‌အနာဂတ်မှာ သားတွေကို ယောက်ျားကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့ ပျိုးထောင်ပေးနိုင်မယ့်နည်းလမ်း (၇) ခု

ယောကျ်ားလေးတစ်ယောက်ကို ထိန်းကျောင်းရတာ မလွယ်ဘူးလို့ အချို့တွေက ဆိုတတ်ကြပါတယ်။ ရွယ်တူအသိုင်းအဝိုင်း၊ ဆွေမျိုး၊ ကျောင်းပတ်ဝန်းကျင်၊ မီဒီယာ အစရှိတဲ့လွှမ်းမိုးမှုတွေကနေ ယောကျ်ားလေးတွေက ကောင်းရာကနေ ဆိုးရာကို ပြောင်းလဲတတ်သလို ဆိုးရာကနေလည်း ကောင်းရာကို ပြောင်းလဲသွားတတ်ပါတယ်။

အဲဒါကြောင့် သားတွေကို အသက်ကြီးလာတဲ့အခါ ယောကျ်ားကောင်းတစ်ယောက်ဖြစ်လာစေဖို့ ပဲ့ပြင်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ စံပြမိဘအဖြစ်နေထိုင်ပါ။

မိဘတွေက အလုပ်အမြဲတမ်းလုပ်နေရင် သားသမီးတွေကို ထိန်းကျောင်းရတာ ပိုလွယ်ကူတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ မိဘက စံပြဖြစ်အောင် အလုပ်တွေ ကြိုးစားပြတဲ့အခါ သားတွေကလည်း နောက်ကနေ အတုယူမှာပါ။

အသက်ကြီးလာတဲ့အခါမှာလည်း အိမ်က မိသားစုဝင်တွေကို ဘယ်လိုစောင့်ရှောက်ရမလဲ၊ ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကို နားလည်သွားပါလိမ့်မယ်။

၂။ ခံစားချက်တွေကို နားထောင်ပေးပါ။

ယောကျ်ားလေးတွေက သူတို့ရဲ့ခံစားချက်ကို ထုတ်မပြသင့်ဘူးလို့ အချို့မိဘတွေက ဆုံးမတတ်ကြပါတယ်။ ဒါပေမယ့် ခံစားချက်တွေကို ဖုံးကွယ်ထားပါများတဲ့အခါမှာတော့ စိတ်ဓာတ်ကျတဲ့ရောဂါရလာပြီး ဆုံးဖြတ်ချက်တွေ ချရာမှာလည်း မဝံ့မရဲဖြစ်နေမှာပါ။ အဲဒါကြောင့် သင့်ရဲ့သားတွေကို လေ့လာပြီး သူတို့ရဲ့ခံစားချက်တွေကို နားထောင်ပေးသင့်ပါတယ်။

၃။ အိမ်မှုကိစ္စတွေကို လုပ်ကူခိုင်းပါ။

အိမ်မှုကိစ္စတွေကို လုပ်တဲ့အခါမှာ ယောက်ျားလေး၊ မိန်းကလေးမခွဲဘဲ နိုင်ရာကို လုပ်ကူခိုင်းသင့်ပါတယ်။ အဲဒါကြောင့် အိမ်မှုကိစ္စတွေကို ဘယ်လိုပြုလုပ်ရကြောင်းကို ငယ်ငယ်ကတည်းက ဖြည်းဖြည်းချင်း သင်ကြားပေးပါ။ အိမ်မှုကိစ္စလုပ်တာက ကိုယ့်ကိုယ်ကိုယ် တာဝန်ယူခြင်းဖြစ်သလို အရွယ်ရောက်တဲ့အခါမှာလည်း အများကြီးအထောက်အကူဖြစ်စေတဲ့အရာပါ။

