ လုပ်တယ် ဆိုပြီး အများပြည်သူ တွေက ငါ့ကို ကဲ့ရဲ့ ရှုတ်ချကြမယ်"

ဒီတော့ ဘုရင်က အမတ်ကို ပြောတယ်။ "ဒီရဟန်း ထူးခြားတယ် ခေါင်းကလည်း ခုမှ ရိပ်ထားသကဲ့သို့ စိမ်းလို့ ဣန္ဒြေ အပြည့်နဲ့။ အမတ်တယောက်ကို လွှတ်ပြီး ဘာအလိုရှိလဲ လျှောက်လိုက်စမ်း" ဆိုပြီး ခိုင်းတယ်။

အမတ်က ရဟန်းတုကို မေးပြီး ဘုရင်ကို ပြန်လျှောက်တင်တယ်။ "ဘုရင့်ပွဲတော်အုပ် အလှူ ခံချင်တယ်တဲ့ ဘုရား" ပေါ့။ ဘုရင်က "ဒါဆို ယူပြီး ကပ်လိုက်စမ်း" ပြီးတော့ ဘုရင်က အမတ်ကို ပြောတယ်။ "ဒီရဟန်း ထူးခြားတယ်၊ အနောက်ကနေ မသိမသာ လိုက်ချောင်းစမ်း၊ ဘာလဲ သိရအောင်" ´ပေါ့။

အဲဒါနဲ့ အမတ်က အနောက်ကနေလိုက်၊ မြို့ပြင် ဇရပ်နား ရောက်တော့ သူတောင်းစားက သင်္ကန်းကို ချွတ်လိုက်တော့ အောက်က လူဝတ်ကိုလည်း မြင်ကော "ဒီကောင် သူဖုန်းစားပဲ" ဆိုတာ သိလိုက်တယ်။ အမတ်ကလည်း ပညာရှိအမတ် ဆိုတော့ စဉ်းစားတယ်။

"ငါ ဘုရင့်ကို အမှန်အတိုင်း ပြန်လျှောက်ရင် ဘုရင်က ဒီ သူတောင်းစားကို သတ်လိမ့်မယ်။ ဒီ သူတောင်းစား အဆင့်လောက်နဲ့ ငါ့ဘုရင် အကုသိုလ် ဖြစ်ရတာ မတန်ပါဘူး" လို့ စဉ်းစားပြီး နန်းတော်ကို ပြန်တယ်။ နန်းတော် ပြန်ရောက်တော့ ဘုရင်က မေးတယ်။

"ဟိုရဟန်း အခြေနေ ဘာထူးလဲ အမတ်" လို့ မေးတော့ အမတ်က "မှန်လှပါ အရှင်ဘုရားရဲ့ ဘုန်းတော်ကြောင့် မြို့ပြင်ဇရပ် တနေရာမှာ ကြည့်ရင်း ကြည့်ရင်းနဲ့ ရဟန်းအသွင် ပျောက်သွားပါတယ် ဘုရား" လို့ လျောက်တင်တော့ အရေးတယူ လုပ်ရမည့် ကိစ္စ မဟုတ်တော့ ဘုရင်ကလည်း သိလျက်နဲ့ ပြုံးတော်ပဲ မူလိုက်တယ်။

မတန်လို့ ဒီအတိုင်း လွှတ်ထားတာကို မသိဘူး လို့တော့ မထင်ပါနဲ့။ တချို့ကိစ္စတွေက ကိုယ်မှန်ပေမယ့် အရေးတယူ လုပ်ဖို့ မတန်တာတွေ အများကြီးပါ။ phoomyatchal

Post a Comment

0 Comments