အကောင်းမြင်ကြည့်ပါ

ရှေးရှေးတုန်းကပေါ့။ မျက်လုံးတဖက် ကန်းပြီး ခြေတချောင်း မရှိတဲ့ သူဌေးကြီး တစ်ယောက် ရှိသတဲ့။

တနေ့မှာ သူဌေးကြီးဟာ အတော်ဆုံး ပန်းချီဆရာတွေကို ခေါ်ပြီး သူ့ရဲ့ ပုံတူ ပန်းချီကားကို အလှဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် ရေးဆွဲဖို့ ပြောသတဲ့။

ပန်းချီဆရာတွေလည်း မျက်စိက တဖက်လပ်၊ ခြေတချောင်း မရှိတဲ့ ပုံတူကို အလှဆုံး ဖြစ်အောင် ရွေးဆွဲဖို့ ဆိုတော့ လက်တွန့် နှုတ်ဆိတ် နေကြတာပေါ့။

အဲဒီမှာပဲ ပန်းချီဆရာ တယောက်ဟာ သူဌေးကြီးရဲ့ ပုံတူ ပန်းချီကားကို အလှဆုံး၊ အကောင်းဆုံး ဖြစ်အောင် ရွေးဆွဲဖို့ ကတိပြုလိုက် ပါသတဲ့။

ပြီးတော့ ပန်းချီဆရာဟာ ပုံတူပန်းချီကားကို စတင် ရေးဆွဲ ပါတော့တယ်။ ပန်းချီကားကို ရေးဆွဲပြီးတဲ့ အခါမှာတော့ မြင်ရသူ အားလုံးက တအံ့တသြနဲ့ ငေးမောချီးကျူး ကြပါသတဲ့။

တကယ်ကို သူဌေးကြီးရဲ့ ပုံတူက အလှဆုံးနဲ့ အကောင်းဆုံး ပန်းချီကားပဲလို့ မှတ်ချက် ပြုလိုက် ကြသတဲ့။

ပန်းချီကားထဲမှာ သူဌေးကြီးဟာ မျက်လုံးတဖက်ကို ပိတ်ထားပြီး မြင်းကို ခွစီးကာ သားကောင်ကို လေးမြား တို့ဖြင့် ချိန်ရွယ်လို့ အမဲလိုက်နေတဲ့ ပုံပဲ ဖြစ်ပါတယ်။

ဒီပုံပြင်ကို ဖတ်ပြီး တွေးကြည့်မိ ပါတယ်။ ပန်းချီဆရာချင်း တူပါလျက် တခြား ပန်းချီဆရာတွေ ကရော သူ့လို ဘာကြောင့်များ မတွေးမိ ပါလိမ့်။

အတတ်ပညာချင်း တူလျှင် အသိပညာချင်း ကွာခြား ပါလိမ့်မယ်။ အသိပညာချင်း တူလျှင် အလှကို ခံစားတတ်တဲ့ နှလုံးသားချင်း ကွာခြား ပါလိမ့်မယ်။

တခြားသူတွေရဲ့ အားနည်းချက်ကို မြင်ဖို့က လွယ်ကူပြီး၊ အကောင်းမြင်စိတ်လေး မွေးတတ်ဖို့က ခက်ခဲနေကြလို့ပဲ ဖြစ်ပါတယ်။ phoo

Post a Comment

0 Comments