၄။ စည်းနဲ့ လေးစားမှုတွေအကြောင်း သင်ကြားပေးပါ။

ခန္ဓာဗေဒအကြောင်းကို သားတွေကို ငယ်စဉ်ကတည်းက သင်ကြားပေးဖို့ လိုအပ်ပါတယ်။ အခြားမိန်းကလေးတွေကို မထိသင့်တဲ့အစိတ်အပိုင်းတွေ၊ မိမိရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းကို လာထိရင် ဘယ်လိုတုံ့ပြန်သင့်တဲ့အကြောင်းတွေကို ပြောပြထားပေးပါ။

ဒါ့အပြင် အခြားသူတွေရဲ့ခန္ဓာကိုယ်ကို မကောင်းတဲ့မှတ်ချက်တွေ၊ ဟာသတွေနဲ့ မလှောင်ပြောင်သင့်ကြောင်းကိုလည်း သင်ကြားထားပေးသင့်ပါတယ်။

၅။ ကြမ်းတမ်းတဲ့ အမူအရာများအကြောင်း

ဒေါသအလျောက်ပြုမူတတ်တဲ့ အမူအရာတွေကြောင့် မဖြစ်သင့်ဘဲ ဖြစ်သွားတဲ့အမှားတွေက ပြင်ပလောကမှာအများကြီးပါပဲ။ စိတ်ကြမ်းကိုယ်ကြမ်းရှိတဲ့ဗီဇကို ငယ်ငယ်ကတည်းက ဖျောက်ပေးသင့်ပါတယ်။

အဲဒါကြောင့် ဒေါသထွက်လာတဲ့အခါမှာ စိတ်ခံစားချက်ကို ဘယ်လိုထိန်းချုပ်သင့်ကြောင်း၊ ရှောင်ကြဉ်သင့်တဲ့ ကြမ်းတမ်းရိုင်းပျတဲ့အမူအရာတွေအကြောင်းကိုလည်း ပြောပြထားသင့်ပါတယ်။

၆။ သန့်သန့်ရှင်းရှင်းနေတတ်တဲ့ အလေ့အကျင့်

ယောက်ျားလေးတွေကို ငယ်ငယ်ကတည်းက သန့်သန့်ရှင်းရှင်းနေထိုင်တတ်တဲ့အကျင့်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်းတွေကို သင်ကြားပေးပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးက ကျန်းမာရေးအတွက်လည်း လိုအပ်ပြီး ဘဝမှာ မဖြစ်မနေသင်ယူသင့်တဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။

အဲဒါကြောင့် အင်္ကျီကို မီးပူတိုက်ပုံအကြောင်း၊ အခန်းသန့်ရှင်းရေးလုပ်ပုံအကြောင်း၊ အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ထားသင့်ပုံ စတဲ့အကြောင်းအရာတွေကိုလည်း လေ့ကျင့်ပေးပါ။

၇။ အခြားသူတွေရဲ့ရွေးချယ်ပိုင်ခွင့်အပေါ် လေးစားမှုထားတတ်ဖို့ သင်ကြားပေးပါ။

သင့်ရဲ့သားက ရည်းစားထားတတ်တဲ့အရွယ်ကို မလွဲမသွေရောက်လာမှာပါ။ အဲဒီအခါမှာတော့ အဖေတွေက သားတွေကို အမျိုးသမီးတွေအပေါ် လေးစားမှုထားသင့်ကြောင်း၊ ပြန်မကြိုက်တဲ့အခါမှာလည်း မစားတဲ့အမဲကို သဲနဲ့ပက်တဲ့အပြုအမူတွေ မလုပ်သင့်ကြောင်း၊ အမျိုးသမီးတွေကို မကျေနပ်တဲ့အခါမှာ အရှက်မခွဲသင့်ကြောင်း၊ သူတစ်ပါးရဲ့ရွေးချယ်ပိုင်ခွင့်နဲ့ ရွေးချယ်လိုက်တဲ့အရာကို လေးစားမှုထားသင့်ကြောင်း လမ်းညွှန်ပြောဆိုသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments